သမိုင်း အဆက်ဆက် တော်လှန်ရေးများ၏ ကောက်ကြောင်းများ(96)

by Hla Soewai - Jan 21 2023

တရုတ်ပြည်၏ တော်လှန်သော အမျိုးသားရေး ဝါဒ (၄)

 

၁၉၁၄ နွေရာသီ အတွင်း ဥရောပ တွင် စစ်ပွဲကြီး ဖြစ်ပွားလာမှု နှင့် အတူ တနွယ်ငင် တစင်ပါ ဆိုသလိုယူအန်၏ အာဏာကို ချုပ်ကိုင်ထားမှု သည် သက်တမ်းတိုတို နှင့် အဆုံးသတ် သွားခဲ့ရသည်။ ဂျပန်သည် ဥရောပ တွင် ဖြစ်ပွားလာသော စစ်ပွဲကြီးကို အခွင့်အရေး တရပ် အဖြစ် အသုံးချကာ မန်ချူးရီယား နှင့် တရုတ်ပြည် စီးပွားရေး ကို ထင်သလို ချယ်လှယ် နိုင်ခွင့်ရရန် အချက် (၂၁) ချက်ပါ တောင်းဆိုချက် ကို ထုတ်ပြန်လာခဲ့သည်။

 

ယူအန်သည် ‌မတတ်သာတော့ပဲ အလျော့ပေး လိုက်လျောခဲ့ရသည်။ သို့သော်လည်း နိုင်ငံခြားသား တို့ ဗိုလ်ကျ လွှမ်းမိုးမှု မှ လွတ်မြောက်ရန် တော်လှန်ရေး ကြီးကို ထောက်ခံလာခဲ့ပြီးမှ ယခုလို အလွယ်တကူ အလျော့ပေးခဲ့မှု အပေါ် ပြည်တွင်း တော်လှန်ရေး အင်အားစုများက မည်သို့မျှ လက်မခံနိုင် ဖြစ်လာခဲ့ကြသည်။

 

တရုတ် ပြည်ရှိ ပြည်နယ် အများအပြားမှ ဗဟိုအစိုးရကို ပုန်ကန်လာခဲ့ကြသည်။ ၁၉၁၆ ခုနှစ်တွင် ယူအန် ရှီကိုင်သည် မမျှော်လင့်ပဲ ကွယ်လွန်သွားခဲ့သည်။ ထိုအချိန်တွင် ဆွန်ယက်ဆင်သည် ပြည်ပတွင် ရောက်ရှိနေ၍ ဗဟိုအစိုးရ အာဏာသည် လုံးခြာလိုက်လာခဲ့သည်။ ဒေသအသီးသီး တွင် ကိုယ်ပိုင် တပ်ဖွဲ့များ ဖွဲ့စည်းလာသော စစ်ဘုရင်များ အသီးသီး ထွက်ပေါ်လာပြီး တရုတ်ပြည်ကြီးသည် သူတလူ ငါတမင်း ဘဝ ရောက်လာခဲ့ရသည်။ စစ်ဘုရင်များသည် ၎င်းတို့ ဒေသအတွင်းရှိ လယ်သမားများ အပေါ် အနိုင်ကျင့် ဗိုလ်ကျပြီး ချမ်းသာကြွယ်ဝအောင် လုပ်လာကြပြီ ဖြစ်သည်။

 

ထိုသို့ အနေအထားများကြောင့် တရုတ်ပြည်၏ တော်လှန်ရေး မျှော်လင့်ချက်များ ပျက်ပြားမလို ဖြစ်လာခဲ့ရသည်။ 

 

ဆွန်ယက်ဆင်သည် ကန်တုံ သို့ ပြန်ရောက်လာပြီး သူ၏ အမျိုးသားရေး ပါတီကို ပြန်လည် အသက်သွင်းကာ တရုတ်ပြည်ကြီးကို တစည်းတလုံးတည်း ဖြစ်ရန် ကြိုးစားလာခဲ့သည်။ ပထမ ကမ္ဘာစစ်ကြီးကို အဆုံးသတ်ရန် ၁၉၁၉ နှင့် ၁၉၂၀ တွင် ပဲရစ်တွင် ခေါ်ယူခဲ့သော ငြိမ်းချမ်းရေး ကွန်ဖရင့်တွင် တရုတ်တို့၏ အမျိုးသားရေး ဝါဒကို အသိအမှတ် ပြု အာရုံစိုက်ခြင်း ခံခဲ့ရသည်။ 

 

၁၉၁၇ ဩဂုတ်လတွင် တရုတ်ပြည်သည် ၎င်းတို့နှင့် လွန်စွာ အလှမ်းဝေးလှသည့် ဂျာမဏီကို စစ်ကြေညာခဲ့သည်။ ဤသည်ကလည်း အကယ်၍ ဥရောပတွင် ဂျာမဏီတို့ စစ်ရှုံးခဲ့မည် ဆိုလျှင် အာရှ တိုက်ကြီး အတွက် အကျိုးများစွာ ဖြစ်ထွန်းလာဖွယ် ရှိသည်ဟု တရုတ် တို့ ယုံကြည်ခဲ့ကြသောကြောင့်ပင် ဖြစ်သည်။

