လူသား ကွန်ယက်(22)

by Hla Soewai - Apr 28 2025

အလွန် အကျွံ ဖြစ်စဉ် တခုကို နမူ နာ အဖြစ် ဆွဲထုတ်ပြရမည် ဆိုက ယေရှု အကြောင်းပင် ဖြစ်သည်။ နှစ်ပေါင်း နှစ်ထောင်ကျော် ယေရှု အကြောင်း ပြောလာသော ဇာတ်ကြောင်းများ ဖြင့် ထူးခြား ဆန်းကြယ်သော ဖြစ်စဉ် များ နှင့် လွှမ်းခြုံပေးလာခဲ့မှု များ ကြောင့် ၎င်း အား သမိုင်းဝင် ပုဂ္ဂိုလ် အဖြစ် ဆွဲထုတ်ပြရန် မဖြစ်နိုင်တော့ပေ။ သန်းပေါင်းများစွာသော ခရစ်ယာန် ဘာသာ ကို ကိုးကွယ်ယုံကြည်သူ များ အတွက် ယေရှု အား နိပတ်များ မှ ကွဲပြားသော လူသား အစစ်အမှန် ဖြစ်ကြောင်း တင်ပြယုံမျှ နှင့်ပင် ဘာသာတရားကို စော်ကား မော်ကား လုပ်မှု ဖြစ်လာခဲ့သည်။

 

ကျွနုပ်တို့ ပြောနိုင်သလောက် က ယေရှု အစစ်အမှန်သည် သာမန် ဂျုးလူမျိုး တရားဟော ဆရာ တဦး ဖြစ်ပြီး တရားဟောခြင်း၊ နာမကျန်း ဖြစ်သူများကို ကုသပေးခြင်း တို့ဖြင့် နောက်လိုက် နောက်ပါ အနည်းငယ် ရှိလာသူ ဖြစ်သည်။ သို့သော်လည်း ၎င်း ကွယ်လွန်သွားပြီး နောက်တွင် သမိုင်းတွင် အထင်ရှားဆုံး ကုန်အမှတ် တံဆိပ် တည်‌ ဆောက်ရေး လှုပ်ရှားမှု၏ အဓိက ဇာတ်ကောင် ဖြစ်လာခဲ့သည်။

 

ယေရှု သည် ပြည်နယ်တခု ၏ နယ်နမိတ် အတွင်း သာ လူသိများခဲ့သည့် ဂုရုကြီး တဦးသာ ဖြစ်ပြီး ၎င်း၏ တိုတောင်းလှသော သက်တမ်း အတွင်း နောက်လိုက် နောက်ပါ သာဝက လက်တဆုပ်စာ ခန့်သာ ရရှိခဲ့သူ ဖြစ်သည်။ သို့သော် ၎င်းအား သာမန် ရာဇဝတ်သား တဦး အဖြစ် ကွပ်မျက်ခံခဲ့ရပြီး နောက်တွင်မူ စကြာဝဠာ ကြီး အား ဖန်တီးရှင် ဘုရားသခင် ၏ ကိုယ်ထင်ရှား ပြခံရသူ အဖြစ် ပုံဖေါ်ခြင်း ခံခဲ့ရသည်။

 

ထိုခေတ် က ယေရှု ၏ ပုံတော်ဟူ၍ ထွက်ပေါ်လာခြင်း မရှိ ခဲ့သည့် အပြင် သမ္မာ ကျမ်းစာတွင်လည်း မည်သို့ မည်ပုံ ရှိသည်ဟု ဖေါ်ပြထားခြင်း မရှိသော်ငြားလည်း စိတ်ကူး ဖြင့် ပုံဖေါ်ခဲ့သော ၎င်း၏ ရုပ်ပုံလွှာသည် ကမ္ဘာတဝှမ်း တွင် မြင်သည်နှင် ဘယ်သူဘယ်ဝါ မှန်း သိသည် အထိ ထင်ရှား ကျော်ဇောခဲ့သည်။

 

