ကျွန်တော် တကိုယ့် နှစ်စိတ် နှင့် သူလျို(56)

by Hla Soewai - Oct 27 2025

နောက်တနေ့ ည ခုနှစ်နာရီ ခွဲခန့် တွင် ကျွန်တော်တို့ နှစ်ဦးလည်း ကားကို ဓါတ်ဆီဆိုင် အနီးရှိ လမ်းတွင် ထိုးရပ်လိုက်သည်။ UCLA တံဆိပ်ပါ တီရှပ် နှင့် ကက်ဦးထုတ်များ ‌ကိုယ်စီ နှင့် ဖြစ်သည်။ အကယ်၍ ကျွန်တော်တို့ကို သတိထားမိသူ ရှိကလည်း တက္ကသိုလ် ကျောင်းသားများဟုသာ ထင်ကြပေလိမ့်မည်။

 

ကားကိုလည်း ခိုးထားသော လိုင်စင် ပလိပ်ပြားများ ကပ်ထားပြီး ဖြစ်သည်။ တရားဝင် ပလိပ်ပြားကတော့ ကားရှေ့ခန်းရှိ ပစ္စည်းပစ္စယာများ ထည့်သည့် အံ့ဆွဲထဲ ထည့်ထားသည်။ အာရုံ လွှဲနိုင်သမျှ လွှဲလို့ရလျင် ကျွန်တော် တို့ လုပ်ရမည့် အလုပ် အတွက် အဆင်ပြေသည်၊ သို့သော် အရေးကြီးဆုံးက ကိုယ့်ဖက်က မထိန်းချုပ်နိုင် ဖြစ်လာမည့် အာရုံ လွှဲဖယ်ခြင်းမျိုး တော့ မလိုလား။ ဖြစ်လာနိုင်သည်ကိုတော့ ကြိုတင် တွက်ဆထားရပေမည်။

 

ကားမှန်ကို ချလိုက်စဉ် အဝေးတနေရာမှ မီးရှူးမီးပန်း ဖောက်သံများ ကြားရသည်။ အချို့ကလည်း လက်နက်ငယ်များဖြင့် ပစ်ဖောက်ကာ လွတ်လပ်ရေး နေ့ ဂုဏ်ပြု နေကြသည်များကိုလည်း ကြားရသည်။ အနီးအနား ရပ်ကွက်ထဲရှိ တရားမဝင် ဖောက်ခွဲနေသည့် မီးရှူးမီးပန်း အသေးစား လေးများ၏ ပေါက်ကွဲသံက ပို၍ ကျယ်လောင်နေသည်။ လူများက ချယ်ရီဗုံးကဲ့သို့ မီးပန်းများ ထွန်းညှိနေကြပြီး တခါတရံ တွင် တရုတ် မီးပန်း ကြိုးခွေများ အတွဲလိုက် ခိုးကြောင်ခိုးဝှက် ပစ်လွှတ်နေ၍ ကောင်းကင်ယံ တွင် ခပ်နိမ့်နိမ့် ထိုးထွက်လာသည်ကို ‌တွေ့နေရသည်။

 

ဗိုလ်မှုးအလာကို စောင့်နေခိုက် ဘွန် ကြည့်ရသည်မှာ စိတ်လှုပ်ရှားနေပုံရသည်။ မေးရိုးကို တင်းတင်းစေ့ထားပြီး ပုခုံးက အတန်ငယ် ငိုက်ကျနေသည်။ ကျွန်တော်က ရေဒီယို ဖွင့်မည် ကိုပင် အဖွင့်မခံ။ ကျွန်တော်တို့လည်း စကား မပြောဖြစ်ကြဘဲ ဓါတ်ဆီဆိုင်ဖက်ကိုသာ လှမ်းကြည့်နေကြသည်။ ကားနှစ်စီး ဝင်လာပြီး ဓါတ်ဆီဖြည့်ကာ ပြန်ထွက်သွားသည်။

 

တခါက စားဒက် ဖက်တွင် ရှေ့မှ ဦးဆောင်သွားနေသူက Bouncing Betty မိုင်းကို နင်းမိသွားသည်၊ မိုင်းသည် ပေါ့ ဆိုသည့် အသံလေး နှင့် အတူ မြေပြင်ပေါ် ခုန်တက်သွားပြီး ပေါက်ကွဲသံကြီး ထွက်လာသည်။ ကျွန်တော်က သူ့နောက် နှစ်ယောက်မြောက် တွင် ရှိနေသည်သော်လည်း ထိခိုက်ဒဏ်ရာရခြင်း မရှိခဲ့၊ မိုင်းထိ ခံရသူ၏ ယောက်ျား အင်္ဂါ လွင့်ထွက်သွားသော်လည်း အသက်မသေခဲ့။

