နိုင်ငံတကာ ရေးရာ မိတ်ဆက်(103)

by Hla Soewai - Feb 24 2025

အချုပ်အခြာ အာဏာ၊ ကိုယ်ပိုင် ပြဋ္ဌာန်း ပိုင်ခွင့် နှင့် အင်အား ချိန်ခွင်လျှာ (၂)

 

မကြာသေးမီ နှစ်များ အတွင်းက နိုင်ငံတနိုင်ငံ၏ အခွင့် အရေး နှင့် လူပုဂ္ဂိုလ် တဦး ချင်းစီ၏ အခွင့်အရေး များ အကြား ပြန်လည် ထိန်းညှိနိုင်ရန် ကြိုးပမ်းမှု များ ထွက်ပေါ်လာခဲ့သည်၊ ထိုသို့ ကြိုးပမ်း ရာတွင် နိုင်ငံ ထက် လူတဦးချင်းစီ၏ အခွင့်အရေးကို ပို၍ အ‌လေးပေးနိုင်ရန် ဦးစားပေးလာခဲ့သည်။

 

ထိုအယူအဆ အောက်တွင် အချုပ်အခြာ အာဏာ ဆိုသည်က နိုင်ငံ နှင့် နိုင်ငံသားများ၊ အခြား နိုင်ငံများ အကြား ကန်ထရိုက် စာချုပ် ဖြစ်သည်ဟု သတ်မှတ်လာခဲ့သည်။ အစိုးရသည် နိုင်ငံသားများ အပေါ် ပြုလုပ်ပေးရန် ရှိသည့် တာဝန် ဝတ္တရားများ ကို ပျက်ကွက်လာခဲ့သည် ဆိုက အချုပ်အခြာ အာဏာ ဆိုသည့် ခေါင်းစဉ် အောက်တွင် တွဲပါလာသည့် အချို့‌ သော အရာများ နှင့် အကျုံးမဝင်တော့ ဟူ၍ ဖြစ်သည်။

 

အကျုံးမဝင်တော့သည့် အရာများထဲတွင် ဝင်ရောက် စွက်ဖက်ပိုင်ခွင့် မရှိစေရ နှင့် ပြည်တွင်းတွင် ၎င်းတို့ ထင်သလို အုပ်ချုပ်ပိုင်ခွင့် မရှိတော့ခြင်း တို့ ဖြစ်သည်။ ၁၉၉၄ ရဝမ်ဒါတွင် ဖြစ်ပွားခဲ့သော ဂျီနိုဆိုက် ခေါ် လူမျိုးတုန်း သတ်ဖြတ်မှုကြီး နှင့် အတူ ဖြစ်ပွားခဲ့သော ပြည်တွင်းစစ် အပြီး ဆယ်တနှစ် အကြာတွင် ကမ္ဘာကြီးသည် ထိုသို့ အဖြစ်မျိုး မှ ကာကွယ် ပေးရမည့် တာဝန် ဆိုသည့် responsibility to protect (R2P) ကို ချမှတ်လာကြသည်။

 

R2P သည် နိုင်ငံ အစိုးရသည် နိုင်ငံသားများ အပေါ် အစုလိုက် အပြုံလိုက် သတ်ဖြတ်နေမှု ကို ကာကွယ် ပေးနိုင်စွမ်း မရှိတော့သည့် အခြေအနေ တွင် အခြား နိုင်ငံများ သို့မဟုတ် ဒေသတွင်း နှင့် ကမ္ဘာ အဖွဲ့အစည်းများက ပိတ်ဆို့ဒဏ်ခတ်ခြင်း သို့မဟုတ် စစ်ရေး အရ အရေးယူ ဆောင်ရွက်ပိုင်ခွင့် ရှိသည် ဆိုခြင်းပင် ဖြစ်သည်။

 

 လက်‌တွေ့တွင်တော့ R2P ကို ကောင်းစွာ ကျင့်သုံး နိုင်ခြင်း မရှိဟု ဆိုရမည်။ အမေရိကန် နှင့် နေတိုး မဟာမိတ်များသည် ၂၀၁၁ တွင် လစ်ဗျားကို ဝင်ရောက် စွက်ဖက်နိုင်ရန် R2P ကို အသုံးချခဲ့ကြသည်။ ထို့အတွက် တရုတ်၊ ရုရှား အပါအဝင် နိုင်ငံ အများ အပြားသည် R2P ကို သံသယ ဖြင့် ရှူမြင်လာခဲ့ကြသည်။ အရပ်သားများ တိုက်ခိုက်နေမှု အား လူသားချင်း စာနာ ထောက်ထားမှု ဖြင့် ဟန့်တားရန် ကြိုးပမ်းမှု သည် အစိုးရ အား ဖြုတ်ချဖို့အထိ အသွင်ပြောင်းလာ‌သောကြောင့် ဖြစ်သည်။

 

