နိုင်ငံတကာ ရေးရာ မိတ်ဆက်(111)

by Hla Soewai - Apr 28 2025

ကမ္ဘာလုံးဆိုင်ရာ အဖွဲ့အစည်းကြီး များကဲ့သို့ လူတိုင်းပါဝင်လာသည့် ပုံစံမျိုး မဟုတ်ဘဲ၊ သီးခြားရည်ရွယ်ချက်တစ်ခုကို အောင်မြင်အောင် လုပ်ဆောင်ဖို့အတွက် စွမ်းရည်ရှိသော နိုင်ငံများ၊ ရည်ရွယ်ချက်တူသော နိုင်ငံများ စုပေါင်းပြီး ဘက်စုံ ပူးပေါင်းဆောင်ရွက်ခြင်း သည် သာ ကမ္ဘာ စနစ်ကြီး စနစ်တကျရှိအောင် ထိန်းသိမ်း မြှင့်တင် နိုင်မည် ဖြစ်သည်။

 

ဥပမာ အားဖြင့် ၁၉၉၀ ကျော် နှစ်များ အတွင်း ယူဂို ဆလားဗီယား တွင် စစ်ရေး အရ ပါဝင် ပတ်သက်ရန် လိုအပ်လာနေချိန်တွင် ထို အရေးကို ရုရှားသည် ဗီတိုအာဏာ သုံး၍ ဟန့်တားခဲ့သည်၊ ထိုအခါ တွင်တော့ နေတိုး မဟာမိတ် အဖွဲ့ဝင် နိုင်ငံများ စုပေါင်း၍ ပါဝင်လာခဲ့ရသည်။

 

အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ ဂျာမဏီ၊ အီတလီ၊ ကနေဒါ၊ ဂျပန် နှင့် ရုရှားတို့ ပါဝင်သည့် G8 နိုင်ငံများ အဖွဲ့လည်း ရှိသေးသည်။ ထိုအဖွဲ့အား ကမ္ဘာစီးပွားရေး နှင့် တခါတရံ ပေါ်ပေါက်လာသော နိုင်ငံရေး အကျပ်အတည်း များ အစရှိသည့် ပြဿနာများကို တနှစ်တခါ ‌တွေ့ဆုံပြီး ညှိညှိနှိုင်းနှိုင်း ဖြင့် တုန့်ပြန်နိုင်ရန် ၁၉၇၀ ကျော် နှစ်များ အတွင်း ဖွဲ့စည်းလာခဲ့ခြင်း ဖြစ်သည်။

 

စတင်ဖွဲ့စည်းစဉ်က G7 အဖြစ် ခုနှစ်နိုင်ငံသာ ပါဝင်သော်လည်း ၁၉၉၈ တွင် ရုရှားကို ပါ ထည့်သွင်းခဲ့၍ G8 ဖြစ်လာသော်လည်း နောက်ပိုင်းတွင် အဖွဲ့ဝင် အဖြစ်မှ ရပ်ဆိုင်းပစ်ခဲ့သည်။

 

ထို့ပြင် ရုရှား၊ တရုတ် နှင့် အခြား အလယ်အလတ် အဆင့်ရှိ နိုင်ငံများ ပါဝင်သော G20 အဖွဲ့အားလည်း ၁၉၉၉ တွင် စတင် ဖွဲ့စည်းခဲ့ပြီး နှစ်စဉ် တွေ့ဆုံဆွေးနွေး ခဲ့ကြသည်။ ထိုအဖွဲ့သည်လည်း ကမ္ဘာပြဿနာ များကို ဖြေရှင်း နိုင်ရန် ကြိုးစားခဲ့ကြသည်။

 

 ကျဉ်းမြောင်းသော ရည်ရွယ်ချက်များ နှင့် ဖွဲ့စည်းထားသော အုပ်စုငယ်လေးများလည်း ရှိသည်။ ထို အဖွဲ့များသည်လည်း ကမ္ဘာ စနစ်ကြီး တည်တံ့ နိုင်ရေး ကို အထောက်အကူ ပြု ခဲ့ကြသည်။

