ကျွန်တော် တကိုယ့် နှစ်စိတ် နှင့် သူလျို(38)

by Hla Soewai - Jun 18 2025

စာထဲတွင် ချစ်ရသော တူမောင်ကြီး ရေ ဟု အစချီကာ နောက်ဆုံးစာကို ဖတ်ရလို့ ကျေးဇူး အရမ်း တင် ကြောင်း၊ တလောက ရာသီဥတု အတော်လေး ဆိုးသွားခဲ့ကြောင်း၊ လေတွေတိုက်ပြီး အရိုးခိုက်အောင် အေးကြောင်း၊ ဆိုင်တွင် ဖောက်သည်များ နှင့် အဆင်ပြေ အောင် အပြင် နှင်းဆီပန်းများကိုလည်း အတော်လေး ဂရုစိုက်ရကြောင်း၊ ဆရာဝန် နှင့် တွေ့ခဲ့ပြီး ဆေးစစ်ရာ မှ ကျန်းမာရေး ကောင်းသည်ဟု သိခဲ့ရကြောင်း များ အသေးစိတ် ပါရှိလာသော်လည်း ရာသီဥတု နှင့် ပတ်သက်၍ ရေးထားသည်များသာ အရေးကြီး သည်။

 

ရာသီဥတု အကြောင်း များ အကြားရှိ ကွက်လပ် တွင် ဆန်မှုံ့ မှ ထွက်လာသည့် ကော် တမျိုး နှင့် မမြင်ရအောင် ရေးထားသည့် မင်း ၏ မက်ဆေ့ခ်ျ ပါလာ၍ ဖြစ်သည်။

 

မနက်ဖန် ဘွန်သည် ဘုရားကျောင်းသို့ ခဏတဖြုတ် သွားပြီး သန့်ရှင်းရေး လုပ်စရာ ရှိနေသည်။ ထိုအခါကျမှ အိုင်အိုဒင်း အရည် ရောစပ်ထားသည့် ရေထဲသို့ ဘရပ်ရှ် ကို နှစ်ပြီး ပန်းရောင် မှင် ဖြင့် ရေးထားသော စာ ပေါ်သို့ သုတ်ကာ ဂဏန်းများ ပေါ်လာအောင် လုပ်ရမည်။ ထို နံပတ်များသည် Asian Communism and the Oriental Mode of Destruction စာအုပ်ပါ စာမျက်နှာ နံပတ် နှင့် စာကြောင်းရေ ဘယ်လောက် ဆိုသည်တို့‌ ဖြစ်သည်။ထိုစာအုပ်အား မန်း သည် အနုပညာ ဆန်ဆန် ရွေးပေးထားခြင်း ဖြစ်ပြီး ကျွန်တော့်ဘဝ အတွက် အလွန် အရေးပါ‌သော စာအုပ်တအုပ်လည်း ဖြစ်သည်။

 

မန်း၏ မမြင်ရသော မက်ဆေ့ခ်ျ မှ တဆင့် လူများသည် စိတ်ဓါတ်များ တက်ကြွနေကြပြီး နိုင်ငံ ပြန်လည် တည်ဆောက်ရေးသည်လည်း တဖြေးဖြေး နှင့် အရှိန်ရလာနေပြီ ဆိုသည်ကို သိလိုက်ရသည်။ သူ၏ အထက်အရာရှိများကလည်း ကျွန်တော်၏ သတင်းပေးပို့သည်များ အပေါ် ကျေနပ်အားရ နေကြသည်ဟု ဆိုသည်။ မကျေနပ်စရာလည်း အ‌ကြောင်း မရှိ။

 

ပြည်ပြေး များ အကြားတွင်လည်း ဆံပင်‌ တွေ ဖွ၊ သွားတွေ ကြိတ်နေကြခြင်း မှ အပ ဘာမှ ထူးထူးခြားခြား ဖြစ်တာမျိုး မရှိ၊ ကျွန်တော် အတွက်လည်း ပြောင်းဆန်မှုန့် နှင့် ရေ ရော၍ မမြင်ရသည့် စာမျိုး ရေးစရာ မလိုလှ။

 

ကျွန်တော် သည် အရက်နာ ကျနေ၍ လော၊ စိတ်ထဲ အောက်မေ့စိတ် ပေါ်လာ၍ လော မသိ၊ ယခု လ သည် ဆိုင်းဂုံ ကျသည် သို့်မဟုတ် လွတ်‌ မြောက်သည်ဟု ဆိုမလား၊ မည်သို့ပင် ဆို‌ စေ ကာမူတနှစ်တင်းတင်း ပြည့်သွားသည့် လ ဖြစ်သည်ကို ခေါင်းထဲ ရောက်လာခဲ့သည်။

