လူသား ကွန်ယက်(18)

by Hla Soewai - Mar 24 2025

တခါတရံ တွင် သတင်းအချက်အလက်များသည် ဖြစ်ရပ်မှန် များကို ကိုယ်စားပြုခြင်းဖြင့် လူများကို ဆက်သွယ် ပေးနိုင်ခဲ့သည်။ ၁၉၆၉ ဇူလိုင်လ ထဲတွင် ကမ္ဘာတဝှမ်း ရှိ သန်း ၆၀၀ သော လူများသည် ရုပ်မြင် သံကြား ဖန်သားပြင် ပေါ်တွင် ပေါ်လာသည့် နီးလ် အမ်းစထရောင်း နှင့် ဘပ်ဇ် အယ်ဒရင် တို့ လ ပေါ် လမ်းလျောက်နေသည်ကို မျက်တောင် မခတ်ဘဲ စိုက်ကြည့်နေခဲ့ကြသည်။

 

ဖန်သားပြင်ပေါ်ရှိ ပုံရိပ်များသည် တကယ်တမ်းတွင် ၎င်းတို့ နှင့် ကီလိုမီတာ ၃၈၄,၀၀၀ အကွာ တွင် ဖြစ်ပျက်ခဲ့သည်များကို ကိုယ်စားပြု ဖေါ်ပြနေခြင်းသာ ဖြစ်သည်။ သို့သော်လည်း ထိုမြင်ကွင်းကို မြင်လိုက်ရချိန်တွင် တော့ အားလုံး၏ စိတ်ထဲတွင် တအံ့တဩ နှင့် ဂုဏ်ယူ ဝင့်ကြွားလိုစိတ်၊ မိမိတို့ လူသား များ ထဲမှ ညီနောင် သားချင်း များ ပါလားဟူ သော စိတ်များ ဝင်လာခဲ့ကြသည်။ ယင်းသည် လူသား အားလုံးကို စိတ်ချင်း ဆက်သွယ် ပေးလိုက်ခြင်းလည်း ဖြစ်သည်။

 

သို့သော ထိုသို့ ညီရင်း အစ်ကို စိတ်ဓါတ်မျိုး ဖြင့် မဟုတ်ဘဲ အခြား နည်းဖြင့်လည်း ဆက်သွယ်ပေးနိုင်ပြန်သည်။ ပူးပေါင်း ကြံစည်မှု ဆိုသော သီအိုရီများကိုသာ အစဉ်တစိုက် ယုံကြည်တတ်သူများကမူ လ ပေါ် လူ ရောက်ခြင်းသည် မည်သည့် အခါကမျှ ဖြစ်ပျက်ခဲ့ခြင်း မရှိဟု ငြင်းချက်ထုတ်လာကြသည်။ ၎င်းတို့ကဲ့သို့ မဟုတ်ပဲ ထိုသို့ ယုံကြည်ကြသူများ အပေါ်လည်း ဒေါသ ပွားလာကြသည်။

 

နောက်ဆုံး နမူနာ အဖြစ် မတ်ခ် ဇူကာဘတ်၏ Metaverse ဆိုသည်ကို ထုတ်နှုတ်ပြရမည် ဆိုလျင် ယင်းသည် သတင်းအချက်အလက်များချည်း သက်သက် ဖွဲ့စည်းထားသော စကြာဝဠာ မျိုး ဖန်တီးလာခြင်း ဖြစ်သည်။ ဟော်ဟေး လူဝစ် ဘောဂက်စ် ၏ ဝတ္ထု တွင် ပါရှိသလို အင်ပိုင်ယာ ကြီး တခုလုံး ကို အတိအကျ တစ် အချိုး တစ် စကေး ဖြင့် မြေပုံ ပေါ်တွင် ပုံဖေါ်ရန် မျိုး မဟုတ်ဘဲ ကျွနုပ်တို့၏ ကမ္ဘာကို ကြီးထွား ကျယ်ပြန့်လာစေရန် သို့မဟုတ် နောက်ထပ် တခု နှင့် အစားထိုးရန် ကြိုးပမ်းလာခြင်း ဖြစ်သည်။

