သမိုင်း အဆက်ဆက် တော်လှန်ရေးများ၏ ကောက်ကြောင်းများ(93)

by Hla Soewai - Jan 13 2023

တရုတ်ပြည်၏ တော်လှန်သော အမျိုးသားရေး ဝါဒ

နှစ်ဆယ်ရာစု နှစ် အတွင်း တော်လှန်ရေး ကြီးများ အလျှင် အမြန် ဖြစ်ပွားလာစေရန် အဓိက တွန်းအားပေးခဲ့သည့် အကြောင်းခြင်းရာ နှစ်ရပ် ပေါ်ပေါက်လာခဲ့သည်။ ယင်းသည်ကား အာရှ၊ အာဖရိက နှင့် လက်တင် အမေရိကား နိုင်ငံများရှိ ပြည်သူများသည် မိမိတို့ ဂုတ်ပိုးကို ခွစီးကာ ကျွန်ပြုထားကြသော ကိုလိုနီ အရှင်သခင်များ လက်အောက်မှ လွတ်မြောက်လိုစိတ် ပြင်းပြလာခြင်း နှင့် ဥရောပ ကုန်းမြေကြီးတွင် ပေါ်ထွက်လာသော လက်ရှိ အုပ်ချုပ်‌ ရေး စနစ်ကို မက်စ်ဝါဒ ဖြင့် အစားထိုး အုပ်ချုပ်သွားနိုင်သည် ဆိုသော ရှေ့ဆောင်လမ်းပြ သဘောတရား ပြန့်ပွားလာခဲ့ခြင်း‌ တို့ကြောင့်ပင် ဖြစ်သည်။

 

ထိုအထဲတွင် တရုတ်ပြည်သည် အထက်ပါ အကြောင်း ခြင်းရာ နှစ်ရပ် နှင့် အကိုက်ညီဆုံး ဖြစ်လာခဲ့သည်ဟု ဆိုရမည် ဖြစ်သည်။

 

မန်ချုး မင်းဆက် ဟု ထင်ရှားသည့် ချင် မင်းဆက်သည် တရုတ်ပြည်အား နှစ်ပေါင်း ၃၀၀ နီးပါး အုပ်ချုပ်လာခဲ့ပြီး ၁၉၁၂ တွင် မှသာ အပြီးအပိုင် ပြိုလဲသွားခဲ့သည်။ သို့သော် ထိုသို့ ဆုံးခန်းတိုင် မသွားခင် နှစ်ပေါင်း အတန်ကြာကပင် အုပ်ချုပ်ရေး အာဏာသည် ယိမ်းယိုင်လာနေခဲ့ပြီး ဖြစ်သည်။

 

ထိုသို့ အုပ်ချုပ်ရေး အာဏာ ယိမ်းယိုင် အားပျော့လာနေသည်ကို ဥရောပ နိုင်ငံကြီးများက အခွင့်ကောင်း ဟု သဘောထားကာ ဝင်ရောက်ချယ်လှယ် အမြတ်ထုတ်လာခဲ့ကြသည်။

 

ဥရောပ အင်အားကြီး နိုင်ငံများ အတွက် တရုတ်သည် ကုန်သွယ်ရေး ဖက်တွင် ကာလကြာမြင့်စွာ ကတည်းကပင် မျက်စိကျစရာ နိုင်ငံ ဖြစ်နေခဲ့သည်။ ဆယ်ကိုးရာစု နှစ် အစောပိုင်းကာလများ တွင် ဥရောပ တိုက်သားများသည် တရုတ်ထွက်ကုန်များကို အာသာငမ်းငမ်း လိုချင် တပ်မက်လာခဲ့ကြသည်။

 

နောက်ပိုင်းတွင် ဗြိတိသျှ တို့သည် ၎င်းတို့ပိုင် ကိုလိုနီ နယ်မြေများ ဖြစ်သည့် အိန္ဒိယ နှင့် ဗမာပြည်မှ ထွက်သော ဘိန်းကို တရုတ်ပြည်သို့ တင်ပို့ ရောင်းချလာကြသည်။ ဘိန်းသည် သုံးမိလျှင် လွန်စွာ စွဲလွယ်သည့် အာနိသင် ရှိသဖြင့် ယခင်က အနောက်တိုင်း ထွက်ကုန်များကို ဖာသိဖာသာ နေခဲ့ကြသည့် တရုတ်လူမျိုးများသည် ဘိန်းကို အလုအယက် ဝယ်ယူ သုံးစွဲလာကြ၍ ကုန်သွယ်ရေး ဖက်တွင် ဗြိတိသျှ တို့ အသာစီး ရလာခဲ့သည်။ တရုတ်ပြည်တွင်လည်း ဘိန်းကို အနှံ့အပြား သုံးစွဲလာကြခြင်းကြောင့် ကျန်းမာရေး၊ လူမှုရေး နှင့် စီးပွားရေး ပိုင်းများတွင် ပြဿနာ ပေါင်းများစွာ ဖြစ်ပေါ်လာခဲ့ရသည်။

 

