ကျွန်တော် တကိုယ့် နှစ်စိတ် နှင့် သူလျို(79)

by Hla Soewai - Apr 19 2026

ဗီယက် ကောင်း များ အဖြစ် သရုပ်မဆောင်ချင်ကြသည့် အရေး ကို ထုံးစံအတိုင်း ငွေကြေးကပဲ အဆုံးသတ်ပေးလိုက်သည်။ ကျွန်တော့်ဘက်ဖက်က မရမက တိုက်တွန်းပြောဆိုပြီးနောက်တွင် ဗိုင်အိုလက် သည် ဗီယက် ကောင်းအဖြစ် သရုပ်ဆောင်ရမည့် အပိုသရုပ်ဆောင်များအတွက် လုပ်ခလစာကို နှစ်ဆပေးရန် သဘောတူလိုက်သည်။ ဤမက်လုံးကပင် ဗီယက် ကောင်း အဖြစ် တစက်ကလေးမျှ ပင် သရုပ် မဆောင်နိုင်ဟူသော စိတ်ကူးကို မေ့ပျောက်သွားစေခဲ့သည်။ ၎င်းတို့ သရုပ် မဆောင် နိုင်ဟု ငြင်းဆန်‌ နေသည့်အကြောင်းရင်း တစိတ်တပိုင်းမှာ ၎င်းတို့ထဲမှ အချို့သည် ဘန် ကို နှိပ်စက်ရန်နှင့် မိုင် ကို အဓမ္မပြုကျင့်ရန် တောင်းဆိုခြင်း ခံရမည် အရေး ကြောင့် ဖြစ်သည်။

 

မိုင် ကို အဓမ္မပြုကျင့်သည့် အခန်းနှင့် ပတ်သက်၍ ကျွန်တော်နှင့် ရုပ်ရှင်ဒါရိုက်တာ တို့ကြား ဆက်ဆံရေးမှာ စ၍ မပြေမလည် ဖြစ်လာခဲ့သည်။ အပိုသရုပ်ဆောင်များ၏ လစာအတွက် ကျွန်တော်က ကြားဝင်ပြောဆိုပေးခဲ့ကတည်းက သူက ကျွန်တော့်အပေါ် စိတ်ပျက်နေနှင့်ပြီးသား ဖြစ်သည်။ သို့သော် ကျွန်တော်သည် ဇွဲမလျှော့ဘဲ မိုင်ကို အဓမ္မပြုကျင့်သည့် အခန်း မရိုက်ကူးမီ တစ်ရက်အလိုတွင် သူ၏ နေ့လယ်စာစားပွဲ၌ ဝင်ထိုင်ကာ "အဓမ္မပြုကျင့်တဲ့ အခန်းက တကယ်ပဲ လိုအပ်လို့လား" ဟု မေးမြန်းခဲ့သည်။ "ဒါက နည်းနည်းတော့ ကြမ်းတမ်းလွန်းသလိုပဲ" ဟု ကျွန်တော်က ပြောလိုက်သည်။

 

သူက ခက်ရင်းဖြင့် ကျွန်တော့်ကို ညွှန်ပြရင်း "ပရိသတ်ကို နည်းနည်းပါးပါး တုန်လှုပ်သွားအောင် လုပ်တာက ဘာမှမဖြစ်ပါဘူး" ဟု ပြန်ပြောသည်။ "တစ်ခါတလေကျရင်လည်း ပရိသတ်တွေ အကြာကြီး ထိုင်ကြည့်နေပြီးမှ တစ်ခုခုကို ခံစားမိသွားအောင် သူတို့ ဖင်ကို ကန်‌ ပေး ဖို့ လိုတယ်။ ပါးနှစ်ဖက်ကို ရိုက်လိုက်သလိုမျိုးပေါ့၊ မျက်နှာက ပါးကို ပြောတာ မဟုတ်ဘူးနော်။ ဒါဟာ စစ်ပွဲပဲ၊ စစ်ပွဲမှာ အဓမ္မပြုကျင့်မှုတွေ ရှိတယ်။ မင်းလို ငွေနောက်လိုက်တဲ့သူမျိုးကတော့ ဒါကို သဘောမတူမှာ သေချာပေမဲ့ ငါ့မှာတော့ ဒါကို ပြသဖို့ တာဝန်ရှိတယ်" ဟု ဆိုသည်။