 

ဇူကာဘတ် အစားထိုး မည့် ကမ္ဘာသည် ကျွနုပ်တို့အား ဗြူနိုအေရိစ် နှင့် ဆော့လိပ် စီတီး တို့၏ ဒီဂျစ်တယ် ပုံတူ ကို တော့ ပေးမည် မဟုတ်၊ ထိုအစား ၎င်းဖန်တီးထားသော စည်းမျဉ်းများနှင့် ထူးခြား ဆန်းသစ်သည့် မြေမျက်နှာ သွင် ပြင် ပေါ်တွင် ပုံစံသစ် ဖြင့် အတုအယောင် လူမှု အသိုင်းအဝိုင်းများ ဖွဲ့စည်းပြီး လာရောက်နေထိုင်ကြရန် ဖိတ်ခေါ်ခဲ့ခြင်းပင် ဖြစ်သည်။

 

၂၀၂၄ အထိတော့ Metaverse သည် အလွန်အကျွံ စိတ်ကူးယဉ်မှု အဆင့်တွင်သာ ရှိနေသေးသော်လည်း မဝေးလှသော ဆယ်စု နှစ်များ အတွင်း တွင်တော့ ဘီလီယံပေါင်းများစွာ ရှိ လူများသည် ၎င်းတို့၏ လူမှု ဘဝ နှင့် ပရော်ဖက်ရှင်နယ် လှုပ်ရှားမှု များကို ဇူကာဘတ် တိုးချဲ့ ဖန်တီးထားသော ပကတိနီးနီး တူညီသည့် အတုအယောင် လက်တွေ့လောက ဆိုသည်တွင် မွေ့လျောလာကြတော့မည် ဖြစ်သည်။

 

လူများသည်လည်း ထိုလောက သို့ လာရောက်ပြီး အချင်းချင်း မိတ်ဆွေ ဖွဲ့ကြတော့မည်၊ အတူ တွဲ၍ လှုပ်ရှားကြတော့မည်၊ လုပ်ကိုင်ကြတော့မည်၊ အဏုမြူ ဒြပ်မှုန် များအစား ဒီဂျစ်တယ် ဘစ် များ အကြား တွင် ၎င်းတို့၏ စိတ်ခံစားမှု အတက် အကျ ကို တွေ့ကြုံလာကြတော့မည် ဖြစ်သည်။

 

ဝေးလံ ခေါင်သီသော အရပ်ရှိ သဲကန္တာရ များ တွင် အိုမင်း ဟောင်းနွမ်းနေပြီဖြစ်သော အစစ်အမှန် တရား၏ အစိတ်အပိုင်းများ အဖြစ် တောရိုင်း တိရစ္ဆာန် ကြီး တကောင်၊ တောင်းရမ်းစားသောက်နေသူ တဦးတလေ ကိုတော့ တွေ့နိုင်ဦးမည် ဖြစ်သည်။

 

#လူသမိုင်းတလျောက် သတင်း အချက်အလက်များ

 

သတင်း အချက်အလက်များကို လူမှု ရေးရာ ဆက်နွယ်မှု ၏ အချက်အခြာ ဗဟိုချက် အဖြစ် ရှု မြင် ကြည့်မည် ဆိုက သတင်းအချက်အလက်များအား ကိုယ်စားပြုမှု အဖြစ် ရိုးအစွာ လက်ခံထားခဲ့သည့် လူ့သမိုင်း၏ ရှုထောင့် အထွေထွေကို နားလည်အောင် အထောက်အကူ ပေးနိုင်မည် ဖြစ်သည်။ 

 