နောက်ဆုံး တွင် မန်ချုး အစိုးရ သည် လက်ပိုက်ကြည့်နေ၍ မရတော့ပဲ ဘိန်းတင်သွင်းမှုကို ၁၈၃၉ ခုနှစ် တွင် ပိတ်ပင်ခဲ့သည်။ ထိုအခါတွင် တော့ တရုတ်ပြည်တွင်း ရှိ ဗြိတိသျှ ကုန်သည်များ၏ အသက် အိုးအိမ် စည်းစိမ်ကို ကာကွယ်ရန် အကြောင်းပြချက်ဖြင့် ဗြိတိသျှ ရေတပ်မှ တရုတ်ပြည်တွင်းသို့ ဝင်ရောက် ကျုးကျော်လာခဲ့သဖြင့် စစ်ပွဲကြီး ဖြစ်ပွားလာခဲ့သည်။ တကယ်တမ်းတွင် ဗြိတိသျှ တို့သည် ၎င်းတို့အတွက် အကျိုး အမြတ်များစွာ ရနေသော ဘိန်းကုန်ကူးမှု ကို လက်လွှတ်မခံလိုခြင်းသည် စစ်ဖြစ်ပွား ခဲ့ရခြင်း၏ အဓိက အကြောင်းရင်းပင် ဖြစ်သည်။

 

စစ်ပွဲ သည် သုံးနှစ်ကြာ ဖြစ်ပွားခဲ့ပြီးနောက် ၁၈၄၂ ခုနှစ် တွင် အဆုံးသတ် သွားခဲ့သည်။ ယင်းနှင့် အတူ တရုတ်ပြည်၏ ကံကြမ္မာသည်လည်း အပြီးအပိုင် ပြောင်းလဲသွားခဲ့ရပေတော့သည်။

 

စစ်ပွဲတွင် ဗြိတိန်တို့ အနိုင်ရရှိခဲ့သဖြင့် မန်ချုး အစိုးရမှ ကုန်သွယ်‌ ရေး နှင့် ပတ်သက်ပြီး ၎င်းတို့ တဖက်သတ် တောင်းဆိုလာသမျှ ကို လိုက်လျောပေးလာရသည်။ ကာလကြာလာချိန်တွင် ဗြိတိသျှ တို့က ကျေနပ် တင်းတိမ် နိုင်ခြင်း မရှိ‌ တော့ဘဲ လောဘ တက်သည်ထက် တက်လာကြကာ ၁၈၅၀ ကျော် နှစ်များ အတွင်း ပြင်သစ်၊ ရုရှား၊ အမေရိကန် တို့နှင့် ပေါင်းကာ ဒုတိယ ဘိန်းစစ်ပွဲကြီး ကို ဆင်နွှဲလာခဲ့ကြပြန်သည်။ ထို့အတွက် ကုန်သွယ်ရေး အခွင့်အလန်းများ တိုး၍ ရရှိသွားခဲ့ကြသည်။

 

ထိုအချိန်မှစ၍ အမေရိကား နှင့် ဥရောပ နိုင်ငံကြီးများသည် တရုတ်ပြည် နှင့် ကုန်သွယ်ရေး တွင် တဖက်သတ် စာချုပ်များ နှင့် အထူး အခွင့်အရေးရ နိုင်ငံများ အဖြစ် ဆယ်ကိုးရာစု နှစ် တလျောက်လုံး ရပ်တည်လာခဲ့ကြသည်။

 

တရုတ်တို့သည် ၁၈၉၄-၉၅ တွင် ဂျပန် နှင့် ဖြစ်ပွားခဲ့သော စစ်ပွဲတွင် မထင်မှတ်ပဲ အရေးနိမ့်သွားခဲ့ပြန် သဖြင့် မန်ချုး အစိုးရ ၏ အနေအထားသည် ပို၍ ယိမ်းယိုင်သွားခဲ့ရပြန်သည်။ စစ်လျော်ကြေး အဖြစ် ဖော်မိုဆာ ကျွန်း (လက်ရှိ တိုင်ဝမ်) အပါအဝင် နယ်မြေ အမြောက်အမြားကို ဂျပန်တို့ လက်သို့ ထိုးအပ်ခဲ့ရသည်၊ ကုန်သွယ်ရေး တွင်လည်း အထူးအခွင့်အရေး များ ပေးခဲ့ရသည့် အပြင် စစ်လျော်ကြေးငွေ မတန်တဆ လည်း တင်ရှိသွားခဲ့သည်။

 

ပေးရန် ရှိသော ငွေများ ရရှိရန် အတွက် ဆိပ်ကမ်းများကို ထိန်းချုပ်ထားသော ဥရောပ နိုင်ငံကြီးများဖက် လှည့်လာခဲ့သည်။ ၎င်းတို့ အတွက် အကျိုးမရှိလျှင် ခြူတပြားမှ ပင် ပေးမည် မဟုတ်‌သည့် ဥရောပ နိုင်ငံကြီးများသည် ငွေများ ထုတ်ချေး ခဲ့ကြသော်လည်း ကုန်သွယ်ရေး အထူး အခွင့် အရေး များသာမက မီးရထားလမ်း နှင့် သတ္တုတူးဖေါ်ခွင့် များပါ အရေးဆိုလာကြ၍ လိုက်လျော ခဲ့ရပြန်သည်။ ဤသို့ဖြင့် တရုတ်သည် ‌ဗြိတိန်၊ ပြင်သစ်၊ ဂျာမန်၊ ဘဲလ်ဂျီယံ၊ ဂျပန်၊ ရုရှား တို့ ဟိုတစ်စ ဒီတစ်စ ဖဲ့ယူခြင်း ခံရသည့် ကိုလိုနီ တစိတ်တပိုင်း နိုင်ငံ ဘဝ သို့ ရောက်ရှိသွားခဲ့ရပေတော့သည်။