ကျွန်တော် တကိုယ့် နှစ်စိတ် နှင့် သူလျို(31)

by Hla Soewai - Apr 28 2025

ကျွန်တော်လည်း ဗိုလ်ချုပ်ကြီး နေရာ တန်းလျားတွင် သူ၏ ဇနီး၊ ကလေး လေးယောက် တို့ နှင့် အချိန်ဖြုန်းနေသည်က များသည်။ ထိုတန်းလျား တွင် သူတို့ မိသားစု ကြီး ပဲ နေ နေရသည် မဟုတ်၊ အခြား မိသားစု သုံးစု နှင့် အတူ ရောနေရသည်။

 

သူတို့အားလုံးသည် အရာရှိငယ်များ၏ မိသားစု များ ဖြစ်ပြီး ဗိုလ်ချုပ်ကြီးက သူနေ နေရပုံများကို ကျွန်တော်အား ရင်ဖွင့်ခဲ့သည်။ တန်းလျားထဲတွင် မိသားစု တစု နှင့် တစု အကြား အဝတ်လှန်းသည့် တန်းပေါ်တွင် လိုက်ကာ စ များ တင်၍ ခြား ပေးထားသည်ကို လက်ညိုး ထိုးပြရင်း ငါတို့ ဘယ်လို နေ နေရလဲ ဆိုတာ သာ ကြည့်‌ တော့။ သူ၏ ဇနီး နှင့် ကလေးများ မကြားအောင်လည်း တဖက်ကအနေအထိုင် မဆင်ခြင်ကြဟု ဆိုသည်။

 

ဒီတရိစ္ဆာန် ကောင် တွေက နေ့မရှောင် ညမရှောင် ဟိုဒင်း ပဲ လုပ်နေကြတာကွာ ဟု ဗိုလ်ချုပ်ကြီးက ကျွန်တော်နှင့် အတူ တန်းလျားရှေ့က အင်္ဂတေ နှင့် လုပ်ထားသော လှေကားထစ်တွင် ထိုင်ရင်းက ဒေါသတကြီး ပြောလာသည်။ ကျွန်တော်တို့ နှစ်ယောက်လည်း ဈေး အပေါဆုံး အရက်ပင် မမှီဝဲ နိုင်ကြတော့ဘဲ စီးကရက် ခဲရင်း လ္ဘက်ရည်ကို ဇိမ်ခံသောက်နေကြရသည်။ ဒီကောင်တွေက သူ့တိုကလေးတွေ၊ ငါ့ကလေးတွေ ရှေ့မှာတောင် အရှက်မရှိကြတော့ဘူး၊

မင်း သိ လား တနေ့က ငါ့ သမီးအကြီးမ က ဘာလာမေးလဲ ဆိုတာ၊ ဒက်ဒီ..ပြည့်တန်ဆာ ‌ဆိုတာ ဘာကို ပြောတာလဲ တဲ့၊ အိမ်သာတွေ ဘေးမှာ ဒါမျိုး လုပ်စားနေကြတာကို တွေ့လို့ နေမှာပေါ့။

 

ကျွန်‌တော့်တို့ တန်းလျား ရှေ့ လမ်းတဖက်ခြမ်းတွင်လည်း တန်းလျား တခု ရှိ‌နေသည်။ ထိုတန်းလျား မှ လင်မယား ချင်း ခွန်ကြီး ခွန်းငယ် စကားများရာမှ ရုတ်ခြည်းဆိုသလို သတ်ကြပုတ်ကြသည့် အဆင့်အထိ ဖြစ်ကုန်သည်။ လှမ်းကြည့်၍ မမြင်ရသော်လည်း ရိုက်နှက် သံ၊ မိန်းမ လုပ်သူ ၏ စူးစူးဝါးဝါး အော်ဟစ်သံ များကို အတိုင်းသား ကြားနေရသည်။ တအောင့်လောက် အကြာတွင် တန်းလျား ရှေ့ လူများ စုဝေးလာကြသည်။

 

ထိုအဖြစ်ကို ကြည့်ပြီး ဗိုလ်ချုပ်ကြီးက တရိစ္ဆာန်တွေ ဟု ရေရွတ်ကာ သက်ပြင်း တချက် ချလိုက်သည်။ ထို့ နောက် သတင်းကောင်း ပြောရဦးမယ် ဆိုကာ သူ့ အိပ်ကပ်ထဲမှ သတင်းစာ ဖြတ်ပိုင်းတခုကို ဆွဲထုတ်လိုက်ပြီး ကျွန်တော်ထံ လှမ်းပေးလိုက်သည်။

