အခန်း (၄)
ဂူအမ် သို့ လေယာဉ် ဆင်းပြီး ခဏ အတွင်းမှာပင် လူနာတင် ကားများ နှင့် အလောင်းများကို သယ်သွားကြသည်။ ကျွန်တော်သည် ဒပ် ကလေးကို ပွေ့ချီကာ ထမ်းစင်ပေါ် တင်ပေးလိုက်သည်။ သူ၏ ခန္ဓာကိုယ် သေးသေးသည် ကျွန်တော့်လက်ပေါ်တွင် တဖြေးဖြေး လေးလံလာသလို ထင်ရသည်။ ကျွန်တော် အနေနှင့် သူ၏ သက်မဲ့ ခန္ဓာကိုယ်လေးအား ညစ်ပတ်ပေရေနေသော လေယာဉ် ပြေးလမ်းပေါ် ချမထားရက်။
ဆေးဝန်ထမ်းက သူ့ကိုယ်လေး အား အဝတ်ဖြူ နှင့် လွှမ်းခြုံ ပေးခဲ့သည်၊ ထို့နောက် ဘွန်၏ လက်ထဲရှိ လင်း အား လှမ်းယူလိုက်ပြီး သူမ အားလည်း အလားတူ အဝတ်ဖြူ နှင့် အုပ်ပေးပြီး လူနာတင် ယာဉ် ပေါ် တင်လိုက်ကြသည်။ ကျွန်တော်လည်း ငိုချလိုက်မိသည်၊ သို့သော် ဘဝတလျောက်လုံး မကျခဲ့ဖူးသည့် မျက်ရည်များ သွန်ကျလာနေသည့် ဘွန် ကို တော့ လိုက်မမှီခဲ့။ ကျွန်တော်တို့အား အေဆန် စခန်းရှိရာသို့ ထရပ်ကားများ နှင့် သယ်ဆောင်သွားစဉ် လမ်းတလျောက် ကျွန်တော်တို့ မျက်ရည်များ တွေ တွေ စီးကျနေဆဲ ဖြစ်သည်။
စခန်း တွင် ဗိုလ်ချုပ်ကြီးကြောင့် ကျွန်တော်တို့သည် အခြား နောက်ကျမှ ရောက်လာသူ ထက် စာလျင် သက်တောင့် သက်သာ ရှိသည့် စစ်တန်းလျားရှိ အခန်းတခန်း တွင် နေရာရခဲ့သည်။ ဘွန်သည် သူ့အတွက် ပေးထားသော အိပ်စင်ပေါ်တွင် အသက်မှ ရှိသေးရဲ့လားဟု ထင်ရလောက်အောင် မလှုပ်မရှား ငြိမ်သက်နေသည်။ ရုပ်မြင်သံကြား ဖန်သားပြင်ပေါ်တွင် နောက်တနေ့ထိ မြင်နေရသော ကျွန်တော်တို့ ရွှေ့ပြောင်းခဲ့ရပုံများ ကို သတိမူမိဟန် မရှိ။
မြို့ လေး တခုလို ဖြစ်လာနေ သော ဒုက္ခသည် စခန်း အတွင်းရှိ ထောင်နှင့်ချီ သော လူများသည် ၎င်းတို့ နိုင်ငံအား မြေမြုပ်သင်္ဂြိုလ် သည့် ဈာပန အခမ်းအနားကို တက်ရောက်နေကြသည့်အလား ထိုမြင်ကွင်း ကို ကြည့်ပြီး အသံထွက်အောင် ငိုကြွေးနေကြသည်။ နိုင်ငံသည် အသက် နှစ်ဆယ့်တနှစ် သား အရွယ်တွင် ဆုံးပါးသွားခဲ့၍ အသေစော လေခြင်းဟု ယူကြုံးမရ ဖြစ်နေကြခြင်း ကြောင့်လည်း ဖြစ်ပေမည်။
