သမိုင်း အဆက်ဆက် တော်လှန်ရေးများ၏ ကောက်ကြောင်းများ(98)

by Hla Soewai - Jan 28 2023

တရုတ်ပြည်၏ တော်လှန်သော အမျိုးသားရေး ဝါဒ (၆)

 

ကွန်မြူနစ် နှင့် အမျိုးသားရေး ဝါဒီများ အကြား တင်းမာမှုသည် တဖြေးဖြေး နှင့် ဒီရေအလား မြင့်တက်လာနေပြီ ဖြစ်သည်။ ၁၉၂၅ ခုနှစ် မတ်လတွင် ဆွန်ယက်ဆင်သည် ကင်ဆာ ရောဂါဖြင့် ကွယ်လွန်သွားခဲ့သည့် အတွက် တရုတ်ပြည်ကြီးအား တစည်းတလုံး တည်း စုစည်းပေးနိုင်စွမ်း ရှိသည့် ဩဇာတိက္ကိမ ရှိသူ တဦး ဆုံးရှုံးလိုက်ရပြီ ဖြစ်သည်။

 

ဆွန်ယက်ဆင်သည် ကွယ်လွန်ခါနီး အချိန်အထိ သူ့ လုပ်ဖေါ်ကိုင်ဖက်များ အားလုံးကို တရုတ်ပြည်အား မြေရှင်ပဒေသရာဇ်စနစ်၊ တိုင်းတပါးသားများ၏ အနိုင်ကျင့် ခံနေရမှု များ နှင့် စစ်ဘုရင်တို့၏ ရန်မှ လွတ်မြောက်လာသည့်အထိ စည်းလုံးညီညွတ်စွာ ရပ်တည် တိုက်ပွဲဝင်သွားရန် တဖွဖွ တောင်းဆိုသွားခဲ့သည်။

 

ထိုအချိန်က တော်လှန်ရေး အင်အားစုများသည် အပြင်ပန်းအားဖြင့် ညီညွတ်မှု ရှိနေကြသော်လည်း ဆွန်ယက်ဆင်သည် သူကွယ်လွန်ပြီး နောက်တွင် ထိုညီညွတ်မှု သည် ကြာရှည်ခံမည် မဟုတ်ဟု ကောင်းစွာ တွက်ဆနိုင်ခဲ့၍လည်း ဖြစ်သည်။

 

ဆွန်ယက်ဆင်၏ စိုးရိမ်ကြောင့်ကြမှုများသည် သူကွယ်လွန်ပြီး နှစ်လ အကြာ မေလတွင် စတင် ပေါ်ပေါက်လာခဲ့သည်။ ၁၉၂၅ မေလ တွင် ရှန်ဟိုင်း ရှိ ဆန္ဒပြ အလုပ်သမား များ နှင့် ရှန်ဟိုင်းမြို့ အား နိုင်ငံ အလိုက် သူ့အပိုင် ကိုယ့်အပိုင် အုပ်ချုပ်နေကြသော ဥရောပ တိုင်းပြည်များ၏ ရဲတပ်ဖွဲ့များ အကြား ပဋိပက္ခ ဖြစ်ပွားခဲ့ရာမှ အကြမ်းဖက် မှုများ ဖြစ်ပေါ်လာခဲ့သည်။

 

ထိုဖြစ်ရပ်ကို အကြောင်းပြုပြီး မိမိတို့ တိုင်းပြည်အား ဆယ်စုနှစ်ပေါင်း များစွာ ထင်သလို ဗိုလ်ကျနေသော ဥရောပ နိုင်ငံကြီးများအပေါ် လူထု၏ မုန်းတီး ရွံရှာမှု သည် ပို၍ ပြင်းထန်လာခဲ့သည်။ ၎င်းတို့အား ထိုသို့ ပြုမူနိုင်ရန် တဖက်သတ် ချုပ်ဆိုထားကြသည့် သဘောတူညီချက်များကို ဆန့်ကျင်မှ ဖြစ်တော့မည်ဟု သဘောပေါက်လာခဲ့ကြသည်။