 

မင်း သူ့ကို မှတ်မိလားဟု မေးလာ၍ ကိုယ့်ကိုကိုယ် သေနတ်ပစ်ပြီး သတ်သေသွားပြီ၊ ဒါ သတင်းကောင်းလားဟု ကျွန်တော်က မေးလိုက်ရင်းက သတင်း စာ ရွက်ကို လက်နှင့် ပွတ်နေမိသည်၊ သူ က သူရဲကောင်း တယောက် ပဲကွ ဟု ဗိုလ်ချုပ်ကြီးက ပြောသည်။

 

သတင်းဟောင်း တခုဖြစ်ပြီး ဆိုင်းဂုံ ကျပြီး ရက်အနည်းငယ် လောက် က သတင်းစာ ဖြစ်သည်။ ဗိုလ်ချုပ်ကြီး ထံသို့ အာကင်ဆပ် ရှိ နောက်ထပ် ဒုက္ခသည် စခန်းတခု မှ မိတ်ဆွေ ဖြစ်သူက ပေးပို့ခဲ့ခြင်း ဖြစ်သည်။ ဆောင်းပါး၏ အလယ်တွင် သေသူ၏ ဓါတ်ပုံကို ထဲ့ထားသည်။ ဗိုလ်ချုပ်ကြီး‌ လေဆိပ်သို့ ဆင်းကာနီး ဝင်၍ အလေးပြုခဲ့သည့် အထိမ်း အမှတ် ကျောက်တိုင် ခြေရင်း တွင် ပက်လက်လန် လဲကျနေပုံ ဖြစ်သည်။

 

အကယ်၍သာ ကိုယ့်ကိုကိုယ် သတ်သေသွားသည်ဟု အောက်တွင် စာတမ်း မပါခဲ့လျင် ပူပြင်းသော နေ့တနေ့ တွင် ကောင်းကင် ကို မော့ကြည့်ပြီး အနားယူနေသလားဟု ထင်မိမည် ဖြစ်သည်။

 

ကျွန်တော်တို့ ဂူအမ်သို့ သွားနေသည့် အချိန် တင်ကား များ မြို့ထဲ ဝင်လာကြသည်၊ ထိုအချိန်တွင် ဒုတိယ ဗိုလ်မှုးကြီးသည် အထိမ်းအမှတ် ကျောက်တိုင် ရှိရာ ရောက်လာပြီး သူ၏ သေနတ်ဖြင့် ပြောင်နေသော ခေါင်းကိုချိန်ကာ အဆုံးစီရင်သွားခြင်းပင် ဖြစ်သည်။

 

တကယ့်ကို သူရဲကောင်း ပီသ ပါပေတယ် ဟု ကျွန်တော်က ပြောလိုက်သည်။ သူတွင် ဇနီး နှင့် သားသမီးများ ကျန်ခဲ့သည်။ ဘယ်နှစ်ယောက်လဲ ဆိုတာ မမှတ်မိတော့၊ ကျွန်တော်သည် သူ့ကို ကြိုက်သည်လည်း မဟုတ်၊ မကြိုက်သည်လည်း မဟုတ်၊ သူ့ကို ကျွန်တော်တို့ နှင့် တပါတည်း ခေါ်ဖို့ စဉ်းစားခဲ့ဖူးသော်လည်း ချန်ထားခဲ့လိုက်သည်။

 

ကျွန်တော် တွင် အပြစ်မကင်းသလို သိုးသိုးသန့်သန့် ခံစားမိလိုက်သည်။ ထိုသို့ လုပ်မည်မှန်း သိခဲ့မည် ဆိုလျှင် ...

 

ကျွန်တော် ထဲက တယောက်ယောက် သိခဲ့လျင်ကော၊ ဒီလိုမျိုး လုပ်မည်ကို မည်သူကကော သိနိုင်ပေမည်နည်း။ ကျွန်တော့် အောက်ရှိ လူများ သေဆုံးကုန်ကြပြီး ဖြစ်သည်။ ထိုသို့ သေဆုံးသွားတိုင်း ကျွန်တော် ဆိုးဆိုးဝါးဝါး ခံစားခဲ့ရသည်။ သေခြင်းတရားသည်လည်း ကျွန်တော်တို့ လုပ်နေသည့် အလုပ် နှင့် အတူ ကပ်ပါလာနေသည်၊ ကျွန်တော်တို့ အလှည့်လည်း တရက်တွင် ရောက်လာပေဦးမည်။ လက်ရှိတွင်တော့ ကျွန်တော် လုပ်နိုင်တာ ဆို၍ သူ့ကို အာဇာနည် တယောက် အဖြစ် သတိရ‌နေ ဖို့ သာ ဖြစ်သည်။

