အချုပ်အခြာ အာဏာ၊ ကိုယ်ပိုင် ပြဋ္ဌာန်း ပိုင်ခွင့် နှင့် အင်အား ချိန်ခွင်လျှာ
၁၇ ရာစု နှစ် အလယ်ပိုင်း ဥရောပ ကုန်းမြေကြီးတွင် ဖြစ်ပွားခဲ့သော နှစ်သုံးဆယ်ကြာ စစ်ပွဲကြီးကို အဆုံးသတ်စေခဲ့သည့် ဝက်စ်ဖာလီယာ စာချုပ်သည် ကမ္ဘာစနစ် ကြီး အတွက် အုတ်မြစ်ကြီး ဖြစ်လာခဲ့သည်။
ထိုစာချုပ် တွင် နိုင်ငံတနိုင်ငံ၏ အချုပ်အခြာအာဏာ ကို လေးစားရေး၊ နယ်နမိတ်များအား အင်အားသုံး၍ မပြောင်းလဲရေး ဆိုသည့် အချက်များ ပါဝင်လာသောကြောင့် ဖြစ်သည်။ လက်ရှိ ကမ္ဘာတွင် ကျင့်သုံးနေသော စနစ် နှင့် အနီးစပ်ဆုံး ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။
ပထဝီ နယ်နမိတ် နှင့် အစိုးရဟူ၍ ရှိသော country၊ လူ့အဖွဲ့အစည်း နှင့် ယဉ်ကျေးမှု ဝိသေသ လက္ခဏာ များ ပေါင်းစုထားသည့် nation၊ နိုင်ငံ နှင့် လူမျိုးတစုတည်း ပေါင်းစည်းထားသည့် nation-state တို့အား အချုပ်အခြာ အာဏာ ပိုင် အဖြစ် ပြောဆိုလာကြသည်။
အချုပ်အခြာ အာဏာဆိုသည်က နိုင်ငံ တနိုင်ငံ၏ နယ်နမိတ် အတွင်း အစိုးရ အဖွဲ့၏ အမြင့်ဆုံး အာဏာ သက်ရောက်နိုင်မှု ပင် ဖြစ်သည်။ ယင်းသည် မည်သို့ သော အစိုးရ ပုံစံမျိုး ဖြစ်နေစေကာမူထိုနယ်နမိတ် အတွင်း နေထိုင်ကြသော၊ ရှိနေကြသော လူအားလုံး နှင့် အကျုံးဝင်နေသည်။
လူပုဂ္ဂိုလ် တဦးချင်း နှင့် စီးပွားရေး ကော်ပိုရေးရှင်း များတွင်လည်း ၎င်းတို့နှင့် သက်ဆိုင်သည့် အခွင့်အရေး များ ရှိနေသည်။ သို့သော် ဖွဲ့စည်းပုံ နှင့် ဥပဒေများတွင် မည်သို့မျှ ဖေါ်ပြထားခြင်း မရှိလျင်အတော်များများ တွင် နိုင်ငံကို အုပ်ချုပ်နေသော အစိုးရ၏ အဆုံးစွန်သော အာဏာကို လေးစားရမည် ဖြစ်သည်။
အတိအကျ အဓိပ္ပါယ် ဖွင့်ဆိုရေး တွင်မူ အစိုးရ နှင့် အချို့ကိစ္စများ တွင် ထိုနိုင်ငံရှိ ပြည်သူများက ဆုံးဖြတ်ရမည် ဖြစ်သည်။
အချုပ်အခြာ အာဏာသည် နိုင်ငံတကာ နှင့် လည်း အကျုံးဝင်နေပြန်သည်။ ပြည်တွင်း အတွက် အဓိပ္ပါယ် ဖွင့်ဆိုထားချက်များ ကဲ့သို့ မဟုတ်ဘဲ နိုင်ငံတကာ အတွက်မူ တန်းတူညီမျှခြင်း ဆိုသည့် အနက် အဓိပ္ပါယ် ဆောင်လာသည်။ နိုင်ငံအားလုံးသည် ကြီးငယ်မဟူ၊ ဆင်းရဲ ချမ်းသာ မရွေး၊ လူဦးရေ ပမာဏ မည်မျှ ရှိသည် ဖြစ်စေ တူညီသော အခွင့်အရေး ရှိရမည်။ နိုင်ငံ တနိုင်ငံ ၏ နယ်နမိတ်အားလည်း အခြား နိုင်ငံများက လေးစားသမှု ရှိရမည်။ အခြား နိုင်ငံများ၏ ပြည်တွင်းရေး ကို မစွက်ဖက်ရ ဟူသည်မှာလည်း အချုပ်အခြာ အာဏာ ပိုင်မှု နှင့် လက်ရှိ သွား နေသော ကမ္ဘာစနစ်၏ ဝိသေသ လက္ခဏာ ဖြစ်လာသည်။