ဤနေရာတွင် အလေးအနက် ပြောဖို့လိုလာသည်က ‌ယေရှူ အကြောင်း ကို တမင်တကာ လိမ်လည် ဖန်တီးခဲ့ခြင်း မဟုတ် ဆိုသည်ပင် ဖြစ်သည်။ သူတော်စင်များ ဖြစ်သော ပေါလ်၊ တာတူလီယန်၊ ရှင် ဩဂတ်စတင်း နှင့် မာတင် လူသာ တို့သည် မည်သူတဦးတယောက်ကိုမျှ လိမ်လည်ရန် ကြံစည်ခဲ့ကြသူ များ မဟုတ်ကြပေ။ ၎င်းတို့၏ နက်ရှိုင်းစွာ ဖြစ်ပေါ်လာသော မျှော်လင့်ချက်များ နှင့် စိတ်ခံစားမှု များကို ယေရှူ အပေါ် ပုံအော်ခဲ့ကြခြင်းပင် ဖြစ်သည်။ အလား တူပင် ကျွနုပ်တို့သည်လည်း ပုံမှန်အားဖြင့် စိတ်ခံစားမှု များကို မိဘများ၊ ချစ်သူများ၊ ခေါင်း‌ဆောင်များ အပေါ် ပုံထားတတ်ကြသည်။

 

ကုန်အမှတ်တံဆိပ် တည်ဆောက်ရေး လှုပ်ရှားမှုများသည် တစ်ခါတစ်ရံတွင် သတင်းအမှားများဖြင့် လှည့်စားသော လုပ်ရပ်များ ဖြစ်သော်လည်း သမိုင်း၏ အမှန်တကယ် ကြီးမားသော အကြောင်းအရာအများစုမှာမူ စိတ်ခံစားချက်ဆိုင်ရာ ခန့်မှန်းချက်များနှင့် အလိုရှိရာကို မျှော်လင့်တွေးတောခြင်းတို့၏ ရလဒ်များ ဖြစ်ခဲ့ကြသည်။

 

အလေး အနက် ကိုးကွယ် ယုံကြည်သူများသည် သည် အဓိက ဘာသာကြီးများ နှင့် ဝါဒရေးရာများ ထွန်းကား ပျံ့ပွား လာရေး တွင် အဓိက အခန်းမှ ပါဝင်လေ့ ရှိသည်။ ယေရှု၏ ဇာတ်ကြောင်းသည် သမိုင်းကို ပြောင်းလဲသွားအောင် လုပ်နိုင်ခဲ့သည် မှာလည်း အလေး အနက် ကိုးကွယ် ယုံကြည်သူများ ထုနှင့် ထယ် နှင့် ရှိလာသောကြောင့်ပင် ဖြစ်သည်။

 

ထိုသို့ ရှိလာပြီး နောက်တွင် ယေရှု၏ ဇာတ်ကြောင်းသည် ယေရှု ကိုယ်တိုင်ထက် သမိုင်းကို ပိုမို ကြီးမားသော သက်ရောက်မှု ရှိလာအောင် စီမံပေးနိုင်ခဲ့သည်။ ယေရှူ ကိုယ်တိုင် သက်ရှိထင်ရှား ရှိခဲ့စဉ်က ၎င်း၏ ခြေနှစ်ချောင်း နှင့်ပင် တရွာဝင် တရွာထက် သွားလာကာ လူများ နှင့် အတူစား၊ အတူ ထိုင်ကာ ပြောဆိုခဲ့သည်။ နာမကျန်း ဖြစ်နေသူများအားလည်း ကိုယ်ထိ လက်ရောက် ကုသပေးခဲ့သည်။

 

ဤသို့ဖြင့် ရော မ တိုင်းနိုင်ငံ အတွင်းရှိ မထင်မရှား ပြည်နယ် လေး တခု အတွင်း နေထိုင်လျက် ရှိသောလူ ထောင်ပေါင်းများစွာ၏ ဘဝ ထူးခြား ကောင်းမွန်လာအောင် ပြုလုပ်ပေးနိုင်ခဲ့သည်။

 

