နိုင်ငံတကာ အသိုင်းအဝိုင်း
စောစောပိုင်းတွင် ဆွေးနွေးခဲ့သည့် အတိုင်း လူ့ အဖွဲ့အစည်း တခု သည် စနစ်တခုထက် ပို၍ ကျယ်ပြန့်ပေသည်။ အင်အား အရာတွင် ညီမျှနေဖို့သည် မရှိမဖြစ်လိုအပ်သော်လည်း အသိုင်း နှင့် အဝိုင်း နှင့် ထွက်ပေါ်လာပြီး လှုပ်ရှား ဆောင်ရွက်နိုင်ရေး အတွက်မူ လုံလောက်မှု မရှိသေး။ မဟာမိတ် အဖွဲ့အစည်းတခု သည် စနစ်တခု အတွင်းမှ ထွက်ပေါ်လာခြင်း၊ ပြန်လည် ရုပ်သိမ်းသွား နိုင်ခြင်း တို့ ရှိနိုင်သည်။
ထို့အတွက် နောက်ထပ် အကြောင်းခြင်းရာ လေးရပ်ဖြစ်သော ဒီမိုကရေစီ ပြန့်ပွား ထွန်းကားရေး၊ စီးပွားရေး အရ အပြန်အလှန် မှီခိုနိုင်သည့် အတိုင်းအတာ၊ ကမ္ဘာအုပ်ချုပ်မှု စနစ် မည်မျှအထိ ခရီးပေါက် နိုင်သနည်း နှင့် နိုင်ငံတကာ ဥပဒေများ ကို လေးစားလိုက်နာမှု ရှိရေး တို့ကို စီစစ် သုံးသပ် တင်ပြသွားမည် ဖြစ်သည်။ သို့မှသာ နိုင်ငံတကာ စနစ်၊ အသိုက်အဝိုင်း သို့မဟုတ် ထိုနှစ်ခု ကြား တွင် ရှိနေ မနေ ကို ဆုံးဖြတ် သတ်မှတ် နိုင်မည် ဖြစ်သည်။
ဒီမိုကရေစီ
ကမ္ဘာစနစ် ကြီး တွင် ပါဝင် ပတ်သက်နေသည့် အတိုင်းအတာ ကို ဆုံးဖြတ် နိုင်သည့် အကြောင်းခြင်းရာ တခုသည် ဒီမိုကရေစီ နိုင်ငံများ ဟုတ်မဟုတ် ဆိုသည်ပင် ဖြစ်သည်။ ထို့ထက် ပိုပြီး တိကျစွာ ပြောရမည် ဆိုက ဒီမိုကရေစီ သည် ရင့်ကျက် မှု ရှိနေပြီလော၊ သို့တည်း မဟုတ် တောင့်တင်း ခိုင်မာလာပြီ လော ဆိုသည်ပင် ဖြစ်သည်။
ဒီမိုကရေစီ အား အမေရိကန် နှင့် ပြင်သစ် မှာ ကဲ့သို့ ရွေးချယ် တင်မြှောက်ခံရသည့် သမ္မတ က ၎င်း၊ သို့မဟုတ် ဥရောပ နိုင်ငံ အများ အပြား တွင် တွေ့နေရသလို ပါလီမန် တွင် အမတ်ဦး ရေ အများဆုံး ရရှိသည့် ပါတီ ခေါင်းဆောင်မှ ၎င်း ဦးဆောင်လာခဲ့သည်။
ဒီမိုကရေစီ တွင် တူညီသော အခြင်းအရာ များသည် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ များ ရှိနေခြင်း ဆိုသည်သာ မကဘဲ အစိုးရ မှ အာဏာကို အလွန် အကျွံ မကျင့်သုံးနိုင်ရန် ကန့်သတ်ပေးထားသည့် အပြန်အလှန် ထိန်းကွပ် စီစစ်သည့် စနစ် ရှိနေခြင်း၊ နိုင်ငံသား တဦးချင်း၏ အခြေခံ အခွင့်အရေး များကို ကာကွယ်စောင့်ရှောက်ပေးခြင်း ဆိုသည့် ဝိသေသ လက္ခဏာများ ရှိနေခြင်းပင် ဖြစ်သည်။