 

သို့သော်လည်း ၎င်းတို့ ထင်သလို ဖြစ်မလာပဲ မဟာမိတ် နိုင်ငံများက တရုတ်ရှိ ဂျာမဏီတို့၏ စီးပွားရေး လုပ်ကွက် များ၊ နယ်မြေ ပိုင်ဆိုင်ခွင့်များ အားလုံးကို ဂျပန်သို့ လွှဲပြောင်းပေးခဲ့ကြသည်။ ထို့အတွက် တရုတ်ပြည်သူ တို့ သည် မိမိတို့ ကံကြမ္မာ ကို ယခုထိ ဆုံးဖြတ်ပိုင်ခွင့် မရပဲ ဥရောပ ကုန်းမြေကြီး ပေါ်မှ စေစား နေမှု ကို အကြီးအကျယ် ဆူပူ ကန့်ကွက်လာကြသည့် အပြင် စစ်ခေါင်းဆောင်များ အပါအဝင် အကျင့်ပျက် ခြစားနေကြပြီး ခေတ်နှင့်လည်း မလျှော်ညီတော့သည့် အစိုးရကိုပါ ဆန့်ကျင်လာကြသည်။

 

ထို ကန့်ကွက် ဆန္ဒပြမှုများသည် နောင်တွင် မေလ လေးရက် လှုပ်ရှားမှု ဟု ထင်ရှားလာခဲ့သည်၊ ထိုကန့်ကွက် ဆန္ဒပြမှုများသည် ကြာကြာ မခံလိုက်သော်လည်း တရုတ်ပြည်၏ အမျိုးသားရေး ဝါဒ ဒီလှိုင်းကြီး တလိမ့်လိမ့် တက်လာပြီး တနိုင်ငံလုံးတွင် ပြင်းထန်စွာ ရိုက်ခတ်လာအောင် ဖန်တီးပေးနိုင်ခဲ့သည်။ 

 

ထိုအချိန်တွင် ရုရှားတွင် အောင်မြင်စွာ ဆင်နွှဲနိုင်ခဲ့သည့် ဘော်ရှီ‌ဗစ် တော်လှန်ရေးကြီး ကြောင့် ကွန်မြူနစ် သဘောတရားများ ကျင့်သုံးမည်ဆိုကတရုတ်ပြည်ရှိ လယ်သမား လူတန်းစားများ ဖိနှိပ်ခံဘဝမှ လွတ်မြောက်ရေး နှင့် အရင်းရှင် နယ်ချဲ့တို့ ထိုးလာသော နဖားကြိုးအောက်မှ အပြီးအပိုင် ရုန်းထွက်နိုင်ရေး အတွက် အောင်မြင် နိုင်သည်ဟု ယူဆလာကြသည်။

 

ဘော်ရှီဗစ်များသည် ပြည်တွင်း နှင့် ပြည်ပမှနေ၍ တော်လှန်ရေးကို လျို့ဝှက်စွာ ဖြင့် အောင်မြင်အောင် ဆင်နွှဲ နိုင်ခဲ့သူများ ဖြစ်သည်။ အလားတူပင် ဆွန်ယက်ဆင် နှင့် သူ၏ လုပ်ဖေါ်ကိုင်ဖက်များ အားလုံးသည် တော်လှန်ရေးကြီး အောင်မြင်ရန် စိတ်ရော ကိုယ်ပါ နှစ်၍ ရုန်းကန်လှုပ်ရှား လာခဲ့ကြသည်။

 

မြေအောက် လှုပ်ရှားမှု အဖွဲ့များ လျို့ဝှက် တည်ထောင်ကာ လှုပ်ရှားလာကြသည်၊ ရံပုံငွေကို မည်သို့မည်ပုံ စုဆောင်းရန်၊ ဝါဒဖြန့် စာရွက်စာတန်းများ ပုံနှိပ် ဖြန့်ချီရန် နှင့် လက်နက်များ မှောင်ခို ခိုးသွင်းရန် အစရှိသည့် နည်းလမ်းများကို မုဆိုး စိုင်သင် ဆိုသလို ကောင်းစွာ သိရှိလာခဲ့ကြပြီ ဖြစ်သည်။

 

ထို့အတွက် မေလ ၄ ရက် လှုပ်ရှားမှု မှ ပေါက်ဖွားလာသည့် အတွေ့အကြုံ မရင့်ကျက်သေးသော ကွန်မြူနစ် ပေါက်စများ ထက် စာလျှင် အမျိုးသားရေး ဝါဒီများသည် ဘော်ရှီဗစ်တို့၏ ခြေလှမ်းကို အမှီလိုက်နိုင်သူများ ဖြစ်သည်ဟု ဆို၍ ရပေသည်။