 

နိုင်ငံတကာ ဥပဒေ

 

နိုင်ငံတကာ ဥပဒေ သည် နိုင်ငံတကာ ဆက်ဆံရေး ၏ ကဏ္ဍ ပေါင်းစုံ နှင့် ထိတွေ့ခဲ့သည့် အပြင် ကမ္ဘာစနစ်ကြီး တည်တံ့နိုင်ရန် ထိမ်းသိမ်းပေးသည့် အရင်းအမြစ် များထဲတွင် တခု အပါအဝင် ဖြစ်လာသည်။ ပို၍ အရေးပါလာရသည်က အင်အား အသုံးပြု ရေးသည် မိမိကိုယ် မိမိ ကာကွယ် နိုင်ရန် လိုအပ်သည်လော၊ အကြောင်းအကျိုး ညီညွတ်မှု ရှိသည်လော အစရှိသည့် အ‌နေအထားများကို ခင်းကျင်း ပြသလာခဲ့သည်။

 

စစ်အင်အားကို အသုံးပြုသင့် မပြုသင့်၊ သုံးဖို့လိုအပ်လာလျင်လည်း ရန်စလာသည့် အတိုင်းအတာ နှင့် လျှော်ညီစွာ မည်သည့် အတိုင်းအတာ အထိသာ သုံးရမည်၊ အရပ်သား များ အား ရန်မမူဘဲ ရန်သူများကိုသာ ဦးတည် တိုက်ခိုက်ရမည် အစရှိသည့် မူများကို ချမှတ်ပေးခဲ့သည်။ ထို့အပြင် ဓါတုလက်နက်များ ကို မည်သို့သော အခြေအနေ မျိုး တွင် မှ အသုံးပြုခြင်း မရှိရ ဟုလည်း ပြဋ္ဌာန်းပေးထားခဲ့သည်။

 

အဓိကအခက်အခဲသည်က လက်ရှိတည်ရှိနေတဲ့ ကမ္ဘာကြီးအား နိုင်ငံတစ်ခုအတွင်းရှိ လူ့အဖွဲ့အစည်းတစ်ခုနှင့် ရောထွေးပြီး ယူဆ၍ မရ ဖြစ်နေခြင်းပင်။ စစ် နှင့် ငြိမ်းချမ်းရေး ဆိုသည့် ပြဿနာ များ အပေါ် အမှန်တကယ် အာဏာသက်ရောက်နိုင်သည့် ကမ္ဘာတရားရုံးတော် ဟူ၍ မရှိ ဖြစ်နေသည်။

 

ဟိဂ် တွင် တည်ရှိသည့် နိုင်ငံတကာ တရားရုံးချုပ်အိုင်စီ‌ ဂျေ သည် တကယ်တမ်း ဆိုရလျင် လုပ်ပိုင်ခွင့် အတိုင်းအတာအားဖြင့် အများကြီး ပို၍ ကျဉ်းမြောင်းပြီး နည်းပညာပိုင်းဆိုင်ရာနှင့် အညီသာ စစ်ဆေး ဆုံးဖြတ်တတ်သည့် သဘောသဘာဝ ရှိနေသည်။ နိုင်ငံတကာ ရာဇဝတ်မှု များ ‌ဆိုင်ရာ တရား ရုံးချုပ် အိုင်စီစီ သည်လည်း စစ်ရာဇဝတ်မှု များ ကျုးလွန်သည်ဟု စွပ်စွဲခံထားရသူများကို သာ စစ်ဆေးစီရင် ရ၍ အခွင့် အာဏာအား ဖြင့် ကျဉ်းမြောင်းသည်။ သို့သော် ထိုကဲ့သို့သော ကမ္ဘာတရားရုံး မျိုး ရှိနေခြင်းသည်ပင် လူပုဂ္ဂိုလ်များ နှင့် အစိုးရများအား ရက်စက်ကြမ်းကြုပ်စွာ ကျုးလွန်ခြင်း မပြု နိုင်အောင် ဟန့်တား ပေးထားသလို ဖြစ်နေ သည်။