 

တရုတ် ပြည်သူများက မိမိတို့ အချုပ်အခြာ အာဏာကို စော်ကားခံနေရပြီဟု သဘောပေါက်လာခဲ့မှု သည် ကွန်မြူနစ် နှင့် အမျိုးသားရေး လှုပ်ရှားမှု နှစ်ခုစလုံး အတွက် လူထု ၏ ထောက်ခံမှု ရရာ ရကြောင်း ဖြစ်လာခဲ့သည်။

 

ဆန္ဒပြ အလုပ်သမား များ အား ဆိုဗီယက်တို့၏ ကျောထောက်နောက်ခံ ပေးမှု နှင့် ကွန်မြူနစ်များက ကိုယ်ထိ လက်ရောက် ကူညီ ပေးလာနိုင်ခဲ့သည်။ ထို့အတွက် လူထု ၏ အမြင်တွင် ကွန်မြူနစ်များ သည် အရေးသာလာခဲ့သည်။

 

ဤသို့ဖြင့် ၁၉၂၅ ဇူလိုင် လ ၁ ရက်နေ့တွင် ကူမင်တန် နှင့် ကွန်မြူနစ် တို့ ပူးပေါင်း၍ အမျိုးသား အစိုးရသစ် ကို ဖွဲ့စည်းကြောင်း ကျေညာချက် ထုတ်ပြန်လာခဲ့သည်။ သို့သော်လည်း ထိုသို့ ကျေညာခဲ့ခြင်းသည် လက်ရှိ အစစ်အမှန် အနေအထား ကို ကိုယ်စားပြု ခြင်း မရှိပဲ စိတ်ဓါတ် လှုံ့ဆော်ရေး သက်သက် ဖြစ်လာခဲ့သည်။

 

အမျိုးသားရေး သမား များ နှင့် ကွန်မြူနစ်များသည် ၎င်းတို့ အကြား နိုင်ငံရေး ရည်မှန်းချက် များ တွင် ဆက်ပြီး သဘောကွဲနေကြသော်လည်း စစ်ဘုရင်များက တရုတ် ပြည်နယ် အမြောက်အများကို ထိန်းချုပ်ထားနိုင်ဆဲပင် ဖြစ်သည်။

 

အမျိုးသားရေး ဝါဒီများသည် အနောက်တိုင်း ဒီမိုကရေစီ ကို အခြေခံ ပြီး လစ်ဘရယ် အစိုးရ တရပ် ထူထောင်ရန် အားထုတ်နေကြပြီး ကွန်မြူနစ် တို့ကမူ ဆိုဗီယက် ပုံစံ တော်လှန်ရေးကြီး ဆင်နွှဲပြီး ဆိုရှယ်လစ် လူ့ဘောင်ကို တည်ထောင်လိုကြသူများ ဖြစ်သည်။

 

ဤသို့ဖြင့် ကွန်မြူနစ်တို့ ခြေတလှမ်း လှမ်းလာတိုင်း တဖက်တွင် စိုးရိမ်မကင်းမှု များ မြင့်တက်လာရစမြဲ အနေအထား ဖြစ်လာသည်။ တရုတ် စီးပွားရေးး လုပ်ငန်းရှင်များ နှင့် အရင်းရှင်ကြီးများကလည်း ကွန်မြူနစ်များအား ၎င်းတို့ ရပ်တည်မှု ကို ခြိမ်းချောက်လာသည့် အန္တရာယ်ကြီး အဖြစ် ရှုမြင်လာကြပြီ ဖြစ်သည်။

 