ကျွန်တော် တို့ နေသော စစ်တန်းလျားတွင် ဗိုလ်ချုပ်ကြီး ၏ မိသားစု အပါအဝင် လူ တရာခန့် ရှိနေသည်။ရဟတ်ယာဉ်များသည် ဆိုင်းဂုံ မြို့ ရှိ တိုက် ခေါင်မိုးများ ပေါ် ဆင်းကာ ထွက်ပြေး ခိုလှုံမည် သူများကို သယ်ဆောင်ပြီး လေယာဉ်တင် သင်္ဘော၏ ကုန်းပတ် ပေါ်သို့ ချပေးနေသော အမည်းစက် အဖြစ်စွန်းထင်းကျန်ခဲ့တော့မည့် ပုံရိပ်များကို ကြည့်နေခဲ့မိသည်။
နောက်တနေ့တွင် ကွန်မြူနစ် တင့်ကားများက သမ္မတ နန်းတော်၏ ဂိတ်တံခါး ကို ချိုးဖျက် ဝင်ရောက်လာပြီး ကွန်မြူနစ် တပ်သားများက အမျိုးသား လွတ်မြောက်ရေး တပ်ဦး အလံတော်ကို နန်းတော် ခေါင်မိုး တွင် လွှင့်ထူလိုက်ကြသည်။ သမ္မတ နိုင်ငံများ၏ နောက်ဆုံးနေ့ရက်များ အတွင်း ဖြစ်ပျက်ခဲ့သည်များသည် ကျွန်တော်၏ ဦးနှောက်ထဲ ရှိ ပိုက်များထဲတွင် အမှတ်ရစရာများအဖြစ် ကယ်စီယမ်၊ နှင့် ထုံးဓါတ် အနည်အနှစ်များလို စွဲကပ် ကျန်ရစ်ခဲ့ပြီ ဖြစ်သည်။ ထိုည တွင် နောက်ထပ် တိုးလာရသည့် အမှတ်ရစရာများက ကြက်ကင်နှင့် ပဲသီး တောင့် ကျော်များက ကလေးများက လွဲ၍ ဒုက္ခသည် အတော်များများက စား၍ မရ ဖြစ် နေခြင်းပင် ဖြစ်သည်။
တန်းစီ ပြီး လက်ထဲရှိ ဗန်းများကို ပန်းကန်ဆေး စက်ထဲ ထည့်ရန် တန်းစီ လိုက်ကြမည် ဆိုက ကိုယ့်ကိုကိုယ် ထိုးနှက်ဖျက်ဆီးလိုက်သည့် လုပ်ရပ်မျိုး ဖြစ်သွားပေမည်။ မိမိတို့သည် အချုပ်အခြာ အာဏာပိုင် နိုင်ငံတခု၏ နိုင်ငံသား များ မဟုတ် တော့၊ လောလောဆယ် အမေရိကန် စစ်တပ်မှ အကာအကွယ် ပေးထားရသည့် ဒုက္ခသည်များ ဆိုသည့် အချက် ကို ကြေညာလိုက်သလို ဖြစ်သွားပေလိမ့်မည်။
မထိမတို့ပဲ ကျန်နေသည့် ပဲသီးတောင့် ကျော်များကို အမှိုက်ပုံးထဲသို့ ပြောင်စင်အောင် ခြစ်ပြီး ထည့်လိုက်ရသည်။ ဗိုလ်ချုပ်ကြီးက ကျွန်တော်ကို ကြည့်ပြီး ငါ့လူတွေ ဒီအချိန်မှာ ငါ့ကို လိုအပ်နေကြတယ်၊ သူတို့ဆီသွားပြီး စိတ်ဓါတ်တွေ တက်လာအောင် မျက်နှာ ပြလိုက်ဦးမယ် ဟု ပြောလာသည်။
