မြို့မှ အခြား လူများလည်း ရောက်လာတတ်ကြသည်။ ထိုအထဲတွင် မကြာမကြာ ရောက်လာတတ်သည်က အရပ်မြင့်မြင့်၊ ခန္ဓာကိုယ် အချိုးအစား ပြေပြစ်သူ အမျိုးသမီးငယ် တဦး ဖြစ်သည်။ သူမ၏ ဖြူဖျော့ဖျော့ မျက်နှာသွယ်သွယ်၊ပေါ်တွင် မျက်လုံးအစုံက ပြူးပြီး ပေါ်လွင်နေသည်။ ထိုအမျိုးသမီးငယ် လေး၏ အမည်သည် ဆာရှင်ကာ ဖြစ်သည်။
သူမ၏ လမ်းလျှောက်ပုံနှင့် လှုပ်ရှားပုံ များသည် တခါတရံ တွင် ယောက်ျား ဆန်သလို ဖြစ်နေသည်။ သူမ၏ နက် မှောင်နေသော မျက်ခုံးမွှေးထူထူ များသည် မျက်မှောင်ကုပ်လိုက်သည့် အခါ တွန့်ချိုး လိုက်သလို ဖြစ်သွားသည်။ စကားပြောသည့်အခါ ဖြောင့်စင်းသော နှာတံရှိ ပါးလွှာသော နှာခေါင်းပေါက်များသည် တုန်ရီသွားသည်။
"ကျမ တို့ ဟာ ဆိုရှယ်လစ် တွေ ဖြစ်တယ်" ဟု ပထမဆုံး ထုတ်ပြောလာသူလည်း ဖြစ်သည်။ ထိုသို့ ပြောလိုက်သော သူမ၏ အသံသည် ကျယ်လောင်ပြီး စူးစူးရှရှ ထွက်ပေါ်လာသည်။
အမေသည် ထိုစကားကို ကြားလိုက်ရသည့် အခါတွင် ထိတ်လန့်တကြား ဖြင့် မိန်းကလေး၏ မျက်နှာကို စိုက်ကြည့်နေမိသည်။ သို့သော် ဆာရှင်ကာ သည် မျက်လုံး ကို တဝက်တပျက် မှိတ်ထားရင်းက ခိုင်မာ ပြတ်သားလှသည့် လေသံဖြင့် "ဘဝတွေ ပြန်ပြီး ရှင်သန်လာဖို့ ဆိုတဲ့ အရေးတော်ပုံ အတွက် ကျွန်မတို့ရဲ့ အင်အား တွေ အကုန် အသုံးချ ပစ်ရမယ်၊ ဒီအတွက်လည်း ကျမတို့ဟာ ဘယ်လို ဆုလဒ်မျိုးမှ ချီးမြှင့် ခံရလိမ့်မယ် မဟုတ်ဘူး ဆိုတာကိုလည်း သဘောပေါက်ထားရမယ်"
ဆိုရှယ်လစ်များသည် ဇာဘုရင်ကို လုပ်ကြံသတ်ဖြတ်ပြီး ဖြစ်သည်ကို အမေ သိနားလည် ထားခဲ့သည်။ ထိုအဖြစ်အပျက်သည် သူ ငယ်စဉ်က ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ထိုအချိန်က မြေရှင်များသည် မြေကျွန်များကို လွတ်လပ်အောင် လုပ်ပေးခဲ့သည့် ဇာဘုရင်ကို လက်စားချေမည်ဟု ကြွေးကြော်ကာ ၎င်းအား မသတ်ရမချင်း ဆံပင်များကို မဖြတ်ပဲ ထားကြသည်ဟု လူများ ပြောဆိုနေကြသည်ကိုလည်း ကြားခဲ့သည်။ ထိုသို့ သော လူများသည် ဆိုရှယ်လစ်များဟု ခေါ်ဝေါ်ခြင်း ခံခဲ့ရသူ များ လည်း ဖြစ်သည်။ ထိုသို့ ကြားဖူးနားဝ ရှိထား၍ ယခု အခါ သူမ၏ သားနှင့် အပေါင်းအပါများသည် အဘယ်ကြောင့် ဆိုရှယ်လစ်များ ဖြစ်နေကြရသနည်း ဆိုသည်ကို နားမလည် နိုင်အောင် ဖြစ်နေရခြင်းပင်။
သူတို့အားလုံး ပြန်သွားသည့် အခါတွင်တော့ အမေ က ပါဗယ်ကို အခုလို မေးလိုက်သည်။
"ပါဗူရှာ...သားက ဆိုရှယ်လစ် ဖြစ်နေတာ လား ကွဲ့"
ပါဗယ်သူ အမေ ရှေ့တွင် ရပ်လိုက်ရင်း "ဟုတ်တယ် အမေ၊ ဘာဖြစ်လို့လဲ"
အမေသည် သက်ပြင်း ရှည်ကြီး တချက် ချလိုက်ရင်း က မျက်လွှာကို ချကာ.....