 

ကျွန်တော် အဖို့ကတော့ ခေါင်းတရမ်းရမ်း ဖြင့် စိတ်မကောင်းခြင်းကြီးစွာ ဗလုံးဗထွေး ရေရွတ်နေရသည်က လွဲ၍ အခြား ဘာမှ မတတ်နိုင်၊ လိင်အင်္ဂါ ပြတ်သွားသည်က စကားအရာနှင့်ပင် ထုတ်ပြောပြလို့ ရသည့် အကြောင်းမျိုး မဟုတ်။

 

နောက်ထပ် ကားနှစ်စီး ဆီဖြည့်နေသည်ကို စောင့်ကြည့် နေခဲ့သည်။ အမူးသမား ဗိုလ်မှုး အတွက် ကျွန်တော် လုပ်ပေးနိုင်သည်က တခုခု မခံစားသွားရအောင်သာ ဖြစ်သည်။ အသတ်ခံရမည့် အရေးကိုလည်း သိမသွားစေရ။

 

ည ရှစ်နာရီတွင် အမူးသမား ဗိုလ်မှုးသည် ဓါတ်ဆီဆိုင်မှ ထွက်လာသည်။ လမ်းထောင့်ကို ချိုးကွေ့သွားသည် အထိ စောင့်ကြည့်နေခဲ့ပြီးမှ ကားစက်ကို နှိုးလိုက်သည်။ သူ့ကို ဖြတ်မောင်းသွားသလို မဖြစ်ရအောင် သူ့ အိမ်ရှိရာသို့ အခြားလမ်းမှ မောင်းလာခဲ့သည်။ စတုတ္ထမြောက် ကားရပ်နား နေရာက လွတ်နေ၍ ကားကို ထိုးရပ်လိုက်သည်။ လက်က နာရီကို တချက်ကြည့်လိုက်သည်။ ဗိုလ်မှုး အိမ်ရောက်ဖို့ ရှစ်မိနစ် လိုသေးသည်။

 

ဘွန် က ကား အံထဲ ရှိ သေနတ်ကို ထုတ်ယူလိုက်သည်။ နောက်တကြိမ် ကျည်များကို စစ်ဆေးရန် ဆုံလည်ကို တချက် လှည့်လိုက်သည်။ ထို့နောက် ဆုံလည် ကို နေသားတကျ ပြန်ထားပြီး သူ့ပေါင်ပေါ်ရှိ ကတ္တီပါစ ဖုံးထားသော ခေါင်းအုံးပေါ် တင်ထားလိုက်သည်။ ကျွန်တော်က သေနတ် နှင့် ခေါင်းအုံးကို ကြည့်လိုက်ပြီး ခေါင်းအုံးထဲက အစ တွေ ပွင့်ထွက် သွားရင် ရဲများက ဘာတွေများပါလိမ့် ဟု တွေးလာကြမလားပဲ ဟု ပြောလိုက်သည်။

 

ဘွန်ကတော့ ပုခုံးသာ တွန့်ပြရင်း ခေါင်းအုံးမသုံးရင် အသံ ထွက်လိမ့်မယ်။

 

လမ်း တ‌ဖက်တွင် တစုံတယောက်က တရုတ်မီးပန်း အတွဲကြီးကို ပစ်လွှတ်လိုက်ပြန်သည်။ ငယ်ဘဝ က နှစ်သစ်ကူး ရက်များတွင် ထိုကဲ့သို့သော မီးပန်းမျိုး တွေ့ရလျင် ကျွန်တော် အလွန် သဘော ကျခဲ့သည်။ အမေက အမြီးအရှည်ကြီးနှင့် မီးပန်းကို ထွန်းပေးတတ်သည်။ အိမ်နှင့် ကပ်နေသော ခြံထဲတွင် ကျွန်တော် နှင့် အမေသည် နားကို ပိတ်ပြီး အသံကုန် အော်ခဲ့ကြသည်။ မီးပန်းက မြွေပွေးတကောင်လို ခုန်တက်သွားပြီး အမြီးကနေ ခေါင်းအထိ မီးများ တရဲရဲ တောက်လောင်သွားခဲ့သည်။ ခေါင်းကနေ အမြီးအထိလည်း ဖြစ်နိုင်သည်။

