ကျွန်တော် တကိုယ့် နှစ်စိတ် နှင့် သူလျို(30)

by Hla Soewai - Apr 21 2025

ကျွန်တော်သည် ထိုကဲ့သို့ စော်ကားမော်ကား အပြောများ၊ လေးခွ များ နှင့် ယဉ်ပါးပြီး ဖြစ်သော်လည်း ဗိုလ်ချုပ်ကြီးကတော့ ကျွန်တော်လို မဟုတ်၊ အမောတကော ပြေးလာကြရင်း ကျွန်တော်တို့ တန်းလျား ရှေ့ ရောက်မှ ရပ်လိုက်ကြသည်။ သူ့မျက် နှာ တွင် တော့ ထိတ်လန့် တုန်လှုပ်သည့် အမူအရာ များ အတိုင်းသား တွေ့နေရသည်။

 

သူ့ ပုံစံ က ဘိုသီဘတ်သီ ဖြစ်နေပြီး ကော်လာ ပေါ်ရှိ ကြယ်ပွင့်များလည်း စုတ်ပြဲနေသည်။ အင်္ကျီ ကြယ်သီး တဝက်ခန့်လည်း မရှိတော့။ အင်္ကျီ လက်သည်လည်း ပြဲရွဲနေသည်။ ပါး နှင့် လည်ပင်း တွင်လည်း ခြစ်ရာ ကုတ်ရာ များ ဖြင့် သွေးများ စို့နေသည်။

 

"ငါ အထဲကို ဒီအတိုင်း ဝင်လို့ မဖြစ်ဘူးကွ" ဟု ပြောလာသည်၊ အဲ့တာဆို ရေချိုး တဲ့ နေရာက စောင့်နေ၊ ကျွန်တော် အဝတ်အစား သစ်တွေ သွားရှာပြီး ပြန်လာခဲ့မယ်။ ကျွန်တော်လည်း တန်းလျားက အရာရှိများထံမှ အင်္ကျီ နှင့် ဘောင်းဘီ အသစ်တစုံ တောင်းယူခဲ့သည်။ ကျွန်တော်လည်း စစ် ထောက်လှန်းရေး ဖက်က လူများ နှင့် ‌လိုက်တမ်းပြေးတမ်း ကစားရင်း အခုလို အင်္ကျီ ဘောင်းဘီတွေ စုတ်ပြဲ ကုန်ရခြင်း ဖြစ်ကြောင်း ရှင်းပြခဲ့ရသည်။

 

ရေချိုး သည့် နေရာ ပြန်ရောက်သည့် အခါ ဗိုလ်ချုပ်ကြီးသည် လက်ချိုး ကြွေဇလုံ ရှေ့တွင် ရပ်နေပြီး မျက်နှာ ကို ဆေးကြောနေသည်၊ မျက်နှာ ပေါ်ရှိ အညို အမည်းများ ကင်းစင်သွားသော်လည်း အရှက်တရားကိုတော့ ဆေးကြောပစ် နိုင်ခဲ့ခြင်း မရှိ။

 

ဗိုလ်ချုပ်ကြီး ဟု ကျွန်တော် စကားစ လိုက်ရာ ...မင်းပါးစပ် ပိတ်ထား ဟု ပြောရင်း သူ့မျက်နှာကိုယ် သူ ပြန်ကြည့်နေသည်။ ငါ့ကို ဒီအကြောင်း ဘယ်တော့မှ စကား မစနဲ့၊ တကယ်လည်း ကျွန်တော်တို့ ဘယ်တော့ မှ ထိုအကြောင်း ကို မပြောဖြစ်ကြတော့။

 

နောက်တနေ့ တွင် လင်း နှင့် ဒပ် တို့ကို မြေမြုပ် သင်္ဂြိုလ်လိုက်ကြသည်။ သူတို့ နှစ်ဦး၏ အေးစက်သော သက်မဲ့ ခန္ဓာကိုယ်များသည် ရေတပ်၏ ရေခဲတိုက်ထဲတွင် လဲလျောင်းနေသည်။ သေဆုံးရသည့် အကြောင်းရင်းသည် အမျိုးအစား မသိရသော ကျည်တတောင့် ကြောင့် ဟု ရေးသားထားသည်။

 

ထိုကျည်ဆံသည် မိတ်ဆွေထံမှ လာနိုင်သလို ရန်သူ ဖက်မှလည်း လာနိုင်သည့် အခွင့်အလန်းက တူညီနေ၍ ဘွန် ၏ စိတ်အာရုံထဲရှိ မရပ်မနား လည်ပတ်နေသော ဝင်ရိုးပတ်ပတ်လည် တွင် အမြံလို ချာလပတ် ရမ်းကာ လှောင်ပြောင် ခြောက်လှန့် နေပေတော့မည်။

 