 

ကျွန်တော် အဖို့လည်း ဒုက္ခ ရောက်‌ နေခဲ့သည်မှာ တနှစ်တင်းတင်း ပြည့်လာသည့် အထိမ်းအမှတ်အဖြစ် အဒေါ် ဖြစ်သူထံ စာရေးဖြစ်ခဲ့သည်။ စာထဲတွင် တိုင်းပြည်မှ ထွက်ပြေးလားသူများ မျက်ရက်စက်လက် နှင့် ပြောသည်များကို ထည့်ရေးခဲ့သည်၊ ကျွန်တော်လည်း ထိုအတိုင်း ခံစားမိ၍ ဖြစ်သည်။

 

စပွန်ဆာ လုပ်ပေးမည်သူ မရှိက ခုတိုင် စခန်းတွင် နေရဦးမည် ဆိုသည်လည်း ပါသည်။ အလုပ်အကိုင် ရှိနေဖို့လည်း အာမခံရမည်၊ သို့မှသာ ကျွန်တော်တို့သည် အစိုးရ၏ လူမှု ဖူလုံကြေး အပေါ် မှီခို နေရသူ များ ဖြစ်လာကြမည် မဟုတ်။

 

ထိုကဲ့သို့ လတ်တလော စပွန်ဆာ ရှာမရသူများက ကျွန်တော်တို့ကို အလုပ်ပေးခဲ့ကြဖူးသည့် ကုမ္ပဏီများ၊ ကျွန်တော်တို့ကို အကြံဉာဏ်များ ပေးခဲ့ကြဖူးသည့် စစ်သားများ၊ ကျွန်တော်တို့ နှင့် အတူ အိပ်ခဲ့ဖူးသည့် အမျိုးသမီးများ၊ ဂရုဏာ ရှိလှပါသည်ဆိုသော ဘုရားကျောင်းများ၊ နောက်ဆုံး ခဏတဖြုတ် သိကျွမ်းခဲ့သူများပါ မကျန် စပွန်ဆာ ပေးရန် မျှော်လင့်ချက်ဖြင့် အသနားခံစာ များ ရေးသားပေးပို့ခဲ့ကြသည်။

 

ကျွန်တော်တို့ထဲက အချို့သည် တကိုယ်တည်း ထွက်လာကြသူများဖြစ်ပြီး အချို့က မိသားစုနှင့် ဖြစ်သည်။ ထိုအထဲမှ မိသားစု အချို့ သည် တကွဲတပြားစီ ဖြစ်ကုန်ကြသည်။ အချို့က မွေးရပ်မြေ ကဲ့သို့ပင် နွေးထွေးသော ရာသီဥတု ရှိသည့် အနောက်ဖက် ပိုင်းတွင် ‌နေခွင့်ရခဲ့လို အချို့က အသံထွက် ဖို့ပင် မလွယ်သည့် အယ်လာဘာမား၊ ဂျော်ဂျီယာ၊ ကင်တပ်ကီ၊ မစ်ဆူရီ၊ မွန်တာနား၊ တောင် ကာရိုလိုင်နား အစရှိသည့် နေရာများ သို့ အပို့ခံကြရသည်။

 

ကျွန်တော်တို့လည်း ကိုယ့်ဘာသာ စကား နှင့်ပင် အသံထွက်တတ်သလို ခေါ်ဝေါ်သုံးနှုန်းခဲ့ကြသည်။ ဥပမာ ချီကာဂိုသည် Chick-ah-go၊ နယူး‌ယောက်သည် New-ark၊ တက်ဆပ်စ် အား နှစ်လုံးခွဲ၍ Tex-ass ဟူ၍ ဖြစ်ကုန်သည်။ ကယ်လီဖိုနီးယား က Ca-Li ဖြစ်သွားသည်။

 