" ပါဗူရှာ...ဘာကြောင့်လဲ ဟုတ်လား၊ သူတို့တွေက ဇာဘုရင် ကို သတ်ခဲ့ကြတာလေ"
ပါဗယ်က အခန်းထဲ ခေါက်တုန့် ခေါက်ပြန် လျှောက်ပြီး ပြုံးလိုက်ပြန်သည်။
"ကျွန် တော်တို့ အဲ့လို လုပ်ဖို့ မလို တော့ဘူး အမေ"
ပါဗယ် တိုးတိတ် ငြင်သာစွာဖြင့် မိခင် ဖြစ်သူအား အချိန် အတန်ကြာ အောင် ပြောပြခဲ့သည်။ သားဖြစ်သူ ၏ မျက်နှာကို စိုက်ကြည့်ရင်းက အမေသည် သူမ၏ သားသည် ထိုသို့ ဆိုးဝါးသော အလုပ်မျိုး မလုပ်တန်ရာ၊ လုပ်နိုင်စွမ်းလည်း မရှိလောက် ဟု တွေးနေမိသည်။
နောက်ပိုင်းတွင်တော့ အမေ ထိတ်လန့်တုန်လှုပ် နေသည့် စကားလုံးကို သူတို့ အားလုံးထံမှ ကြိမ်ဖန်များစွာ ကြားလာရသည်။ တဖြေးဖြေး နှင့် အမေလည်း ထိတ်လန့်မှု များ လျော့ပါးလာပြီး နားယဉ်လာပြီ ဖြစ်သည်။ အမေသည် သူနားမလည် နိုင်သော စကားလုံး အသစ်အဆန်းများကိုလည်း ကြားလာရသည်။
သို့သော် ဆာရှင်ကာ ကိုတော့ အမေ ကြည့်မရ ဖြစ်နေသည်။ သူမ ရောက်လာသည့် အခါတိုင်း အမေစိတ်ထဲတွင် မသက်မသာ နှင့် လေးလံလာရစမြဲ ဖြစ်သည်။
တခါက သူ မနှစ်သက် ဖြစ်နေသည်ကို ရုရှားလေး အား ထုတ်ပြောခဲ့ဖူးသည်။
"ဒီ ဆာရှင်ကာ ဆိုတဲ့ ကလေးမက မျက်နှာထားက ထန်လိုက်တာ၊ လူတကာ ကို လိုက်ပြီး ဒီဟာလုပ်ရမယ်၊ ဟိုဟာ လုပ်ရမယ် ဆိုပြီး အမိန့်တွေ ပေးနေတာသာ ကြည့်တော့"
အမေ့စကားကြောင့် ရုရှားလေးက အော်ရီ လိုက်သည်။
"အမေ အပြောကောင်းလွန်းလို့ ရီမိတာပါ၊ အမေ့ စကားက တဲ့တဲ့ကြီးကို ထိတာပဲ၊ ဟေး...ပါဗယ်" ဟု ခေါ်လိုက်ရင်း အမေကို မျက်စိမှိတ်ပြလိုက်သည်၊ သူ့ မျက်လုံးအစုံသည်လည်း ရွှင်မြူးသွား၍ တောက်ပ နေပြန်သည်။
"လူတယောက်မှာ ပါလာတဲ့ မဟာဆီ မဟာ သွေး ဆိုတာကို ရေစုပ်စက် နဲ့ စုပ်ထုပ်ရင်တောင် ခမ်း ခြောက်သွားရိုး မရှိဘူး"
ပါဗယ်က "သူက ကောင်းပါတယ် အမေရ" ဟု ခြောက်ကပ်ကပ် လေသံ နှင့် ပြောလိုက်သည်။
"အဲ့တာတော့ အမှန်ပဲ" ဟု ရုရှားလေးက ဝင်ထောက်ခံလိုက်သည်။ "တခု ရှိနေတာက သူ ဘာလုပ်သင့် တယ် ဆိုတာ နားမလည်းသေးတာပဲ"
ထို့နောက် သူတို့ ချင်း အမေ နားမလည်သည့် အကြောင်းအရာ တခု အပေါ် ဆက်၍ ငြင်းခုံနေကြပြန်သည်။ ဆာရှင်ကာသည် ပါဗယ် အပေါ် အတင်းမာ ဆုံး ဆက်ဆံတတ်သည်ကို လည်း အမေ သတိထားမိသည်။ တခါတရံတွင် ကြိမ်းလား မောင်းလားပင် လုပ်တတ်သေးသည်။
ပါဗယ်ကတော့ ပြုံပြီး နှုတ်ဆိတ်နေသည်၊ မိန်းကလေး ၏ မျက်နှာကိုလည်း နာတာရှာကို ကြည့်သလိုမျိုး နူးနူးညံ့ညံ့ ကြည့်နေတတ်သည်၊ ဤသည်ကိုလည်း အမေ သည် မကျေမနပ် ဖြစ်လာပြန်၏။
သားတို့ လူစုလူဝေးက တနေ့ထက် တနေ့ များပြားလာနေသည်။ တပတ်ကို နှစ်ကြိမ် လောက် ဖြစ်လာသည်။ သားဖြစ်သူ၊ ရုရှားကလေး တို့ ပြောသည်များ၊ ဆာရှင်ကာ၊ နာတာရှာ နှင့် အဲလက်စီ အီဗန်နိုဗစ်ခ်ျ တို့ ပြောသည့် စိတ်ဝင်စားစရာ အကြောင်းများကို လူငယ်လေးများက စိတ်ပါလက်ပါ နှင့် စူးစူးစိုက်စိုက် နားထောင်နေကြသည်ကို ကြည့်ပြီး အမေသည် ကြောက်စိတ် များပင် ပျောက်သွားပြီး သူ၏ ငယ်ဘဝ ကို ပြန်သတိရကာ စိတ်မကောင်း ခြင်း ကြီးစွာ နှင့် ခေါင်းကိုသာ ယမ်းနေမိ တော့သည်။