ဘွန် သည် ပိတ်ဖြူစကို သူ့၏ အိပ်ယာခင်း မှ ဆွဲဖြဲပြီး ဝမ်းနည်းခြင်း အထိမ်းအမှတ် နှင့် ခေါင်းတွင် ပတ်ထားသည်။ ဒပ်၏ အခေါင်းလေး ကို မိခင် ၏ ‌အခေါင်း ပေါ်တွင် အသာအယာ ချလိုက်သည်၊ သားအမိ နှစ်ယောက်စလုံး သံသရာ တလျောက် အတူ နေသွား နိုင် ဖို့ ရည်ရွယ်ပြီး အတူ မြုပ်နှံ လိုက်ခြင်း ဖြစ်သည်။

 

ဘွန်သည် တွင်းထဲသို့ ခုန်ဆင်းလိုက်ပြီ ဘာကြောင့် ငါ့ကို မထိတာလဲ၊ ငါ့ကို ထိလိုက်ပါတော့လား ဟု အခေါင်းကို မျက်နှာ နှင့် အပ်ရင်း အော်ဟစ်နေသည်။ ကျွန်တော်လည်း မျက်ရည်များ စီးကျလာရင်းက သူ့ကို ထိန်းရန် တွင်းထဲ လိုက်ခုန်ဆင်းလိုက်ရသည်။ ဘွန် ကို အပေါ်ကို ဆွဲတင်ပြီး မြေ‌ဆိုင် မြေခဲ များ ကို အခေါင်းပေါ်သို့ ဖို့ နေကြသည်ကို ဝိုင်းကူညီ ပေးလိုက်သည်၊ ဗိုလ်ချုပ်ကြီး ၊ ဇနီး ဖြစ်သူ နှင့် တရား ဟော ဆရာ တို့က တိတ်တိတ်ဆိတ်ဆိတ် ပင် ရပ်ကြည့်နေကြသည်။

 

သေဆုံးသွားသူ နှစ်ဦး စလုံးသည် အပြစ်ကင်းသူ များ ဖြစ်ပြီး ကျွန်တော်၏ ခေါင်းကိုင်သား ဖြစ်သူ ဒပ် အား သားအရင်းတဦး ပမာ ချစ်ခင်ခဲ့ရသူ ဖြစ်သည်။ ၎င်းတို့၏ နေရပ်ရင်း ဖြစ်သော မြေကြီး အောက်သို့ ပြန်ဝင်ရန် စောင့်နေသည့် မြေကြီးပုံ ထဲ သို့ ဂေါ်ပြားကြီး တချက် နှစ်ပြီး ကော်ထည့် လိုက်တိုင်း ကျွန်တော် စိတ်ထဲ တိုး၍ ယုံကြည်လာရသည်က သက်မဲ့ ခန္ဓာကိုယ် နှစ်ခု သည် တကယ် သေဆုံးခဲ့ကြခြင်း မဟုတ်ဘဲ ပုံဆွဲ ဆရာတို့ စိတ်ကူး ဖြင့်ပင် ချယ်မှုန်း၍ မရသော နတ်ဘုံ နတ်နန်းများ ရှိရာ တနေရာသို့ အသွား စွန့်ပစ်ခဲ့ကြသည့် အဝတ်ဟောင်းများသာ ဖြစ်မည်၊ ကျွန်တော်၏ မထေရ် ကြီး ဖြစ်သော ဖခင်ကလည်း ထိုသို့ပင် ယုံကြည်ခဲ့ဖူးသော်လည်း ကျွန်တော်ကတော့ ထိုစဉ်က မယုံကြည်နိုင်ခဲ့။

 

နောက်ရက်များ တွင် ဝမ်းနည်းပူဆွေး နေရင်းက အ‌ခြေ အနေ ကို စောင့်ကြည့်နေခဲ့သည်။ ရင်ထုမနာ ဖြစ်ခဲ့ရမှု များက တဖြေးဖြေး အသားကျလာချိန်တွင်တော့ ကယ်လီဖိုးနီယား ပြည်နယ် ဆန်ဒီဂိုး အနီးရှိ ပင်ဒဲတန် စခန်း သို့ ရွှေ့ပြောင်းခံခဲ့ရသည်၊ ဒီတကြိမ်တွင်တော့ လေယာဉ် နှင့် ဖြစ်သည်။ ကိုယ့်ထိုင်ခုံ နှင့် ကိုယ် ဘေး တွင်လည်း ပြတင်းပေါက် နှင့် အကျ အန စီးလာခဲ့ရခြင်း ဖြစ်သည်။

 

ပင်ဒဲတန် စခန်းသည်လည်း နောက်ထပ် ဒုက္ခသည် စခန်း တခုသာ ဖြစ်သည်။ သို့သော် အနေအထားက ယခင်ကထက် အများကြီး သာသည်၊ တရှိန်ထိုး အားကောင်းလာနေသော အမေရိကန် အိမ်မက်များ၏ အကျိုးကို ခံစားလာရခြင်းလည်း ဖြစ်သည်။

 

ဂူအမ် တွင်တော့ ဒုက္ခသည် အများစုသည် မရိမ်းတပ်သားများ ကမန်းကတန်း ဆောက်ပေးထားသည့် ရွက်ဖျင်တဲများ ဖြင့် နေခဲ့ကြရသည်။ ပင်ဒဲတန် တွင်တော့ ကိုယ့် တန်းလျား နှင့် ကိုယ် ဖြစ်လာသည်။ အမေရိကန် တို့၏ လူနေမှု ကို ခရေစေ့တွင်းကျ လေ့လာ သင်ယူ နိုင်ရန် စခန်းသွင်းထားခြင်းလည်း ဖြစ်သည်။