ကမ္ဘာနိုင်ငံများ၏ ၄၀ ရာခိုင်နှုန်း ကျော်ကျော် နှင့် အလားတူ အချိုးအစားရှိ ကမ္ဘာလူဦးရေ ပမာဏ သည် လွတ်လပ်ပြီး ဒီမိုကရေစီ လွှမ်းမိုးသည်ဟု သတ်မှတ်ခံထားရသည့် နိုင်ငံ များ တွင် နေထိုင်လျက် ရှိနေသည်။
အိန္ဒိယ သည် ဒီမိုကရေစီ ကျင့်သုံးသော နိုင်ငံ များ ထဲတွင် လူဦးရေ အများ ဆုံး ဖြစ်သည်၊ အမေရိကန် ပြည်ထောင်စု သည် ဒုတိယ နေရာတွင် ရှိနေသည်။ တရုတ်အပါအဝင် ကမ္ဘာလူဦးရေ၏ သုံးပုံ တပုံခန့်သည် လွတ်လပ်ခြင်းလည်း မရှိ၊ ဒီမိုကရေစီ လည်း မရှိသည့် နိုင်ငံများတွင် နေထိုင်ကြရသည်။ ကျန် လေးပုံ တပုံခန့်သည် ဖိလစ်ပိုင်၊ မက္ကဆီကို ကဲ့သို့သော အထက်ပါ အမျိုးအစား နှစ်ခု ၏ ကြားတွင် ရှိနေသည်။
ပြီးခဲ့သည့် ရာစု နှစ်ဝက် တခု နှင့် နှိုင်းယှဉ်လျှင် ယခုအခါ ဒီမိုကရေစီ သည် ခိုင်မာ အားကောင်းလာနေပြီဟု ဆိုရမည် ဖြစ်သည်။ ယခု ရာစု နှစ် ၏ ဒုတိယ ဆယ်စု နှစ်တွင်တော့ ထိုသို့ ဒီမိုကရေစီ ခိုင်မာ အားကောင်းလာမှု ကို တန်ပြန်လာသည့် နမူနာများ သိသိသာသာ ထွက်ပေါ်လာခဲ့သည်။
ခိုင်မာသော ဖွဲ့စည်းပုံ၊ အာဏာ ကျင့်သုံးမှု အပေါ် လေးလေးနက်နက် ထိန်းညှိ စစ်ဆေး သွားနိုင်ခြင်း နှင့် လူတဦးချင်းစီ၏ အခွင့် အရေး များ အပြည့်အဝ ရရှိနေသော ဒီမိုကရေစီ ရင့်ကျက်ပြီး နိုင်ငံများသည် အခြား ဒီမိုကရေစီ နိုင်ငံများ ကို တိုက်ခိုက်ခြင်းမျိုး မရှိ ကြပေ၊ ဤသည်ကို "ဒီမိုကရေစီ ငြိမ်းချမ်းရေး" သီအိုရီ ဟု ရည်ညွှန်းပြောဆိုကြသည်။ သမိုင်းတလျောက်လည်း အဆိုပါ သီအိုရီ မှန်ကန်ကြောင်း အထောက်အထားများလည်း ရှိထားခဲ့ပြီး ဖြစ်သည်။
ဒီမိုကရေစီ ဝိသေသ လက္ခဏာ အချို့ကွယ် ပျောက် နေပြီး ရင့်ကျက်မှုလည်း မရှိဘဲ ကျဉ်းမြောင်းသော အမြင် ဖြင့် မိမိတို့သာ မှန်သည်ဟု ယူဆနေသည့် နိုင်ငံများ တွင် ထိုသို့ ချုပ်တည်းမှု မျိုး မရှိပေ။ ထိုသို့သော နိုင်ငံမျိုးသည် အစွန်းရောက် အမျိုးသားရေး ဝါဒီ များ၏ မောင်ပိုင်စီးမှု ကို အလွယ်တကူ ခံရတတ် စမြဲ လည်း ဖြစ်သည်။ တူရကီ၊ ဖိလစ်ပိုင်၊ ပိုလန်၊ ဟန်ဂေရီတို့ ကို နမူနာ အဖြစ် တွေ့နိုင်သည်။
အာဏာကို စစ်မှန်စွာ ထိန်းညှိထားပြီး အပြန်အလှန်ထိန်းကွပ်ထားနိုင်သည့် ရင့်ကျက်ပြီးသား ဒီမိုကရေစီနိုင်ငံများ ဖြစ်ရန် တည်ဆောက်ဖို့ ခက်ခဲတဲ့အပြင် အရေအတွက်အားဖြင့်လည်း နည်းပါးသည့်အတွက် ဒီမိုကရေစီနိုင်ငံ အချင်းချင်း စစ်မဖြစ်နိုင်ဘူးဆိုသည့် "ဒီမိုကရေစီ ငြိမ်းချမ်းရေး သီအိုရီ" သည် လက်တွေ့တွင် ဖြစ်နိုင်ချေနည်းပြီး သီအိုရီအဆင့်မှာပဲ ရှိနေ ပေသေးသည်။