ကျွန်တော် သည် အားတက်သရော သိပ်မရှိလှသော်လည်း ကောင်းပါတယ် ဗိုလ်ချုပ်ကြီးဟု ဝတ်ကျေတန်းကျေ ပြောလိုက်သည်။ ဖြစ်လာနိုင်သည်များကိုလည်း တွေးမနေချင်တော့၊ ဆဲတာ ဆိုတာ မျိုးတွေကို ကြံ့ကြံ့ခံနိုင်အောင် လေ့ကျင့်ထားတဲ့ စစ်သား တွေ အဖို့ အခြေအနေ ဆိုး နဲ့ ကြုံလာရချိန်မျိုး မှာ အရည်မရ အဖတ်မရ အားပေးစကားမျိုး ကို မည်သို့မျှ နေမည် မဟုတ်သော်လည်း ယခု ရောက်နေသည့် နေရာ တွင် ရှိနေသည့် ဒုက္ခသည် အများစု သည် အရပ်သားများ ဖြစ်သည် ဆိုသည်ကိုကျွန်တော်တို့ သတိလက်လွတ် ဖြစ်သွားခဲ့သည်။
ပြန်စဉ်းစားကြည့်လျင် လင်း၏ သွေးများ နှင့် စွန်းထင်းနေ၍ ယူနီဖောင်းကို ချွတ်လဲခဲ့သည်က ကံကောင်းသည်ဟု ဆိုရမည် ဖြစ်သည်။ ကျောပိုးအိတ်ထဲက ပေါ့ပေါ့ပါးပါး ရှိမည့် ရှပ်အင်္ကျီ အကွက် နှင့် ပိတ်ဘောင်းဘီ ကို ထုတ်၍ ဝတ်လာခဲ့မိသည်၊ ဗိုလ်ချုပ်ကြီးကတော့ သူ့၏ ခရီးဆောင် အိတ်သည် လေဆိပ်တွင် ပြေးရင်းလွှားရင်း ကျကျန်ခဲ့၍ ကော်လာတွင် ကြယ်ပွင့်များ တပ်ထားသည့် ယူနီဖောင်းကို ဝတ်ထားဆဲ ဖြစ်သည်။
ကျွန်တော်တို့ စစ်တန်းလျှား နှင့် အပြင်ရှိ ရွက်ဖျင်တဲများ ထိုးထားသည့် စခန်းအတွင်းမှ လွဲ၍ ဗိုလ်ချုပ်ကြီး ဘယ်သူ ဘယ်ဝါ ဖြစ်သည်ကို မျက်နှာမြင်ယုံနှင့် သိသူ အနည်းငယ်သာ ရှိသည်။ သူတို့ သိကြသည်က စစ်ယူနီဖောင်း နှင့် ရာထူး တံဆိပ်ကိုသာ ဖြစ်သည်။
ဗိုလ်ချုပ်ကြီးက အရပ်သားများ ကို ဟဲလို ဟု နှုတ်ဆက်ရင်း အဆင်ပြေကြရဲ့လားဟု နှုတ်ခွန်းဆက်လိုက်သည်။ အားလုံးက ဘာမှ ပြန်မဖြေဘဲ သုံသုံမှုန်မှုန် မျက်နှာပေး နှင့် ကြည့်နေကြသည်။ သူ သည် မျက်မှောင်ကြုံ့သွားပြီး မပွင့်တပွင့် ရယ်လိုက်သည်ကို တွေ့လိုက်ရ၍ ဇဝေဇဝါ ဖြစ်သွား မှန်း ကျွန်တော် ရိပ်စား မိလိုက်သည်။
ရွက်ဖျင်တဲ များ အကြားရှိ ညစ်တီးညစ်ပတ် ဖြစ်နေသော လမ်း အတိုင်း လျောက်လာရင်း ကျွန်တော့် စိတ်ထဲ ဘဝင်မကျ ဖြစ်လာနေသည်။ အားလုံး၏ မျက်လုံး များက လည်း ကျွန်တော်တို့ ကို စိုက်ကြည့်နေကြသည်။
ကျွန်တော်တို့ နှစ်ဦး မီတာ တရာခန့် လျှောက်လာပြီးချိန်တွင်တော့ ကျွန်တော်တို့ ဘေးတဖက် ဘယ်ကမှန်း မသိသော ကွင်းထိုး ဖိနပ်တရံ က ဝဲပျံ လာပြီး ဗိုလ်ချုပ်ကြီး၏ နားထင်ကို ထိမှန်သွားသည်။
