နိုင်ငံတကာ ရေးရာ မိတ်ဆက်(122)

by Hla Soewai - Jul 30 2025

ကမ္ဘာ လစ်ဘရယ် စနစ်

 

လစ်ဘရယ် သို့မဟုတ် စည်းမျဉ်းကို အခြေပြုသည့်ကမ္ဘာစနစ် ကြီး ဆိုသည်ကို အများအပြား ပြောဆို ရေးသားခဲ့ကြပြီး ဖြစ်သည်။ အဆိုပါ စနစ်ကြီး ဆိုသည်ကား ဒုတိယ ကမ္ဘာစစ်ကြီး အပြီး ဖွဲ့စည်းလာခဲ့သော ကမ္ဘာ ကုလသမဂ္ဂ၊ နိုင်ငံတကာ ငွေကြေးရံပုံငွေ အဖွဲ့ (IMF)၊ ကမ္ဘာ့ဘဏ်၊ ထို့နောက်တွင် ကမ္ဘာ့ ကုန်သွယ်ရေး အဖွဲ့ကြီး (WTO) ၏ ရှေ့ပြေး ဖြစ်သော GATT ခေါ် ကုန်သွယ်ရေး နှင့် အခွန်စည်းကြပ်မှု ဆိုင်ရာ အထွေထွေ သ‌ဘောတူညီချက် တို့ကို ရည်ညွှန်းခြင်း ဖြစ်သည်။

 

ထိုအဖွဲ့အစည်းများသည် အငြင်းပွားမှု များကို ငြိမ်းချမ်းစွာ ဖြေရှင်းရန်၊ လွတ်လပ်သော ကုန်သွယ် စနစ် ဖွံ့ဖြိုးတိုးတက်လာအောင် မြှင့်တင် အကောင်အထည် ဖေါ်ရန်၊ နယ်ခြား ဖြတ်ကျော် ရင်းနှီး မြုပ်နှံမှု များ နှင့် ကူးသန်းရောင်းဝယ်ရေး များ ဖြစ်ထွန်းလာအောင် တွန်းအားပေးနိုင်ရန် တို့ အတွက် ဖွဲ့စည်းလာ ခဲ့ခြင်းဖြစ်သည်။

 

အဆိုပါ စနစ်သည် လစ်ဘရယ် ဖြစ်သော်လည်း ယခုခေတ် နိုင်ငံရေး အသုံးအနှုန်း နှင့်မူ ဆန့်ကျင်ပြီး ရှေးယခင် အခြေအနေများ နှင့် ပို၍ နီးစပ်သည်။ ပါဝင်သော နိုင်ငံများသည် ဒီမိုကရေစီ ဆန်ပြီး စည်းမျဉ်းကို အခြေခံ၍ အားလုံး ကို တံခါး ဖွင့်‌ ပေးလားခြင်းမျိုး ဖြစ်သဖြင့်လည်း မိမိတို့ သဘောဆန္ဒ အလျောက် ပါဝင်လာကြခြင်း ဖြစ်သည်။

 

အင်အားချိန်ခွင်လျှာ နှင့် ငြိမ်းချမ်းရေး ကိုလည်း အမေရိကန် ပြည်ထောင်စုသည် ဥရောပ နှင့် အာရှ ရှိ မဟာမိတ် များ နှင့် အတူ သမာရိုးကျ စစ်အင်အာ၊ နျူကလီယား လက်နက်များ နှင့် ကျောထောက် နောက်ခံပြုကာ ပူးတွဲ၍ ထိန်းသိမ်းထားခဲ့သည်။

 

အင်အားချိန်ခွင်လျှာ ထိန်းသိမ်းနိုင်ခဲ့၍လည်းဟန့်တားနိုင်ခြင်း နှင့် လက်နက် ထိန်းချုပ်‌ ရေးကို အထောက်အကူ ပြုလာခဲ့သည်။ နျူကလီယား လက်နက်များ အသုံးပြုမလာနိုင်အောင်လည်း အာမခံ နိုင်ခဲ့သည်။

 

လွတ်လပ်စွာ ကုန်သွယ်နိုင်ခွင့် ရလာ၍ မဟာမိတ်နိုင်ငံများ ခိုင်မာ တောင့်တင်းလာခဲ့သည်။ ရန်မူလိုသည့် နိုင်ငံများအတွက်လည်း ဖျက်လိုဖျက်ဆီး မလုပ်ရန် မက်လုံးတခု ဖြစ်လာခဲ့သည်။

 

ရုရှား (ယခင် ဆိုဗီယက် ယူနီယံ) နှင့် တရုတ်တို့သည်လည်း ထိုစနစ် တွင် ထူးထူးခြားခြား နေရာတခု ယူကာ ရပ်တည်လာခဲ့ကြသည်။ နှစ်နိုင်ငံ စလုံးသည်လည်း ကုလ သမဂ္ဂ လုံခြုံရေး ကောင်စီ ၏ အမြဲတမ်း အဖွဲ့ဝင် နိုင်ငံများ ဖြစ်သည်။ ထို့အပြင် ကမ္ဘာဘဏ်၊ IMF နှင့် WTO အဖွဲ့ဝင် များလည်း ဖြစ်သည်။ G-8, G-20 ကဲ့သို့ သော အုပ်စုများတွင်လည်း ပါဝင်ခဲ့သည်။ (၂၀၁၄ တွင် ကရိုင်းမီယား အား ကျုးကျော်ခဲ့သဖြင့် ရုရှားအား G-8 အဖွဲ့ဝင် အဖြစ်မှ ရပ်ဆိုင်းခဲ့သည်။)