 

ထိုသို့ မထင်မှတ်ဘဲ ရုတ်တရက် စော်ကား ခံလိုက်ရသည့် အတွက် ကျွန်တော် အံ့အားသင့်သွားရသည်။ "ငွေနောက်လိုက်တဲ့ကောင်" ဆိုသည့် စကားလုံးမှာ ဝါဟိုး၏ ပန်းချီကားတချပ်မှ လျှပ်စစ်ရောင်စုံများကဲ့သို့ ကျွန်တော့်စိတ်ထဲတွင် တုန်ခါသွားသည်။ "ကျွန်တော်ဟာ ကိုယ့်ကိုယ်ကိုယ် ရောင်းစားပြီး ငွေ နောက်လိုက်‌ နေတဲ့သူ မဟုတ်ပါဘူး" ဟု နောက်ဆုံးတွင် ကျွန်တော် အနိုင်နိုင် ပြန်ပြောလိုက်သည်။ သူက နှာခေါင်းရှုံ့လိုက်ရင်း "ငါ့လို လူဖြူတစ်ယောက်ကို ကူညီနေတဲ့သူကို မင်းတို့လူမျိုးတွေက 'ရောင်းစားတဲ့ကောင်' လို့ ခေါ်ကြတာ မဟုတ်ဘူးလား။ ဒါမှမဟုတ် loser လို့ ခေါ်ရင် ပိုမှန်မလား" ဟု ဆိုသည်။ 

 

ဤဒုတိယအချက်ကိုမူ ကျွန်တော် မငြင်းနိုင်ခဲ့ပါ။ ကျွန်တော် ဟန်ဆောင်နေထိုင်နေရသည့် ဘဝမှာ အမှန်တကယ်ပင် ရှုံးနိမ့်သည့်ဘက်မှ ဖြစ်နေပြီး၊ အမေရိကန်ဘက်ကလည်း ရှုံးနိမ့်ခဲ့သည်ဟု ပြန်၍ ထောက်ပြလိုက်ကလည်း အခြေအနေကို ကောင်းမွန်လာစေမည်မဟုတ်ပေ။

 

"ဟုတ်ပါပြီ၊ ကျွန်တော်ဟာ ရှုံးနိမ့်သူတစ်ယောက်ပါ" ဟု ကျွန်တော်က ပြောလိုက်သည်။ "ခင်ဗျားတို့ရဲ့ အမေရိကက ကျွန်တော့်လို လူမျိုးတွေအပေါ် ပေးခဲ့တဲ့ ကတိကဝတ်အားလုံးကို ယုံကြည်ခဲ့မိတဲ့အတွက် ကျွန်တော်ဟာ ရှုံးနိမ့်သူတယောက်ပါ။ ခင်ဗျားတို့ ရောက်လာပြီး ကျွန်တော်တို့ဟာ သူငယ်ချင်းတွေပါလို့ ပြောခဲ့ကြတယ်၊ ဒါပေမဲ့ ကျွန်တော်တို့ မသိခဲ့တာက ခင်ဗျားတို့က ကျွန်တော်တို့ကို ဘယ်တော့မှ ယုံကြည်မှာမဟုတ်ဘူး ဆိုတာပဲ၊ လေးစားဖို့ဆိုတာကတော့ ပိုတောင်ဝေးသေးတယ်။ ကျွန်တော်တို့လို ရှုံးနိမ့်သူတွေပဲ အဲ့လောက် သိသာနေတာကို မမြင်နိုင်ခဲ့ကြတာပါ။ ခင်ဗျားတို့နဲ့ သူငယ်ချင်း အစစ်အမှန် ဖြစ်ချင်တဲ့သူကိုမှ ခင်ဗျားတို့က သူငယ်ချင်းအဖြစ် မလိုချင်ကြဘူးဆိုတာလေ။ ဘာဖြစ်လို့လည်း ဆိုတော့ ခင်ဗျားတို့ရဲ့ ကတိတွေကို ယုံတဲ့သူဟာ လူ အ တွေနဲ့ သစ္စာဖောက်တွေပဲ ဖြစ်လိမ့်မယ်လို့ ခင်ဗျားတို့ ရင်ထဲ အသည်းထဲက သံသယရှိနေလို့ပဲ။"

 