ဗိုလ်ချုပ်ကြီးလည်း ကြက်သေ သေသွားပြီး သွားနေရာက ရပ်လိုက်သည်။ ကျွန်တော်လည်း ထို့အတူ ဘာလုပ်ရမှန်း မသိ ဖြစ်သွားသည်။ ထိုအချိန်တွင် အဖွားအို တယောက်က "အမ်မလေး..သူရဲကောင်းကြီးတဲ့ ကြည့်ကြစမ်းပါ အရပ်ကတို့" ဟု အော်လိုက်သံ ကြား၍ ဘယ်ဖက်သို့ ချာကနဲ လှည့်ကြည့်လိုက်ရာ အဖွား အိုသည် "အခု ..ငါ့ယောက်ျား ဘယ်မှာလဲ" ဟု အော်ရင်း လက်တဖက်က မပစ်ရသေးသော ဖိနပ်တရံ ကို ကိုင်ထားသည်။ အသက်အရွယ် ကြီးရင့်နေသည့် အတွက် ကျွန်တော်တို့လည်း ခုခံဖို့ မဖြစ်သည့် အနေအထား ရောက်နေသည်။
"နင်ကတော့ ရှိနေတယ်၊ ငါ့ယောက်ျားကတော့ မရှိတော့တာ ဘာကြောင့်လဲ" ဟု အော်ဟစ်နေပြန်သည်။ "နင်လည်း ငါ့ယောက်ျားလို နိုင်ငံကို အသက်ပေး ကာကွယ်ရမယ့် တာဝန် မရှိဘူးလား၊ ဘာလို့ ဒီ ရောက်နေရတာလဲ"၊
ပြောပြောဆိုဆို နှင့် ဗိုလ်ချုပ်ကြီး၏ မေးစေ့ကို သူ့လက်ထဲက ဖိနပ်နှင့် ဖြတ်ရိုက်ထဲ့လိုက်သည်။ ကျွန်တော်တို့ နောက်တွင် မိန်းမ၊ ယောက်ျား၊ သက်ကြီးရွယ်အိုများ၊ မသန်မစွမ်း ဖြစ်နေသူများပါ မကျန် စုပြုံ လာကြသည်။ လက်ထဲတွင်လည်း ရှူးဖိနပ်များ၊ ကွင်းထိုးဖိနပ်များ၊ ထီးများ၊ တုတ်ကောက်များ၊ ဦးထုတ်များ ကိုင်ထားကြသည်။ ပါးစပ်ကလည်း "ငါ့သား ဘယ်မှာလဲ၊ ငါ့အဖေ ဘယ်မှာလဲ၊ ငါ့ အကို ဘယ်မှာလဲ" အစရှိသဖြင့် မျိုးစုံ အော်ဟစ်နေကြသည်။
ဒေါသထွက်နေသော လူအုပ်ကြီးက သူ့အား ရိုက်သူရိုက်၊ ယူနီ ဖောင်းကို ဆွဲဖြဲသူ ဆွဲဖြဲ၊ ကုတ် ဆွဲသူ ဆွဲ လုပ်လာကြ၍ ဗိုလ်ချုပ်ကြီးက လက်နှစ်ဖက် နှင့် ခေါင်းကို ကာပြီး ငုံလိုက်သည်။ ကျွန်တော်က ဗိုလ်ချုပ်ကြီးလို ကိုယ်ထိ လက်ရောက် တိုက်ခိုက်ခြင်း မခံရသော်လည်း ဝဲပျံလာသော ဖိနပ်များ ထိမှန်ခံရပြီး ထီးနှင့် တုတ်ကောက်များ နှင့် ရိုက်နေသူများ ကို ဝင်ဆွဲ ပြီး ကာပေးရ သည့် ဒဏ်ကိုတော့ ခံခဲ့ရသည်။ အမျိုးသမီးများက ကျွန်တော်ကို တွန်းထိုးပြီး ဗိုလ်ချုပ်ကြီး နား ရောက်အောင် အလုအယက် တိုးကပ်လာကြသည်။