ထင်ထင်ရှားရှား ရပ်တည်နေသော နိုင်ငံရေး အဖွဲ့အစည်းသည် နိုင်ငံရေး အာဏာ ကို အမြင့်ဆုံး ပိုင်စိုးထားလျှင်လည်း အချုပ်အခြာ အာဏာပိုင် မှု အဖြစ် သတ်မှတ်ထားသည်။ ယင်းအား အဓိပ္ပါယ် ပေါ်လွင်စေရန် ဆယ်ကိုးရာစုနှစ် ဂျာမန် လူမှု ဗေဒ ပညာရှင် မက်စ် ဝက်ဘာက နိုင်ငံ နယ်နမိတ် အတွင်း အင်အားကို တဖွဲ့တည်း လက်ဝါးကြီး အုပ် တရားဝင် အသုံးချ ပိုင်ခွင့် ရှိနေမှု အဖြစ် ဖွင့်ဆိုထားသည်။ တနည်းအားဖြင့် ဆိုသော် ဥပဒေကို ပြဋ္ဌာန်းပိုင်ခွင့် ရှိပြီး ချိုးဖောက်သူများကို ပြစ်ဒဏ်ခတ် နိုင်ခြင်း ဟူ၍ ဖြစ်သည်။ နိုင်ငံသားများကလည်း ထိုသို့ လုပ်ပိုင်ခွင့် ရှိမှု ကို အသိအမှတ် ပြုထားသည်။
အစိုးရတရပ် အနေဖြင့် နိုင်ငံ၏ နယ်နမိတ် များကို ထိန်းချုပ်နိုင်စွမ်း ရှိရမည်၊ နယ်နမိတ်ကို ဖြတ်ကျော် လာသော ကုန်စည်များ နှင့် လူများကို စည်းကမ်းတကျ ထိန်းသိမ်းကွပ်ကဲ နိုင်စွမ်း ရှိရမည် ဖြစ်သည်။ ထိုသို့ လုပ်နိုင်ကိုင်နိုင်စွမ်း ရှိမှသာ ပြည်တွင်း ပေါ်လစီ များကို ၎င်းတို့ စိတ်ကြိုက် ရွေးချယ် ကျင့်သုံး ပိုင်ခွင့် ရှိသည်။ နောက်ဆုံး အနေဖြင့် နိုင်ငံတနိုင်ငံသည် အခြား တန်းတူ အချုပ်အခြာ အာဏာပိုင် နိုင်ငံများ၏ အသိအမှတ် ပြုခြင်း ခံရမှ ဖြစ်ပေမည်။
ထုံးစမ်အားဖြင့်မူ ထိုနိုင်ငံတွင် သံရုံးများ လာရောက်ဖွင့်လှစ်ခြင်း၊ သံအမတ်များ အပြန်အလှန် လဲလှယ်ခြင်း၊ စာချုပ်စာတမ်းများ ချုပ်ဆိုခြင်း မျိုး များ ဖြင့် အသိအမှတ် ပြုလာကြသည်။
ကုလသမဂ္ဂ အထွေထွေ ညီလာခံသည် ထင်ထင်ရှားရှား ရပ်တည်နေသော အဖွဲ့များ၊ နိုင်ငံများဖြင့် ဖွဲ့စည်းထားသည်၊ ကုလသမဂ္ဂ သို့ ဝင်ရောက်လာချိန်တွင် သတ်မှတ်ထားသော စံနှုန်းများနှင့် ပြည့်စုံနေ၍ ဝင်ခွင့် ပြုခဲ့ခြင်း ဖြစ်သည်။ ကုလသမဂ္ဂ သည် လက်ရှိ တွင် နိုင်ငံပေါင်း ၁၉၃ နိုင်ငံအား အသိအမှတ် ပြုထားပြီး ဖြစ်သည်။
အချုပ်အခြာ အာဏာပိုင်မှု ကို အနီးစပ်ဆုံး လိုက်နာရန် ထည့်သွင်းစဉ်းစားခဲ့ကြသော်လည်း လုံးဝ အပြည့်အဝ လိုက်နာကြခြင်း မျိုးတော့ မရှိပေ။ လက်ရှိ အခြေအတင် ပြောဆိုနေကြသည်က အချုပ်အခြာ အာဏာပိုင်သည် ဆိုယုံနှင့် မဖြစ် နိုင်ငံတနိုင်ငံ၏ ပြည်တွင်းရေး တွင် နိုင်ငံတကာ မှ ဝင်ရောက်စွက်ဖက်နိုင်ရန် ခိုင်လုံသော အကြောင်းရင်းခံ ရှိက လိုက်နာ စရာ မလိုဟူ၍ ဖြစ်သည်။
ဥပမာ အားဖြင့် လူမျိုးတုန်း သတ်ဖြတ်နေမှု များ ကျုးလွန်နေခြင်း မျိုး ဖြစ်သည်။ လူမျိုးတုန်း သတ်ဖြတ်မှု များ ဆိုသည်မှာ လူမျိုးရေး၊ ဘာသာရေး၊ အမျိုးသား ရေး စရိုက် လက္ခဏာ များ အပေါ် အခြေခံ၍ ရည်ရွယ်ချက် ရှိရှိ ဖြင့် ဖျက်ဆီးပစ်ခြင်းဟု အဓိပ္ပါယ် ဖွင့်ဆို ခဲ့ကြသည်။
ထိုသို့ အခြေအတင် ပြောဆိုလာကြခြင်း၏ အဓိက အကြောင်းရင်းသည် ကမ္ဘာစနစ်အား ထိမ်းသိမ်းထားနိုင်ရေးထက် နိုင်ငံများ အကြား ဆက်ဆံရေးကို ပို၍ အလေးပေး ပေးရမည်လော သို့မဟုတ်က ထို နိုင်ငံများ အကြား ဖြစ်ပျက်နေသည်များကို ထည် သွင်းစဉ်းစားရမည်လား ဆိုသည်ပင် ဖြစ်သည်။