ဂေါ်ကီ ၏ အမေ(3)

by Hla Soewai - Mar 10 2025

မြို့စွန် နေ အလုပ်သမား များက ၎င်းတို့အား ထူးထူးဆန်းဆန်း အကြောင်းအရာ များ ပြောတတ်သူများကို မသိမသာ ရှောင်ရှားလာကြသည်။ တဖန် ထိုလူများသည် သူတို့ အရပ်မှ ပျောက်ကွယ်သွားပြီး အခြား အရပ်သို့ ထွက်သွားကြသည့် အခါ စက်ရုံ တွင် ကျန်ခဲ့ကြသူ အချင်းချင်း အစေးမကပ် ဖြစ်လာကြသည်။ ရွာထဲရှိ ငြည်းငွေ့ဖွယ် ဘဝ နှင့် အပြောင်းအလဲ မရှိ နေသွားလိုသူများ နှင့် ရောနှော ၍ မရ ဖြစ်လာသည်။

 

အလုပ်သမား တယောက် သည် ထိုသို့ ဘဝ မျိုးဖြင့်နှစ်ပေါင်း ငါးဆယ်ခန့် နေလာပြီးနောက် သေဆုံးသွားခဲ့သည်။

 

ထိုနည်းတူစွာ မိုက်ကယ် ဗီလာဆော့ဗ် ဆိုသူ သည်လည်း နေထိုင်ခဲ့သည်။ သူသည် မျက်လုံး ပေါက် ကျဉ်းကျဉ်းနှင့် မျက်နှာက အမြဲလို ရွှင်ရွှင်ပြပြ မရှိပဲ မှုန်ကုပ်နေတတ်သည်။ သူ၏ ထူထဲသော မျက်ခုံးမွှေး အောက်မှ လူတိုင်းကို မယုံမကြည် နှင့် သံသယ မျက်လုံးဖြင့်ကြည့်တတ်ပြီး ပြုံးလျင်ပင် ကောက်ကျစ်သည့် အသွင် ပေါက်နေသည်။

 

သူ သည် စက်ရုံတရုံလုံးက အားကိုးရသည့် သော့ပြင် သမား တဦး ဖြစ်သည်။ ရွာထဲတွင်လည်း ဗလ အားဖြင့် အထွားကျိုင်းဆုံးဟု ပြော၍ ရသည်။ အလုပ်ကြပ် အပါအဝင် အကြီးအကဲ များအား မိုက်မိုက်ရိုင်းရိုင်း နှင့် မခန့် လေးစား ဆက်ဆံတတ်သူ ဖြစ်သည်။ ထို့အတွက်ကြောင့်လည်း ဝင်ငွေ အားဖြင့် မဆိုသလောက်သာ ရသည်။ အလုပ်ပိတ်ရက်တိုင်းလည်း တယောက်မဟုတ် တယောက်ကို ရိုက်နှက်ထိုးကြိတ် တတ်၍လည်း လူတိုင်းက ရွံရှာ ကြောက်ရွံ့ကြသည်။

 

ထိုသို့ ဆို၍ သူ လုပ်သမျှ ငြိမ်ခံနေကြသည်တော့ မဟုတ်၊ တကြိမ်တော့ ပြန်၍ ခုခံ ရိုက်နှက်သည် မျိုး တော့ ရှိခဲ့သည်။ သို့သော် အောင်မြင်သွားခဲ့ခြင်း မျိုး တော့ မရှိ၊ ဗလာဆော့ သည် သူ့အား တုန့်ပြန်လာမည် ဟု ရိပ်စားမိလာသည့် အခါ အနီးအနားရှိ ကျောက်ခဲ၊ သစ်သားစ သို့ မဟုတ် သံချောင်း တချောင်း ကို ကောက်ကိုင်ပြီး ခြေနှစ်ချောင်းကို ခွဲကာ ရန်မူလာမည့် လူကို ဘာစကား မှ ပြောမနေဘဲ အသင့် ရပ်စောင့် နေသည်။

 