၁၉၂၅ ဩဂုတ်လ တွင် တင်းမာမှု များ ထပ်မံ မြင့်တက်လာခဲ့ပြန်သည်။ အမျိုးသားရေး အဖွဲ့အား ဆိုဗီယက် ကွန်မြူနစ်များ နှင့် မဟာမိတ်ပြုရေး ကို ထောက်ခံ ပြောဆိုနေသည့် လီအောင် ဇောင်ကိုင် လုပ်ကြံသတ်ဖြတ်ခြင်း ခံခဲ့ရသည်၊ ထိုလုပ်ကြံမှုကြီးသည် ကူမင်တန် ပါတီ အတွင်း ကွန်ဆာဗေးတစ် အုပ်စုမှ တဖက်စွန်းရောက် အတွေးအခေါ်ရှိသူများကို ဖယ်ရှားရန် ကြိုးပမ်းလာမှု၏ သက်သေ အထောက်အထား တခု ဖြစ်လာခဲ့ရသည်။ ထိုလုပ်ကြံမှုကြီးကြောင့် ဆိုဗီယက် တို့ နှင့် မဟာမိတ်ပြုရေး သဘောထားသည် ကွယ်ပျောက်သွားခဲ့ရသော်လည်း တန်ပြန်တော်လှန်ရေး အယူအဆများ ပျံ့နှံ့လာခဲ့ပြီ ဖြစ်သည်။

 

တန်ပြန်တော်လှန်ရေး အက်ကြောင်းကြီးသည် ၁၉၂၅ နိုဝင်ဘာလ တွင် သိသိသာသာ အဆင့် ရောက်ရှိလာခဲ့သည်။ ကူမင်တန် ပါတီ ခေါင်းဆောင်များ ထဲမှ တဖွဲ့သည် ကွန်မြူနစ်များ အား ပါတီမှ ထုတ်ပယ်ရန် ကြံစည်လာကြသည်။ သို့သော်လည်း အမျိုးသား တော်လှန်ရေး တပ်မတော် ခေါင်းဆောင် နှင့် ဆွန်ယက်ဆင် နေရာကို ဆက်ခံရန် ထိပ်မှ ပြေးနေသူ ချန်ကေရှိတ် က လက်မခံသဖြင့် မဟာမိတ် အဖြစ် ဆက်လက် တည်ရှိခွင့် ရသွားခဲ့သည်။

 

၁၉၂၆ ခုနှစ်တွင် အမျိုးသား တော်လှန်ရေး တပ်မတော် သည် ဆိုဗီယက် အကြံပေးများ၏ တိုက်တွန်းချက် အတိုင်း စစ်ဘုရင်များကို နှိမ်နှင်းပြီး တရုတ်ပြည်ကြီး အား တစည်းတလုံးတည်း ဖြစ်ရန် ထိုးစစ်ကြီး စတင် ဆင်နွှဲလာခဲ့သည်။ ကန်တုံတွင် စစ်ဆင်ရေး ဗဟို အဖြစ် ထားရှိပြီး မြောက်ပိုင်းသို့ ချီတက်တိုက်ခိုက်ခဲ့သဖြင့် “မြောက်ပိုင်း ခရီးရှည်” စစ်ဆင်ရေးဟု အမည်တွင်ခဲ့သည်။ (ပုံတွင်ရှု) အမျိုးသား တော်လှန်ရေး တပ်မတော် ၏ စစ်စွမ်းရည်များသည် ထိုမတိုင်မီ နှစ်များကတည်းက သိသိသာသာ မြင့်တက်လာခဲ့ပြီး ဖြစ်သည်။

 

နိုင်ငံရေးမှုးများသည် သက်ဆိုင်ရာ တပ်ရင်း တပ်ဖွဲ့ များ နှင့် အတူ ချီတက်လာခဲ့ကြပြီး တင်းကျပ်သော စည်းမျဉ်းစည်းကမ်း များ နှင့် အုပ်ချုပ်လာခဲ့သဖြင့် ထင်သလို အနိုင်ကျင့် ဗိုလ်ကျနေသော စစ်ဘုရင်များ၏ သစ္စာခံ တပ်များ နှင့် ကွာခြားချင်တိုင်း ကွာခြားလာနေသဖြင့် ဒေသခံ လူထု ၏ ထောက်ခံမှု ကို အခိုင်အမာ ရရှိလာခဲ့ကြသည်။