သမိုင်းတလျောက် နက္ခတ်ဗေဒင် သာမက ပို၍ အရေးပါခဲ့သည့် သမ္မာ ကျမ်းစာ တို့ အဘယ်ကြောင့် အောင်မြင်စွာ နေရာယူ နိုင်ခဲ့သနည်း ဆိုသည်ကိုပါ ရှင်းလင်းစွာ သဘောပေါက်သွားမည် ဖြစ်သည်။

 

အချို့က နက္ခတ် ဗေဒင် ကို တမူ ထူးခြားစွာ ပွဲထုတ်လာသည့် ဘေးပန်း အကြောင်းတရပ် အဖြစ် သာ ယူဆပြီး လက်ခံနိုင်ကြမည် မဟုတ်‌သော်လည်း သမ္မာကျမ်းစာ၏ အဓိက နေရာမှ ပါဝင်ခဲ့မှု ကိုတော့ မည်သူမျှ ငြင်းပယ် နိုင်မည် မဟုတ်ပေ။

 

သတင်းအချက်အလက်၏ အဓိက အလုပ် ဆိုသည် က အမှန်တကယ် ဖြစ်ပျက်ခဲ့မှု ကို တိတိကျကျ ကိုယ်စားပြုမှု အဖြစ် လက်ခံထားမည် ဆိုလျင် အဘယ်ကြောင့် သမ္မာကျမ်းစာသည် လူ့သမိုင်းတွင် ဩဇာသက်ရောက်မှု အရှိဆုံး ဖြစ်နေသည် ကို ရှင်းလင်း နိုင်ဖို့ အရေးတွင် အကျပ်ရိုက်နေကြမည်သာ ဖြစ်သည်။

 

သမ္မာ ကျမ်းသည် လူသားတို့၏ အရေးအရာ များ နှင့် သဘာဝ ဖြစ်စဉ်များကို ဖေါ်ညွှန်းရာတွင် ဆိုးဆိုးဝါးဝါး အမှားများကို ကျူးလွန်ခဲ့ပြီး ဖြစ်သည်။ ယုဒ ဘာသာ (ဂျူးဘာသာ) နှင့် ခရစ်ယာန်ဘာသာတို့၏ အခြေခံ အကျဆုံး အရင်းအမြစ် ဖြစ်သည့် Genesis ကျမ်းတွင် လူ့အနွယ်များကို အုပ်စုခွဲ ဖေါ်ပြထားပြီး ထိုအထဲတွင် ကာလာဟာရီ သဲကန္တာရ ရှိ ဆန် မျိုးနွယ်စု နှင့် ဩစတေးလျရှိ ဌာနေ အဘောဂျင်း များကို လွန်ခဲ့သည့် နှစ်ပေါင်း လေးထောင်ကတည်းက အရှေ့အလယ်ပိုင်း ‌တွင် နေထိုင်ခဲ့သည့် မိသားစု တစု မှ ဆင်းသက်လာသူ များ အဖြစ် ဖေါ်ပြထားသည်။

 

Genesis ကျမ်း အဆိုအရ နိုရာ မျိုးနွယ်စု များသည် ရေလွှမ်းမိုး ခံရပြီး နောက် မက်ဆိုပိုတေးမီယား တွင် အတူတကွ နေထိုင်လာခဲ့ရာမှ ဘေဘယ် မျှော်စင်ကြီး ဖျက်ဆီးခံရပြီး နောက်တွင် တော့ အားလုံးသည် ကမ္ဘာအရပ် လေးမျက်နှာ ပြန့်ကျဲသွား ပြီး နောက် ယခု အသက်ရှင် နေထိုင် နေကြသည့် လူသား အားလုံး၏ ဘိုးဘေးများ ဖြစ်လာကြသည် ဟူ၍ ဖြစ်သည်။

 