သူက ကျွန်တော့်ကို အနှောင့်အယှက်မရှိ တောက်လျှောက် ပြောခွင့်ပေးနေခဲ့သည်တော့ မဟုတ်။ ၎င်းမှာ သူ၏ စတိုင် မဟုတ်။ ကျွန်တော် စပြောပြီး မကြာမီမှာပင် သူက "အို... အတော်လေးကို စကား ကြွယ်လှပါလား" ဟု ဆိုသည်။ "ကိုယ်ကျင့်တရားပိုင်းမှာ ပုညှက်နေတဲ့ကောင်က ငါ့ဆီက အခွင့်အရေးတွေယူပြီး အခုမှ လာဟောင်နေတာပဲ။ ဘာမှမသိဘဲ အကုန်သိသလို လုပ်နေတဲ့ကောင်၊ လူအ ထဲကမှ အဆင့်မရှိတဲ့ လူအ။ ဘယ်သူ့မှ ဂရုမစိုက်တဲ့ ကိစ္စ‌ တွေ လိုက်ပြီး ထင်မြင်ချက်တွေ ပေးနေတတ်တဲ့သူ နောက်တစ်ယောက် ဘယ်သူရှိလဲ သိလား။ သူငယ်ပြန်နေတဲ့ ငါ့ အဖွားပေါ့။ မင်းက ကောလိပ်တက်ခဲ့ဖူးလို့ လူတွေက မင်းပြောတာကို နားထောင်သင့်တယ်လို့ ထင်နေတာလား။ စိတ်မကောင်းစရာပဲ၊ မင်းမှာက..."

 

ကျွန်တော်ကို မှုတ်ပေးဖို့ သူ့ကို ပြောလိုက်တာကတော့ နည်းနည်း အလွန်အကျွံ ဖြစ်သွားနိုင်သည်၊ သူကလည်း ကျွန်တော့်ကို သတ်ပစ်မည်ဟု ခြိမ်းခြောက်တာကလည်း အတော်လေးကို လွန်သွားခဲ့သည်။ ဖြစ်ပျက်သမျှကို ဗိုင်အိုလက် ကို ပြောပြလိုက်တော့ "သူကတော့ တယောက်ယောက်ကို သတ်မယ်လို့ အမြဲပြောနေကျပါပဲ၊ ဒါက စကား သက်သက်ပါ" ဟု ဆိုသည်။ ကျွန်တော့်မျက်လုံးတွေကို ဇွန်းနဲ့ ကော်ထုတ်ပြီး ကျွန်တော့် ပါးစပ်ထဲ ပြန်ထည့်ကျွေးမယ်လို့ ကတိပြု ပုံက စကား အလင်္ကာ မျိုး နှင့် လုံးဝမတူသလို၊ မိုင် ကို အဓမ္မပြုကျင့်မည့် သရုပ်ဖော်ချက်ကလည်း စကား သက်သက် မဟုတ်‌ တော့။ 

 

အနည်းဆုံးတော့ ဇာတ်ညွှန်းထဲမှာ တွေ့ရသလောက်တော့ ထိုအဓမ္မပြုကျင့်မှုသည် စိတ်ကူးယဉ်ထားသည့် ရက်စက်ကြမ်းကြုတ် သော လုပ်ရပ် ဖြစ်သည်။ အဆိုပါအခန်းကို တကယ်တမ်း ရိုက်ကူးသည့်အခါတွင်မူ ဒါရိုက်တာ အပြင် ရွေးချယ်ထားသော အမှုထမ်းအနည်းငယ်၊ အဓမ္မပြုကျင့်သူ လေးဦးနှင့် အာရှစူး ကိုယ်တိုင်သာ ရှိနေခဲ့သည်။ 

 