စီးပွားရေး အရ အပြန်အလှန် မှီခိုနိုင်မှု
စီးပွားရေး အရ အပြန်အလှန် မှီခို မှု ရှိနေခြင်းဖြင့် ငြိမ်းချမ်းရေး ကို မြှင့်တင် နိုင်သည်ဟု ရှုမြင်ထားကြသည်။ နိုင်ငံများသည် ကုန်သွယ်ရေး၊ ရင်းနှီးမြုပ်နှံ မှု များ အဆက်မပြတ် စီးဝင်နေသရွေ့စီးပွားရေး အရ အပြန်အလှန် အကျိုးရှိနေခြင်း ကြောင့် ထို အနေအထားကို ပျက်ယွင်းသွားနိုင်သည့် အခြေအနေမျိုး ဖြစ်မသွားအောင် ထိန်းချုပ်ထား လေ့ ရှိသည်။
သို့သော် တခါတရံတွင် ထိုသို့ စီးပွားရေး ပိုင်း ဖြင့် ကျိုးကြောင်း ဆီလျှော်စွာ ဆင်ခြင်သုံးသပ်နိုင်မှု ကို ကျော်လွှားပစ် နိုင်သည့် အကျပ်အတည်း မျိုး နှင့် ရင်ဆိုင်လာရသည့် အခါမျိုး တွင်တော့ ထိုအယူအဆသည် မှန်ကန်ခြင်း မရှိတော့ပေ။ ဤသည်ကိုပထမ ကမ္ဘာစစ်ကြီး ဖြစ်ပွားခဲ့ခြင်းက သက်သေခံ နေပေသည်။
နိုင်ငံ လုံခြုံရေး အတွက် စိုးရိမ်မကင်း ရှိလာပါက စီးပွားရေး အတွက် ထည့်သွင်းစဉ်းစားမှု ကို ဘေးချိတ်လာကြစမြဲ ဖြစ်သည်။
နိုင်ငံ ခေါင်းဆောင်များသည် အမျိုးသားရေး အန္တရာယ်ကြီး နှင့် ကြုံကြိုက်လာချိန်တွင် လုံလောက်အောင် ကာကွယ် နိုင်ခြင်း မရှိဘဲ တွန့်ဆုပ်နေသည်ဟု ယူဆခံရပါက အာဏာလက်လွှတ် ဖြစ်သွားနိုင်သည့် ရေတို အကျိုးကို ကြည့်တတ်ကြပြီး ရေရှည် အတွက် ထည့်သွင်းစဉ်းစားရမည် များကို လတ်တလောတွင် ပစ်ပယ်ထားဖို့ လိုအပ်သည်ဟု ခံယူလာကြသည်။
တိုင်ဝမ် နှင့် ပတ်သက်၍ အကျပ်အတည်း ဖြစ်လာပါက ထိုသီအိုရီ သည် အစမ်းသပ်ခံ ရဖို့ ဖြစ်လာပေတော့မည်။
တရုတ်သည် နိုင်ငံ ဖွံ့ဖြိုးရေး အတွက် မရှိမဖြစ် လိုအပ်နေသော စီးပွားရေး ဆက်ဆံနေမှု များ ပြတ်တောက် မသွားအောင် ၎င်းတို့၏ နိုင်ငံခြားရေး ပေါ်လစီကို မကြာမီကအထိ သိသိသာသာ ချုပ်တည်းထားနေသည်ကို တွေ့လာခဲ့ရသည်။
တိုင်ဝမ်အား အမေရိကန် နှင့် ထိတ်တိုက် တွေ့ပြီးတရုတ် နိုင်ငံ တွင်း သွတ်သွင်းရေး ဆိုသည့် ၎င်းတို့၏ ရေရှည် နိုင်ငံရေး ရည်မှန်းချက် နှင့် လက်ရှိ အကျိုး ဖြစ်ထွန်းနေသော ကုန်သွယ်ရေး နှင့် ရင်းနှီးမြုပ်နှံ မှု များ အပျက်ပြားခံမည်လော ဆိုသည် အထဲမှ တခုခုကို မလွဲမသွေ ရွေးချယ်ရတော့မည် ဖြစ်သည်။