တကယ်တမ်း တွင် ဆန် လူမျိုးများ၏ ဘိုးဘေးများသည် အာဖရိက တွင် နှစ်ပေါင်း သိန်း နှင့် ချီ၍ နေလာခဲ့ကြသူများ ဖြစ်ပြီး ၎င်းတို့ ‌နေထိုင်ရာ ဒေသ မှ မည်သည့် အရပ်သို့မျှ ထွက်ခွာဖူးခြင်း မရှိပေ။ အဘောဂျင်း တို့၏ ဘိုးဘေးများသည်လည်း ဩစတေးလျှ တွင် လွန်ခဲ့‌သည့် နှစ်ပေါင်း ငါးသောင်း ကျော်ကတည်းက အခြေချ နေထိုင်လာခဲ့ကြသူများ ဖြစ်သည်။

 

မျိုးရိုးဗီဇ နှင့် ရှေးဟောင်း ယဉ်ကျေးမှု သုတေသန လုပ်ငန်းများ အရ စုဆောင်းနိုင်ခဲ့သော သက်သေ အထောက်အထားများ အရ တောင်အာဖရိက နှင့် ဩစတေးလျှ ရှိ လူမျိုး နွယ်စုများ သည် လွန်ခဲ့သည့် နှစ်ပေါင်း လေးထောင်ခန့်က ရေလွှမ်းမိုး မှု ကြောင့် ပျက်သုံး ပျောက်ကွယ် သွားခဲ့ရပြီး ယင်း ဒေသ တွင် အရှေ့အလယ်ပိုင်းမှ ရွှေ့ပြောင်း ဝင်ရောက်လာသူများ နှင့် အစားထိုး ခဲ့သည် ဆိုသော အယူအဆ ကို ချေဖျက်နိုင်ခဲ့သည်။

 

ကူးစက်ရောဂါ များ နှင့် ပတ်သက်၍ ကျွနုပ်တို့ နားလည် ထားမှု ကိုလည်း ရုပ်ပျက်ဆင်းပျက် ဖြစ်အောင် ပြုလုပ်ခဲ့သည်။ သမ္မာကျမ်းစာ ထဲတွင် ကူးစက် ရောဂါ များ အား လူသားတို့၏ မကောင်းမှု များ အတွက် ကောင်းကင်ဘုံ ၏ အပြစ်ဒဏ် ခတ်ခြင်းဟု အမြဲလို ပုံဖေါ်ခဲ့သည်။ ထိုသို့ မဖြစ်အောင် ဆုတောင်းဝတ်ပြုခြင်း၊ ဘာသာရေး ဓလေ့ထုံးတမ်းများ ဖြင့် ကာကွယ် ဟန့်တား နိုင်သည်ဟု ဆိုထားသည်။

 

တကယ်တမ်း တွင် ရောဂါများ ကူးစက် ပြန့်ပွားခြင်းသည် ရောဂါ ဖြစ်ပွားစေသော ပစ္စည်း၊ ရောဂ ပစ္စယ များ ကြောင့် ဖြစ်ပွားလာရခြင်း ဖြစ်သည်။ ထိုသို့ မဖြစ်အောင် တကိုယ်ရေ သန့်ရှင်းမှု၊ ဆေးဝါး နှင့် ကာကွယ်ဆေး များ ဖြင့်သာ ကာကွယ်နိုင်မည် ဖြစ်သည်။ အဆိုပါ အချက်ကို ပုပ်ရဟန်းမင်းကဲ့သို့ အထင်ကရ ဘာသာရေး ခေါင်းဆောင်ကပင် လက်ခံခဲ့သည်၊ Covid-19 ကပ်ရောဂါကြီး ဖြစ်ပွားနေစဉ် အတွင်း ပုပ်ရဟန်းမင်းကြီးသည် အတူတကွ ဆုတောင်း ဝတ်ပြုကြဖို့ မပြောဘဲ ရောဂါ ကူးစက် ပြန့်ပွားခြင်း မရှိအောင် တသီးတခြားစီ နေကြရန်ပင် အကြံ ပေး ခဲ့သည်။