ကျွန်တော်ကိုယ်တိုင် ထိုအခန်းကို မြင်တွေ့ရဖို့အတွက် ဘန်ကောက်က ဆူညံပွက်လောရိုက်နေသည့် ရုပ်ရှင်ရုံ ထဲ နောက်ထပ် တစ်နှစ်လောက် စောင့်ခဲ့ရသည်။ သို့သော် နှစ်ပတ်အကြာတွင် ရိုက်ကူးသည့် ဂျိမ်းယွန်း ၏ အဓိက အခန်းကိုမူ ကျွန်တော် ကိုယ်တိုင်မျက်မြင် တွေ့ရှိခဲ့ရသည်။ ထိုအခန်းတွင် သူသည် ခါးအထက်ပိုင်း ဗလာကျင်းလျက် ပျဉ်ပြားတစ်ခုပေါ်တွင် ကြိုးဖြင့် အချည်ခံထားရသည်။ ထိုပျဉ်ပြားကို သေဆုံးနေသည့် ပြည်သူ့စစ်အဖြစ် သရုပ်ဆောင်ရသည့် အပိုသရုပ်ဆောင်၏ ရုပ်အလောင်းပေါ်တွင် တင်ထားခြင်းဖြစ်ရာ၊ စိုးရိမ်ပူပန်နေပုံရသော ဂျိမ်းယွန်းသည် ခေါင်းကို မြေကြီးဘက်သို့ စောင်းလျက်သားဖြင့်၊ မိုင်ကို အဓမ္မပြုကျင့်ခဲ့သည့် ဗီယက် ကောင်း လေးဦး၏ "ရေဖြင့် နှိပ်စက်ခြင်း" ကို ခံယူရန် ပြင်ဆင်နေရသည်။

 

ဂျိမ်းယွန်း၏ ဘေးတွင် ရပ်နေရင်း ဒါရိုက်တာသည် ကျွန်တော်မှ တစ်ဆင့် အပိုသရုပ်ဆောင်များကို ညွှန်ကြားချက်များ ပေးနေသည်။ သို့သော် သူသည် ကျွန်တော့်ကို တစ်ချက်ကလေးမျှ လှည့်မကြည့်ခဲ့၊ ကျွန်တော်တို့နှစ်ဦး စကားမပြောကြတော့သည်မှာ ကြာပြီဖြစ်သည်။

 

ဇာတ်ညွှန်းအရ ဒီနေရာမှာ မင်းတို့ဟာ ရန်သူနဲ့ ပထမဆုံးအကြိမ် ထိပ်တိုက်တွေ့ပြီးပြီ" ဟု သူက မုဒိမ်းကောင်များအဖြစ် သရုပ်ဆောင်ရမည့်သူများကို ပြောလိုက်သည်။

 

ဒါရိုက်တာ သည် ထိုသူများကို ရွေးချယ်ခဲ့ခြင်းမှာ အခန်းအချို့တွင် ၎င်းတို့ပြသခဲ့သည့် ထူးကဲသော အရက်စက်ဆုံး အမူအရာများကြောင့်သာမက၊ ပုပ်နေသော ငှက်ပျောသီးခွံရောင်ကဲ့သို့ ညိုမည်းသော အသားအရေနှင့် တွားသွားသတ္တဝါများကဲ့သို့ ကျဉ်းမြောင်းလှသော မျက်လုံးများ စသည့် ထူးခြားသော ရုပ်ပိုင်းဆိုင်ရာ လက္ခဏာများကြောင့်လည်း ဖြစ်သည်။

 

"မင်းတို့က ကင်းလှည့်တပ်ဖွဲ့တစ်ခုကို ခြုံခိုတိုက်ခိုက်ခဲ့ပြီးပြီ၊ အခု သူက အဲ့ဒီအထဲက တဦးတည်း အသက်ရှင်ကျန်ရစ်သူပဲ။ သူဟာ နယ်ချဲ့လက်ပါးစေ၊ အရေခြုံ၊ အစေအပါး၊ သစ္စာဖောက်တစ်ယောက်ပဲ။ ဆန်အနည်းငယ်၊ဒေါ်လာအနည်းငယ်အတွက် ကိုယ့် နိုင်ငံကို ရောင်းစားတဲ့သူ၊ မင်းတို့အမြင်မှာ ဒီထက် ပိုဆိုးတာ ဘာမှမရှိဘူး။ မင်းတို့ဘက်မှာကျတော့ နာမည်ကျော် မင်းတို့တပ်ရင်းကြီးရဲ့ အင်အားတစ်ဝက်လောက် ချေမှုန်း ခံလိုက်ရပြီ။ မင်းတို့ရဲ့ ညီအစ်ကို ရာပေါင်းများစွာ သေခဲ့ပြီ၊ ရှေ့ဆက်ဖြစ်မယ့် တိုက်ပွဲမှာလည်း နောက်ထပ် ရာပေါင်းများစွာ ထပ်သေဦးမယ်။ မင်းတို့က မိခင်နိုင်ငံအတွက် အသက်ပေးဖို့ ဆုံးဖြတ်ထားပေမဲ့ သဘာဝအတိုင်း ကြောက်စိတ်တော့ ရှိတာပေါ့။ အခုတော့ မင်းတို့ ရှေ့ကို ရောက်လာတဲ့ ဒီနှာရည်ယိုနေတဲ့ ခွေးမသား၊ အပြင်ပန်းက အဝါရောင် အာရှသား ဖြစ်ပေမဲ့ စိတ်ဓာတ်က အဖြူရောင် အနောက်တိုင်းသားဖြစ်နေတဲ့ မင်းတို့ နောက်ကျောကို ဓားနဲ့ထိုးမယ့် သစ္စာဖောက်။ ဒီကောင်ကို မင်းတို့ မုန်းတယ်။ သူ့ရဲ့ တန်ပြန်တော်လှန်ရေး အပြစ်တွေအားလုံးကို ဝန်ခံခိုင်းပြီး အဲဒီအတွက် ပေးဆပ်ခိုင်းရမယ်။ ဒါပေမဲ့ အဓိက မှတ်ထားရမှာက— ပျော်ပျော်ရွှင်ရွှင်နေပါ၊ မင်းတို့ရဲ့ ပင်ကိုယ်အတိုင်းပဲနေပါ၊ ပြီးတော့ သဘာဝကျကျ သရုပ်ဆောင်စမ်း!"