 

မီးပန်း သံများ တိတ်သွားသည့် အခါ တချက်ပဲ ပစ်နော် ဟု ပြောလိုက်သည်။ ယခုလို ဆူညံနေသည့် အချိန်တွင် ဘယ်သူကမှလည်း ထွက်ကြည့်မည် မဟုတ်။ ဘွန်က သူ့နာရီ ကို ကြည့်လိုက်ပြီး ကောင်းပြီလေ ဟု ပြောသည်။

 

ဘွန်က ခွဲစိတ်ခန်းသုံး ရာဘာလက်အိပ်ကို စွပ်လိုက်ရင်း စီးလာသည့် ဝေါ့ကင်းရှူးကိုလည်း ကန်ချွတ်လိုက်သည်။ ကျွန်တော်လည်း ကားတံခါးကို ဖွင့်ပြီး အပြင်သို့ ထွက်လိုက်သည်။ တံခါးကို ဖြည်းညှင်းစွာ ပြန်ပိတ်ရင်း ကားဂိုဒေါင်၏ တဖက်တွင် နေရာယူလိုက်သည်။ ကျွန်တော် နေရာကား တိုက်ခန်းများမှ စာတိုက်ပုံးရှိရာ သွားသည့် လူသွားလမ်းလေး နှင့် ကပ်နေသည်။ ထိုလမ်းလေးက စာတိုက်ပုံးကို ဖြတ်ပြီး မြေညီထပ်ရှိ တိုက်ခန်းနှစ်ခန်း ရှိရာသို့ ဦးတည်နေသည်။ ပထမ တိုက်ခန်း၏ ဝင်ပေါက်မှ ဆယ်ပေ အကွာ တွင် ရှိသည်။ ဒေါင့်မှနေ၍ ခေါင်းကို အသာပြူ ကြည့်လိုက်သည်။ တိုက်ခန်းထဲရှိ အလင်းရောင်ကို ပိတ်ထား‌ သော ပြတင်းပေါက် ၏ လိုက်ကာများကို ဖြတ်၍ မြင်နေရသည်။ ခပ်မြင့်မြင့် သစ်သား ခြံစည်းရိုးက လမ်း၏ တဖက်တွင် ရှိနေသည်။ ထိုခြံစည်းရိုး၏ အထက်တွင် တပုံစံတည်း ဆောက်လုပ်ထားသော အပေါ်ထပ် တိုက်ခန်းများ၏ နံရံကို မြင်နေရသည်။

 

ပြတင်းပေါက်များ၏ တဝက်ကျော်ကျော်သည် ရေချိုး ခန်းများမှ ဖြစ်သည်။ ကျန်တဝက်ကတော့ အိပ်ခန်း ပြတင်းပေါက်များ ဖြစ်သည်။ ဒုတိယထပ်ရှိ ပြတင်းပေါက်မှ ဆိုက တိုက်ခန်းများ ဖက်သို့ သွားနေသော လမ်းကို လှမ်းမြင်နေရသည်။ သို့သော် ကားဂိုဒေါင်ဖက်ခြမ်းကိုတော့ မမြင်နိုင်။

 

ဘွန်သည် ခြေအိပ်စွပ်ထားသော ခြေအစုံဖြင့် လမ်းနှင့် အနီးဆုံး ကားနှစ်စီးကြားတွင် နေရာယူလိုက်သည်။ ထို့နောက် ဒူးကို ထောက်ပြီး ခေါင်းကို ကားပြတင်းပေါက် အောက်တွင် ငုံ့ထားလိုက်သည်။ ကျွန်တော် နာရီ ကို ကြည့်လိုက်တော့ ၈:၀၇ ရောက်နေပြီ၊ ကျွန်တော်တွင် ပြုံးရွှင်သော မျက်နှာ နှင့် Thank you! ဟု ရေးထားသော ပလပ်စတစ် အိပ်တလုံး ပါသည်။ အိပ်ထဲတွင် မီးပန်းများ နှင့် လိမ္မော်သီးများ ထည့်ထားသည်။

 

ငါ့သား မင်း လုပ်တော့မှာ သေခြာလား ဟု အမေ မေးသံ ကို ကြားလာရသည်။ အရမ်းကို နောက်ကျသွားပြီအမေ၊ ကျွန်တော်လည်း အခြား မကြံတတ်တော့ လုပ်ရတော့မယ်ဗျာ။