မည်းနက်‌ သော မုတ်ဆိတ်မွှေးများကလည်း မျက်လုံးမှသည် လည်ပင်းအထိ ရှည်လျား ထူထပ်စွာ ရှိနေသည်။ လက်မောင်းတလျောက်လည်း အမွှေးအမြှင် များ ထူထပ်စွာ ရှိနေသည်။ ထိုသို့ ပုံပန်းသဏ္ဍန် ရှိ၍လည်း သူ့ကို မြင်သူတိုင်း ကြောက်ရွံလာအောင် အားပေးသလို ဖြစ်နေသည်။

 

အထူးသဖြင့် လူတိုင်းက သေးငယ်ပြီး စူးရှသော သူ့မျက်လုံး အကြည့်ကို ကြောက်ရွံ့တတ်ကြသည်။ ကြည့်ခံရသူ ကိုယ်ထဲ လွန်ပူ အသေးစားလေး နှင့် ထိုးလိုက်သလို ခံစားကြရသည်။ သူ နှင့် အကြည့် ချင်း ဆုံခံရသူ တိုင်းက ဧရာမ တိရိစ္ဆာန်ကြီး တကောင် နှင့် ရင်ဆိုင်တွေ့ရသည့်အလား ထင်မှတ်ကြသည်။ ထိုသတ္တဝါကြီးသည် အကြောက်အလန့်ဟူ၍လည်း မရှိဘဲ ထွားကျိုင်း သော ခွန်အား ဗလ ဖြင့် အညှာအတာ ကင်းမဲ့စွာ ရိုက်ပုတ်ရန် အဆင်သင့် ဖြစ်နေ ပြန်သည်။

 

"ကဲ...ဖယ်မှာလား တိရိစ္ဆာန် ကောင်" ဟု တိုတို တုတ်တုတ် ပြောတတ်သည်။ ကြမ်းတမ်းပြီး ဝါညစ်ညစ် သွား များသည် သူ့မျက်နှာပေါ်ရှိ ထူထဲတဲ့ အမွှေးအမျှင်တွေကြားကနေ ကြောက်စရာကောင်းလောက်အောင် တောက်ပနေသည်။ ထိုအခါ အပြောခံရသူ များသည် သူရဲဘောကြောင်သူများ ထုံးစံ အတိုင်း ဆဲဆို ရေရွတ်ပြီး လှည့်ထွက် သွားတတ်ကြသည်။

 

"အညစ် အစုပ် ခွေး လှေ‌ ခွေးသန်း ကောင်တွေ" ဟု ဆဲဆို ရေရွတ်လိုက်ပြီး သူ့မျက်လုံးများက လည်း ချွန်မြအောင် သွေးထားသော စူး တချောင်းလို အရောင်တလက်လက် ထွက်နေသည်။ စိန်ခေါ်လာသူ ကို ရင်ဆိုင်ရန် အသင့် ဖြစ်နေပုံ မျိုး ဖြင့် ခေါင်းကို မော့ကာ လုံးပတ် ခပ်တုပ်တုပ် အထူ ရှိ ပိုက် တို တချောင်းကို သွားဖြင့် ကိုက်ကာ နောက်က လိုက်သွားသည်။ ပါးစပ်ကလည်း "သေချင်တဲ့ကောင် ထွက်ခဲ့" ဟု အော် နေ ပြန်သည်။

 

ဘယ်သူကမှ သေချင်ပုံ မရ။

 

"အညစ် အစုပ် ခွေး လေ ခွေးသန်း ကောင်တွေ" သည် သူ၏ လက်သုံးစကားလည်း ဖြစ်သည်။ စက်ရုံ အာဏာပိုင် အဖွဲ့ ၊ ပုလိပ် အဖွဲ့တို့ နှင့် ရင်ဆိုင်ရသည့် အခါတွင်လည်း ထိုစကားလုံးနှင့်ပင် ပြောဆိုလေ့ရှိသည်။

 

၎င်း၏ မိန်းမ ဖြစ်သူ ကိုပင် ထိုသို့ ဝိသေသ ဂုဏ်ပုဒ်များ တပ်၍ ခေါ်ဝေါ် ပြောဆိုတတ်သည်။

 

အညစ် အစုပ် ခွေး လေ ခွေးသန်း မ၊ ဒီမှာ ကြည့်စမ်း ငါ့အဝတ်တွေ ပေါက်ပြဲနေတာကို" အစရှိသဖြင့် ပြောဆိုတတ်သည်။