 

ကျွန်တော်တို့ နှစ်‌ယောက်လည်း ကိုင်ထားသော လ္ဘက်ရည် ခွက်များကို မြှောက်၍ ဒုဗိုလ်မှုးကြီး အတွက် အမှတ်တရ ဆုတောင်းလိုက်ကြသည်။ တကယ်တမ်းတွင် သူ့ကိုယ်သူ သတ်သေသွားသော လုပ်ရပ်မှ လွဲ၍ မည်သည့် အခါမျှ သူရဲကောင်း တ‌ယောက် မဟုတ်ခဲ့ဆိုသည်ကို ကျွန်တော် သိထားပြီး ဖြစ်သည်။ ဤသည်ကို ဗိုလ်ချုပ်ကြီးလည်း သိထားပုံရသည်။ သူသာ အသက်ရှိနေသေးရင် ငါတို့ အတွက် အသုံးဝင်လာနိုင်တယ်ဟု ပြောလာသည်။

 

ကျွန်တော်က ဘာအတွက်လည်းဟု ပြန် မေးလိုက်သည်။

 

ကွန်မြူနစ်တွေ ဘာလုပ်နေလဲဆိုတာ စောင့်ကြည့်ခိုင်းလို့ ရတာပေ့ါကွ၊ သူတို့လည်း ငါတို့ ဘာလုပ်နေတယ် ဆိုတာ စောင့်ကြည့်ခိုင်းရင် ခိုင်းထားမှာပေါ့၊ မင်း အဲ့ဒီလို မတွေးမိဘူးလား။

 

သူတို့က ဘယ်လိုလုပ် ကျွန်တော်တို့ကို စောင့်ကြည့်နေလို့ ရမှာလဲ။

 

သူတို့ ဘက်တော်သား တွေ၊ ငါတို့ထဲ ထည့်ထားတဲ့ စပိုင်တွေ၊ နှစ်ပေါင်း များစွာထဲက ငါတို့ဖက်မှာ လာမြုပ်ထားတဲ့ အေးဂျင့် ‌တွေ ရှိနေမှာပေါ့ကွ။

 

ဖြစ်နိုင်ပါတယ်ဟု ပြောရင်း ကျွန်တော့် လက်ဖဝါးများ အေးစက်လာသည်။ သူတို့ ကောက်ကျစ်ပေမယ့် အဲ့လောက်ထိ လုပ်ဖို့ စဉ်းစားမိလောက်အောင် ထက်မြက်တဲ့ လူ‌ တွေ မရှိပါဘူး။

 

ကျွန်တော့် စကားကြောင့် ဗိုလ်ချုပ်ကြီးက ကျွန်တော်အား စူးစူးစိုက်စိုက် ကြည့် လိုက်သည်။ ကျွန်တော် အပေါ်လည်း သံသယ ရှိကောင်း ရှိနေ နိုင်သည်။ ကျွန်တော်ကလည်း သူ့ကို ပြန်စိုက်ကြည့် နေခဲ့သည်။

 

ကျွန်တော့် ခေါင်းကို သူ့လက်ထဲက လ္ဘက်ရည် မတ်ခွက် နှင့် ရိုက်ချ လိုက်လျင် ကျွန်တော်မှာ ရှောင်ဖို့ စက္ကဝက် လောက်ပင် အချိန် ရတော့မည် မဟုတ်။

 

ဗီယက်ကောင်းတွေရဲ့ ဒလျိုတွေက နေရာတိုင်းမှာ ရှိနေကြတော့ အခု ငါတို့ထဲ မရှိနိုင်ဘူး လို့ ပြောလိုမရဘူး ဟု သူက ဆက်ပြောပြန်သည်။

 

ကျွန်တော်တို့ထဲ က တယောက်ယောက် စပိုင် ဖြစ်နိုင်တယ်လို့ ဗိုလ်ချုပ်ကြီး တကယ် ထင်နေတာလား ဟု မေးလိုက်ရင်း ဒီတကြိမ်တွင်တော့ ကျွန်တော့် မျက်လုံး အိမ်မှ လွဲ၍ တကိုယ်လုံး ဇောချွေး ပြန်လာနေပြီ ဖြစ်သည်။