 

ထိုကဲ့သို့ အဖွဲ့အစည်းများတွင် ပါဝင်နေသော်လည်း နှစ်နိုင်ငံစလုံးသည် လူ့အခွင့် အရေးကို ကာကွယ်‌ စောင့်ရှောက်ခြင်း၊ လစ်ဘရယ် သို့မဟုတ် ဒီမိုကရေစီ နိုင်ငံ ဖြစ်လိုခြင်း၊ အခြားနိုင်ငံများ ထိုသို့ ဖြစ်လာမည် ကို မြင်လိုခြင်း အစရှိသည့် အရိပ်အယောင်များ တွေ့မလာခဲ့ရပေ။

 

ရုရှားသည် လစ်ဘရယ် ကမ္ဘာစနစ်ကြီး၏ အခြေခံ ဝိသေသ လက္ခဏာ အများအပြားကို ချိုးဖောက်ခဲ့သည့် နိုင်ငံ ဖြစ်လာသည်။ အခြား နိုင်ငံများ၏ နယ်နမိတ်များ၊ စစ်ဖြစ်ပွားနေသော နယ်မြေ အတွင်း ရှိ အရပ်သားများ၏ အခွင့်အရေး များကို လေးစားလိုက်နာခြင်းမျိုးလည်း မရှိပေ။

 

တရုတ်သည်လည်း တောင်တရုတ် ပင်လယ် နှင့် ပတ်သက်သည့် နိုင်ငံတကာ ဥပ‌ဒေ ရေးရာ စီရင်ချက်များကို လျစ်လျူ ရှုလာခဲ့သည်။ WTO အဖွဲ့သို့ ဝင်ခွင့်ပေးခဲ့သော်လည်း သတ်မှတ်ထားသည် များ နှင့် မလျောညီသည့် ကုန်သွယ်ရေး နှင့် စီးပွားရေး မူဝါဒများကို ကျင့်သုံးခဲ့ကြသည်။

 

ယခုအခါ လစ်ဘရယ် ကမ္ဘာစနစ်ဆိုသည့် ဝတ်ရုံကြီးသည် အနားသတ်များ ဟောင်းနွမ်းကာ ချည်မျှင်များ ပဲ့ထွက်လိုက်လာနေပြီ ဖြစ်သည်။ အမေရိကန်၏ ဩဇာအာဏာ ကျဆင်းလိုက်လာနေမှု အတူ ၎င်းတို့၏ အစဉ်အလာ အခန်းကဏ္ဍ ကို ထိမ်းသိမ်းထားလို စိတ် မရှိမှု တို့ကြောင့် ခေါင်းထောင်ထလာနေသော တရုတ်သည် မိမိကိုယ် မိမိ ယုံကြည်မှု လွန်ကဲလာပြီး ပါဝါပြလာသည်၊ ရုရှားသည်လည်း ဖျက်လို ဖျက်ဆီး လုပ်ရမည့် တာဝန်ကို ယူလာခဲ့သည်။

 

အာဏာရှင် ဝါဒ သည် သိသာထင်ရှားသော တရုတ် နှင့် ရုရှား တို့တွင်သာ မက ဖိလစ်ပိုင်၊ တူရကီ၊ အရှေ့ ဥရောပ ကဲ့သို့ နေရာများ တွင်လည်း ကြီးထွားလာနေ သည်။

 

ကမ္ဘာ ကုန်သွယ်ရေးသည် ကြီးထွားလာနေသော်လည်း မကြာမီက ပြီးစီးသွားသည့် ကုန်သွယ်ရေး စားပွဲ ဝိုင်း ဆွေးနွေးပွဲများမှ သဘောတူညီချက် တစုံတရာ ထွက်ပေါ်မလာခဲ့ပေ။

 

WTO သည်လည်း လတ်တလော အရေးတကြီး ပြဿနာများ ဖြစ်လာသည့် ကုန်သွယ်ခွန် နှင့် အခြား အတားအဆီးများ၊ အစိုးရများမှ ပြည်တွင်း ကုမ္ပဏီများအား ငွေကြေး ပံ့ပိုးပေးလာမှုများ၊ ငွေ‌တန်ဖိုး ကစားလာခြင်းများ၊ မူပိူင်ခွင့် ခိုးယူနေမှုများ အစရှိသည် တို့ ကို ဖြေရှင်းနိုင်စွမ်း မရှိ ဖြစ်လာနေသည်။

 

အမေရိကန် သည် ဒေါ်လာကို ခုတုံးလုပ် အသုံးချကာ ပိတ်ဆို့ ဒဏ်ခတ်လာမှုများ အပေါ် မကျေနပ်မှု များ တိုးပွားလာနေသည်။ ထို့ပြင် အမေရိကန် တွင် ပြည်ပကြွေးမြီများ စုပြုံတင်ရှိလာနေမှု ကိုလည်း စိုးရိမ်မကင်း ဖြစ်လာကြသည်။

 

ထိုထက်ပို၍ မဖြစ်မနေ စိုးရိမ်စရာ ဖြစ်လာရသည်က မဟာမိတ်များသည် မိမိတို့ အကျပ်အတည်း နှင့် ကြုံလာရလျင် အမေရိကန်တို့ ကို အားကိုး၍ ရပါ့မလား ဆိုသည် နှင့် ၎င်းတို့၏ တဖက်သတ် လုပ်ရပ်များ အပေါ် စိတ်မသက်မသာ ဖြစ်လာနေသည်။