ထို့အပြင် R2P ကို အကောင်အထည် ဖေါ်ဖို့သည် အထူး ခက်ခဲ‌နေသည့် အပြင် အကုန်အကျ လည်း များနေသည်။ ထို့အတွက် ကြောင့်လည်း ဆီရီးယား တွင် အုပ်ချုပ်သူ အစိုးရ အဓိက နေရာမှ ပါဝင်ပတ်သက်‌ နေသည့် ပဋိပက္ခကြီးတွင် လူ့ အသက်ပေါင်း ၅၀၀,၀၀၀ ခန့် ဆုံးရှုံးပြီး လူဦးရေ စုစုပေါင်း၏ အစိတ်အပိုင်း အတော်များများ အိုးအိမ်မဲ့ ဖြစ်သွားချိန်တွင် ကမ္ဘာကြီးသည် မလှုပ်မရှက် ရှိနေခဲ့ခြင်း လည်း ဖြစ်သည်။

 

ထို့အပြင် တရုတ်၊ ရုရှား၊ အိန္ဒိယ နှင့် နိုင်ငံ အများအပြား သည် နောက်နောင်တွင် အစဉ်အလာ လို ဖြစ်သွားပြီး ၎င်းတို့ နယ်နမိတ်များ အတွင်း လုပ်ချင်တိုင်း လုပ်၍ မရနိုင်မည် အရေးကို တွေး၍ အချုပ်အခြာ အာဏာကို အပွန်းပဲ့ မခံနိုင်ဟု ဆိုကာ ဆန့်ကျင်လာကြသည်။

 

နောက်ထပ် တချက်က အကယ်၍ အစိုးရ တဖွဲ့မှ အကြမ်းဖက် အုပ်စု တစုကို ၎င်းတို့ နိုင်ငံ အတွင်း လွတ်လပ်စွာ လှုပ်ရှားခွင့် ပြုလာမည်ဆိုက ထိုအကြမ်းဖက် လုပ်ရပ်၏ ဒဏ်ကို ခံခဲ့ရသူများက ထိုအစိုးရ၏ အချုပ်အခြာ အာဏာကို လေးစား လိုက်နာ ကြတော့မည် မဟုတ် ဆိုသည်ပင် ဖြစ်သည်။

 

ထိုအနေအထားကို အာဖဂန်နစ္စတန် အား တာလီဘန် တို့ အုပ်ချုပ်နေစဉ် ကာလ အတွင်း တွေ့မြင်ခဲ့ရသည်။ ၂၀၀၁ စက်တင်ဘာ ၁၁ တွင် အယ်ကိုင်ဒါ အဖွဲ့မှ အမေရိကန်အား အကြမ်းဖက် တိုက်ခိုက်လာမှု တွင် တာလီဘန် အစိုးရမှ အာဖဂနနစ္စတန် ကို အခြေခံ စခန်း အဖြစ် အသုံးချ ခွင့် ပြုခဲ့၍ ၎င်းတို့၏ အချုပ်အခြာ အာဏာ ဖေါက်ဖျက် ခံခဲ့ရခြင်း လည်း ဖြစ်သည်။

 

အလားတူပင် နိုင်ငံတနိုင်ငံသည် အခြား တနိုင်ငံ၏ အချုပ်အခြာ အာဏာ အား ဆိုက်ဘာ သို့မဟုတ် စစ်ရေးအရ တိုက်ရိုက် ဖေါက်ဖျက် ကျုးလွန် လာမည်ဆိုက အတိုက်ခံရသော နိုင်ငံ အနေဖြင့် အလားတူ သို့မဟုတ် ၎င်းတို့ ရွေးချယ်‌သော အခြားနည်းလမ်း တလမ်းဖြင့် တရားဝင် လက်တုံ့ပြန်ခွင့် ရှိနေသည်။

 

ရုရှားကိုတော့ အားလုံးထဲတွင် အထူး တလည် ဖေါ်ပြဖို့ လိုအပ်လာသည်။ ရုရှားသည် နိုင်ငံရေး အရ ၎င်းတို့ ပြည်တွင်းရေးကို အပြင်မှ ဝင်ပါလာမည် စိုး၍ အချုပ်အခြာ အာဏာ ဆိုသည်ကို အကြွင်းမဲ့ နီးပါး အခွင့်အရေး အဖြစ် ခံယူ ထားသည်။

 

ထိုသို့ ခံယူထားသော်ငြားလည်း တဖက်တွင် ယူကရိန်း အား စစ်ရေး အရ ဝင်ရောက် စွက်ဖက်လာခဲ့ပြီး ကရိုင်းမီးယား ကို သိမ်းယူခဲ့သည့် အပြင် ယူကရိန်း ၏ အခြား အစိတ်အပိုင်း များ တွင်လည်း အစိုးရ အာဏာ ပျက်ပြားအောင် ကြံဆောင်လာခဲ့သည်။ 

 

ထို့အပြင် ရုရှားသည် ဆိုက်ဘာ နယ်ပယ် နှင့် ဆိုရှယ် မီဒီယာ များ တွင် နည်းမျိုးစုံ သုံး၍ အမေရိကန် ၏ ၂၀၁၆ သမ္မတ ရွေးကောက်ပွဲ ရလဒ် အပေါ် ဩဇာ လွှမ်းမိုး နိုင်ရန် လုပ်လာခဲ့သည်။

 

ထိုဖြစ်စဉ်များကို ကြည့်မည် ဆိုက နိုင်ငံတကာ စည်းမျဉ်း များ၏ အခြေခံကိုပင် တကမ္ဘာလုံး လိုက်နာ ဖို့ဆိုသည်က အလှမ်းဝေးနေဆဲပင် ဖြစ်သည်။