ထို့နောက်တွင်တော့ ယေရှု၏ ဇာတ်ကြောင်းသည် ပထမ တွင် တယောက်စကား တ‌ယောက်နားဖြင့်သော်၎င်း၊ ပုံတိုပတ်စ များဖြင့် သော်၎င်း၊ ကောလဟသ များ ဖြင့်သော်၎င်း ကမ္ဘာတဝှမ်း ပျံ့နှံ့လာခဲ့သည်။ ထို့နောက်တွင်တော့ ပေပုရပိုက်များ၊ ပန်းချီကားများ၊ ရုပ်ထုများ ထွက်ပေါ်လာပြီး ယခု အခါ လူကြိုက်များလာသည့် ရုပ်ရှင်ကားများ၊ အင်တာနက် များ မှတဆင့် အားလုံးသိသည့် အဖြစ် ရောက်လာခဲ့သည်။

 

ဘီလီယံ နှင့် ချီသော လူများသည် ယေရှု အကြောင်း ကြားဖူးယုံတင်မက ယုံကြည်လာခဲ့ကြသည်။ ဤသည်ကပင် ကမ္ဘာကြီး တွင် အကြီးမားဆုံး နှင့် ဩဇာ အလွှမ်းနိုင်ဆုံးသော ကွန်ယက်ကြီး ပေါ်ပေါက်လာခဲ့ရတော့သည်။

 

ယေရှုကဲ့သို့သော ဇာတ်ကြောင်းများအား ယခင်ရှိနေပြီးသား ဇီဝဗေဒ ဆိုင်ရာ နှောင်ကြိုးများ အဖြစ် ချဲ့ထွင်နိုင်သည့် နည်းလမ်းတခု အဖြစ်လည်း ရှုမြင် နိုင်ပေသည်။

 

မိသားစု ဆိုသည်က လူသား များ အတွက် အကြီးမားဆုံး နှောင်ကြိုးပင် ဖြစ်သည်။ လူသားများ အကြား ပုံဝတ္ထု များ ဖြင့် ယုံကြည်မှု တည်ဆောက်နိုင်သည့် နည်းလမ်းတခုသည် အဆိုပါ လူစိမ်းများအား တဦးနှင့် တဦး မိသားစု အဖြစ် ထင်မြင်လာအောင် ပြုလုပ်ပေးခြင်းပင် ဖြစ်သည်။

 

ယေရှု ဇာတ်ကြောင်းသည် လူသားအားလုံး အား ယေရှု ကို ဖခင်ကြီး အဖြစ် ထင်မြင်လာအောင် လုပ်ပေးနိုင်ခဲ့သည်။ သန်း ရာပေါင်းများစွာ ရှိသော ခရစ်ယာန် ဘာသာဝင်များအားလည်း တဦး နှင့် တဦး ညီရင်းအကို မောင်ရင်းနှမ များကဲ့သို့ ယူဆလာအောင် တွန်းအား ပေးနိုင်ခဲ့သည်။ အမှတ်ရစရာ အထိမ်းအမှတ်များကိုလည်း တစုတဝေးတည်း ဖန်တီးပေးခဲ့သည်။

 

ခရစ်ယာန် အများစုသည် နောက်ဆုံးညစာ တွင် ကိုယ်တိုင်ကိုယ်ကျ မရှိကြသော်လည်း ထိုအကြောင်းကို ကြိမ်ဖန်များစွာ ကြားခဲ့ရပြီးလည်း ဖြစ်သည်။ ထိုအဖြစ်အပျက် နှင့် ပတ်သက်၍ ပုံရိပ်များကိုလည်း မကြာခဏ မြင့်တွေ့ခဲ့ကြပြီး ဖြစ်သည်။ ဤသို့ဖြင့် ၎င်းတို့ ကိုယ်တိုင် ထိုင်ကာ မိသားစု လက်ဆုံ စားခဲ့ကြသည့် ညစာ ထက် ‌ယေရှု၏ နောက်ဆုံးညစာ ပုံရိပ်လွှာများကို ပျက်ပျက်ထင်ထင် အမှတ်ရနေခဲ့ကြခြင်း ဖြစ်သည်။