ဗိုလ်ချုပ်ကြီးကတော့ မြေကြီးပေါ်တွင် ဒူးထောက်ရက်သား ဖြစ်နေချေပြီ။ လူအုပ်ကြီး ဒေါသ ထွက်မည် ဆိုလည်း ထွက်စရာပင် ဖြစ်သည်။ ကျွန်တော်တို့၏ အမွှန်းတင် ခံထားရသော ဝန်ကြီးချူပ်က တမြန်နေ့ကပင် စစ်သားများ နှင့် လူထုကို နောက်ဆုံး တယောက်ကျန်သည် အထိ တိုက်ခိုက်သွားဖို့ ပြောခဲ့ပြီး ဖြစ်သည်။
ဝန်ကြီးချုပ်သည် လေတပ် မာရှယ်တဦးသာ ဖြစ်ပြီး သမ္မတ နှင့် မရောထွေးသင့်ဟု ရှင်းပြ နေလည်း အချည်းနှီးသာ ဖြစ်မည်၊ သူတို့နှစ်ဦးစလုံးသည် မာန နှင့် လောဘဇော တိုက်ကြသည့် နေရာတွင်သာ တူညီကြသူ များ ဖြစ်သည်။ လေတပ် စစ်ဦးစီးချုပ် တဖြစ်လဲ ဝန်ကြီးချုပ် သည် ရဲရဲတောက် မိန့်ခွန်းကို ရေဒီယို မှ ပြောဆိုပြီး နာရီ ပိုင်း အတွင်း မှာပင် ရဟတ်ယာဉ် ဖြင့် နိုင်ငံ မှ ထွက်ပြေးသွားတော့သည်။ ၎င်းသည် စစ်သားများကို တာဝန်ခံ အုပ်ချုပ်ရသူ မဟုတ် ဆိုသည်ကို ရှင်းပြနေ၍လည်း အကျိုးထူး မည် မဟုတ်၊ သို့သော် လျို့ဝှက် ပုလိပ် အဖွဲ့ အကြီးအကဲ ကိုတော့ အရပ်သားများ က မုန်းတီးနေကြပြီးလည်း ဖြစ်သည်။
မည်သို့ပင် ဖြစ်စေ ယခု အချိန် တွင်တော့ ဆဲဆို ကျိန်ဆဲ နေကြသည့် အမျိုးသမီးများက နားဝင်ကြမည် မဟုတ်။ ကျွန်တော်သည် အမျိုးသမီး အုပ်ထဲ အတင်းတိုး ဝင် သွားပြီး ဗိုလ်ချုပ်ကြီး ပေါ် ကျွန်တော် ကိုယ် နှင့် အုပ်၍ ကာ ပေးလိုက်သည်။ ကျွန် တော် တကိုယ်လုံးလည်း အထုအနှက် များ နှင့် တံတွေး များ နှင့် ဝိုင်းထွေးခံ နေရသည်မှာ ဗိုလ်ချုပ်ကြီးကို အတင်း ဆွဲ ထုတ် လာပြီးနောက်မှသာ သက်သာ ရာ ရသွားခဲ့သည်။
ကျွန်တော်လည်း ဟို အတိုင်း သွားဟု သူ့နားကပ်ပြောပြီး လမ်းပြလိုက်ရသည်။ ဒုတိယ နေ့တွင်လည်း ယခုလိုပင် အသက်ဘေး မှ မနည်းလွတ်အောင် ရှောင်ခဲ့ရပြန်သည်။ ထို့နောက်တွင်တော့ စခန်းမှ လူများလည်း ကျွန်တော်တို့ကို ကိုယ်ထိ လက်ရောက် ရန် မရှာတော့ဘဲ တွေ့သည်နှင့် ရွံရှာသည့် အကြည့်မျိုးဖြင့် ကြည့်ခြင်း၊ အသံသေး အသံကြောင် ဖြင့် "အလကားကောင် တွေ၊ လူယုတ်မာတွေ၊ လူ ကြောက်တွေ" ဟု အော်ဟစ်ခြင်း မျိုးလောက်သာ လုပ်တော့သည်။