စခန်း မှ မထွက်မီ အားလုံးက သွားရမည့်နေရာသစ်၏ ဖုန်းနံပတ်၊ လိပ်စာများ အချင်းချင်း ဖလှယ်ခဲ့ကြသည်။ ဘယ်မြို့တွင် အလုပ်ကောင်းကောင်း ရနိင်မည်၊ ဘယ် ပြည်နယ် တွင် အခွန်အတုပ် သက်သာမည်၊ လူမှုဖူလုံ‌ ရေး ထောက်ပံ့ကြေး ပိုရနိုင်သည်၊ လူမျိုး ခွဲခြား ဆက်ဆံမှု သိပ်မရှိ လှသည် နေရာ ဟုတ်မဟုတ်၊ ကျွန်တော်တို့ နှင့် အသွေး အရောင်တူသူ များ မများ အစရှိသည်တို့ ကို ဒုက္ခသည် အချင်းချင်း ကိုယ့်နည်း ကိုယ့်ဟန် ဖြင့် ဆက်သွယ်စုံစမ်းနိုင်ရန် ဖြစ်သည်။

 

အားလုံး အတူတကွ နေခွင့်ရမည် ဆိုလျင် ကျွန်တော် တို့ အချင်းချင်း တစုတဝေး တည်း မြို့ရွာ နယ်ပယ် တခု ကောင်းကောင်း တည်ဆောက်နိုင်ပြီး အမေရိကန် နိုင်ငံရေး ဖင် ပေါ်က ဝက်ခြံ ဖု လေး တဖု လောက် ဖြစ်လာနိုင်ကြောင်းပါ အဒေါ်ဆီ ရေးသော စာထဲတွင် ထည့်ရေးလိုက်သည်။ 

 

ကိုယ့်အထဲက နိုင်ငံရေးသမားတွေ၊ ရဲအရာရှိတွေ၊ စစ်သားတွေ၊ ဘဏ်လုပ်ငန်းရှင်တွေ၊ အရောင်းသမားတွေ၊ အင်ဂျင်နီယာတွေ၊ ဆရာဝန်တွေ၊ ရှေ့နေတွေ၊ စာရင်းကိုင်တွေ၊ ထမင်းချက်တွေ၊ သန့်ရှင်းရေးသမားတွေ၊ အိမ်ဖော်တွေ၊ စက်ရုံပိုင်ရှင်တွေ၊ စက်ပြင်ဆရာတွေ၊ စာရေးတွေ၊ သူခိုးတွေ၊ ပြည့်တန်ဆာတွေ၊ လူသတ်သမားတွေ၊ စာရေးဆရာတွေ၊ အဆိုတော်တွေ၊ သရုပ်ဆောင်တွေ၊ ဉာဏ်ကြီးရှင်တွေ၊ ဆရာသမားတွေ၊ ရူးသွပ်သူတွေ၊ ဘုန်းကြီးတွေ၊ သီလရှင်တွေ၊ ကိုရင်တွေ၊ ဗုဒ္ဓဘာသာဝင်တွေ၊ ကက်သလစ်ဘာသာဝင်တွေ၊ Cao Dai ဘာသာဝင်တွေ၊ မြောက်ပိုင်း၊ အလယ်ပိုင်းနဲ့ တောင်ပိုင်းက လူတွေ၊ အရည်အချင်းရှိသူတွေ၊ သာမန်လူတွေ၊ ဉာဏ်နည်းသူတွေ၊ မျိုးချစ်တွေ၊ သစ္စာဖောက်တွေ၊ ကြားနေတွေ၊ ရိုးသားသူတွေ၊ လာဘ်စားသူတွေ၊ လျစ်လျူရှုသူတွေ အစရှိသည့် လုံလောက်သော လူဦးရေနှင့် ကိုယ့်ဘာသာကိုယ် တစုတဝေး တည်း ရပ်တည်နိုင်မည်။

 

ဒီတိုင်းသာ ဖြစ်ခဲ့မည် ဆိုလျင် ကျွန်တော်တို့ရဲ့ ကိုယ်စားလှယ်ကို ကွန်ဂရက် အတွက် ရွေးချယ်ပြီး အမေရိက တွင် ကျွန်တော်တို့၏ အသံကို ပိုင်ဆိုင်နိုင်လာ တော့မည်။ မူရင်း Little Saigon ကဲ့သို့ ကမောက်ကမ ရှုပ်ရှုပ် ထွေးထွေး နှင့် ပျော်ရွှင်စရာကောင်းသည့်နေရာလေးတစ်ခု ဖြစ်လာ ပေမည်။ ထို့အတွက်ကြောင့်လည်း ကျွန်တော်တို့ကို အတူတူနေခွင့်မပေးဘဲ ဗျူရိုကရေစီ၏ အမိန့်ဖြင့် ကျွန်တော်တို့၏ ကမ္ဘာသစ်သည် လောင်ဂျီကျု နှင့် လတ္တီကျုတိုင်းဆီကို ကွဲလွင့်လာခဲ့ကြခြင်း ဖြစ်သည်။