 

ဤညွှန်ကြားချက်များကြောင့် သရုပ်ဆောင်ရမည့် ဇာတ်ပို့ များအကြား စိတ်ရှုပ်ထွေးသွားကြသည်။ အရပ်အရှည်ဆုံးနှင့် ရာထူးအကြီးဆုံးဖြစ်သော တပ်ကြပ်ကြီးတစ်ဦးက "သူက ငါတို့ကို ဒီကောင်ကို ညှဉ်းပန်းနှိပ်စက်စေချင်တာ၊ ပြီးတော့ အဲဒါကို ငါတို့က သဘောကျနေတဲ့ပုံစံမျိုး လုပ်ခိုင်းတာ မဟုတ်လား" ဟု မေးလိုက်သည်။

 

အရပ်အပုဆုံး နောက်ခံလူက "ဒါပေမဲ့ အဲဒါက သဘာဝကျကျ သရုပ်ဆောင်တာနဲ့ ဘာဆိုင်လို့လဲ" ဟု ဆိုသည်။

 

"သူက ငါတို့ကို အဲဒီအတိုင်း အမြဲပြောနေတာပဲ" ဟု အရပ်ရှည်သော တပ်ကြပ်ကြီးက ပြန်ပြောသည်။ "ဒါပေမဲ့ ဗီယက် ကောင်း တယောက်လို သရုပ်ဆောင်ရတာက သဘာဝမှ

မကျတာ" ဟု အပုလေးက ပြောလိုက်သည်။

 

"ဘာဖြစ်လို့လဲ" ဟု ဒါရိုက်တာက မေးသည်။

 

 "ဟုတ်တယ်၊ ဘာမှားနေလို့လဲ" ဟု ဂျိမ်းယွန်းက ထပ်မေးပြန်သည်။

 

"ဘာမှမဖြစ်ပါဘူး" ဟု အရပ်ရှည်သော တပ်ကြပ်ကြီးက ပြောလိုက်သည်။ "အဆင်ပြေပါတယ်။ ကျွန်တော်တို့ အကောင်းဆုံး Number One ဖြစ်စေရမယ်။"

 

ထို့နောက် သူသည် ဗီယက်နမ်ဘာသာစကားသို့ ချက်ချင်း ပြောင်းကာ သူ့လူများကို ပြောလိုက်သည်မှာ— "ဒီမှာ၊ သူပြောတာ ဂရုစိုက် မနေနဲ့။ သူက ငါတို့ကို သဘာဝကျကျ သရုပ်ဆောင်ခိုင်းတယ်၊ ဒါပေမဲ့ ငါတို့က သဘာဝမကျတဲ့ပုံစံ သရုပ်ဆောင်ပေးရမယ်။ ငါတို့က လူသတ်သမား ဗီယက် ကောင်း တွေကွ။ သိပြီလား။"

 

သူတို့ ကောင်းကောင်းကြီး သိကြသည်။