 

ထိုစခန်းသို့ ကျွန်တော်တို့ ရောက်သည့် အချိန်က ၁၉၇၅ နွေရာသီ ဖြစ်သည်၊ ထိုအခါကျမှပင် ပဲရစ်ရှိ မန်း ၏ အ‌ဒေါ်ဖြစ်သူထံ စာရေး ဖြစ်တော့သည်။ တကယ်တမ်း တွင် ကျွန်တော် ရေးသမျှသည် သူမ အား ရည်ညွှန်းခြင်း မရှိဘဲ မန်းသိအောင် ရေးနေခြင်းသာ ဖြစ်သည်။

 

အရင်က သဘောတူထားသည့် အတိုင်း ရာသီဥတု၊ သာကြောင်း မာကြောင်း၊ ပြင်သစ် နိုင်ငံရေး စသည့် အကြောင်းအရာများ နှင့် စ ခဲ့ရသည်။ ထိုစာသားများ အကြား ကျွန်တော် ပြောလိုသည်များကို မမြင်ရသော မှင် ဖြင့် ရေးသလို ရေးခဲ့ရပြီး မန်းဖက်က အဓိပ္ပါယ် ဖေါ်နိုင်ရန် ညှပ်ထဲ့ ခဲ့ရသည်။

 

အမေရိကား တွင် ရောက်နေသည့် ပထမဆုံး နှစ်လည်း ဖြစ်၍ ထိုသို့ ရေးရန် များများစားစား မလိုအပ်၊ မည်သူကမျှ လည်း တန်ပြန် ထိုးစစ် ဆင်ဖို့ စည်းရုံး လှုံ့ဆော်မှု များ မရှိသေး။ ထိုသို့ မရှိသေးသည်ကပင် အရေးပါသော ထောက်လှန်းရေး သတင်းတခု ပင် ဖြစ်သည်၊ တကူးတက လျို့ဝှက် ရေးသား နေဖို့လည်း မလိုအပ်သေးပေ။

 

"ချစ်ခင်ရပါသော အ‌ဒေါ် ခင်ဗျာ၊" ဟု ကျွန်တော် အဒေါ် ရင်းအလား အစချီ လိုက်သည်။ အကြာကြီး အဆက်အသွယ် ပြတ်ခဲ့ပြီးမှ ယခု ရေးမည့် အကြောင်းသည် အထိတ်တလန့် များ ဖြစ်နေ၍လည်း စိတ်မကောင်း ဖြစ်ရပါတယ် ဟု ထဲ့ ရေးလိုက်ရသည်။

 

ဘွန် ၏ အနေအထားက တိုးတက်မလာ၊ ညဖက် အိပ်မပျော်ဘဲ လူးလှိမ့်နေသံများကို သူ့ အောက်ရှိကျွန်တော် အိပ်စင်မှ အတိုင်းသား ကြားနေရသည်။ ကြုံတွေ့ခဲ့ရသည်များက သူ့အဖို့ အစိမ်းလိုက် ကျပ်ကင် ခံနေရသလို ဖြစ်နေသည်။ သူ့ ဦးနှောက်ခွံထဲတွင် မှိတ်တုတ် မှိတ်တုတ် လင်းလက်နေသည်များကို ကျွန်တော် မြင် နိုင်နေသည်။ ကျွန်တော်တို့ ပစ်ထားခဲ့သည်ဟု သူ ယုံကြည်နေသည့် မန်း၏ မျက်နှာ၊ လင်း နှင့် ဒပ်တို့၏ ပုံရိပ်များ၊ ကျွန်‌ တော် နှင့် သူ့ လက်များတွင် ပေကျံခဲ့သော သွေးများ အစရှိသည်တို့က တလှည့်စီ ပြေးလွှားနေကြမည်သာ ဖြစ်သည်။

 

ကျွန်တော်သာ ဘွန်အား အိပ်စင်မှ အတင်းဆွဲချပြီး ထမင်းစားဆောင်သို့ ခေါ်မသွားခဲ့ဘူး ဆိုက ငတ်သေနေ‌လောက်ပြီ ဖြစ်သည်။ ကျွန်တော်တို့လည်း စားပွဲများ တွင် အများ နှင့် အတူ ရောနှောထိုင်ပြီး အရသာ မရှိသည့် ခေါက်ဆွဲကြော်များ ကို စားခဲ့ကြသည်။ စခန်းထဲ ရှိ ထောင်ချီရှိသော လူများ နှင့် အတူ ရော၍ အကာအရံ သီးသန့် မရှိသော ရေချိုးဆောင် တွင် ရေချိုးကြရသည်။ တန်းလျား တွင်လည်း လူစိမ်းများ နှင့် အတူ နေခဲ့ရသည်။ ဗိုလ်ချုပ်ကြီးလည်း ကျွန်တော် တို့လိုပင် နေခဲ့ရသည်။