 

တရားရုံးကို ပို၍ အားနည်းစေခဲ့သည်က စွပ်စွဲ ခံထားရသော ရာဇဝတ်ကောင်များကို ဖမ်းဆီးနိုင်ခြင်း မရှိမှု နှင့် အမေရိကန် သည် အဖွဲ့ဝင် အဖြစ် ပါဝင်လာခြင်း မရှိမှု တို့ ဖြစ်သည်။ အမေရိကန် သည် အိုင်စီစီ မှ ၎င်းတို့၏ စစ်သားများ နှင့် သံတမန်များကို ဖမ်းဆီးပေးရန် အမိန့်ထုတ်လာမည်ကို စိုးရိမ်သော ကြောင့်လည်း ဖြစ်သည်။

 

‌ယေဘုယျ အားဖြင့် ဆိုရလျင် ငြိမ်းချမ်း ရေး ကို ထိန်းသိမ်းရန် လိုအပ်လျင် လိုအပ်သလို ဝင်ရောက်စွက်ဖက် နိုင်သည့် ကမ္ဘာပုလိပ် အဖွဲ့ကြီး ရှိမနေခြင်းပင် ဖြစ်သည်။ ကမ္ဘာ "အကျဉ်းထောင်" ဟူ၍ လည်း မရှိသည့် အပြင် ချမှတ်ထားသော စည်းမျဉ်းများကို ချိုးဖောက်သူများ အား သေချာပေါက် အပြစ်ပေး နိုင်ရန် အာမ ခံနိုင်ခြင်း မျိုးလည်း မရှိ ဖြစ်နေသည်။

 

စစ်ပွဲ ဖြစ်ပွားမှု နှုန်း နှင့် အကြမ်းဖက်မှု များကို ကန့်သတ်ပေး နိုင်ရန် နှင့် ကမ္ဘာစနစ်ကြီး ခိုင်ခံအောင် ရည်ရွယ်သည့် ဥပ‌ဒေများက အမြောက်အမြား ရှိနေခဲ့ပြီး ဖြစ်သည်။

 

အဆိုပါ ဥပဒေများ၏ တခုတည်းသော ဦးတည်ရာသည် စစ်ပွဲတပွဲ ဆင်နွှဲရန် ကျိုးကြောင်း ခိုင်လုံမှု ရှိမရှိ ကို ဆုံးဖြတ် နိုင်ရန် အတွက် ဖြစ်သည်။ ယင်းအား လက်တင်ဘာသာဖြင့် jus ad bellum (right to war) ဟု သတ်မှတ်ထားကြသည်။ အဓိက အားဖြင့် တိုက်ခိုက်လာသူ နှင့် ကျူးကျော်ခံရသူ များသည် မိမိကိုယ် မိမိ ကာကွယ်ခြင်း ဟုတ်မဟုတ်၊ တရားဝင်မှု ရှိမရှိ ဆိုသည့် မူ အပေါ် ကျယ်ကျယ်ပြန့်ပြန့် အခြေခံထားသည်။ ဆိုလိုသည်မှာ သိမ်းပိုက်ခံထားရသည့် နယ်မြေ အား လွတ်မြောက်လာစေရန်၊ တိုက်ခိုက်လာနေမှု ကို ဟန့်တားရန် ဆိုသည့် ရည်မှန်းချက် များသည် တရားဝင်သည်ဟူ၍ ဖြစ်သည်။ ယင်းအား ကုလသမဂ္ဂ ပဋိညာဉ် စာတမ်းတွင် ထည့်သွင်း ပြဋ္ဌာန်းထားပြီးလည်း ဖြစ်သည်။