ဂေါ်ကီ ၏ အမေ(21)

by Hla Soewai - Jul 30 2025

တခါတရံ တွင် သီချင်းများ ကို ပျော်ပျော်ရွှင်ရွှင် နှင့် ကျယ်ကျယ်လောင်လောင် ဆိုလိုက်ကြသေးသည်။ သူတို့ ဆိုကြသည်က ရိုးရှင်းပြီး ကြားဖူးနာဝ ရှိသော သီချင်း မျိုး ဖြစ်သည်။ မကြာခဏ ဆိုသလို သီချင်း အသစ် အဆန်း များ ပါလာတတ်သည်။၊ စာသား နှင့် သံစဉ် က လိုက်ဖက်ညီလှပြီး အလွမ်းဓါတ်ခံ သီချင်းမျိုး ဖြစ်၍ တမူ ထူးခြားနေသည်။

 

ဘုရားကျောင်းများ တွင် ဓမ္မတေး များ သီဆိုသလို ညင်ညင်သာသာ၊ လေးလေးနက်နက် ထား၍ စိတ်အား ထက်သန်စွာ ဆိုခဲ့ကြသည်။ သူတို့၏ မျက်နှာ များက ဖြူ လျော့ လာသော်လည်း ရဲရင့်တက်ကြွ သည့် အသွင်သဏ္ဍန်ကတော့ မပျောက်၊ ဟိန်းထွက်လာနေသည့် သီချင်းစာသားများထဲ တွင် လွန်စွာ ခွန်အား ရှိသော အရာတခု ပါ‌နေသည်ကို ခံစား သိရှိနိုင်သည်။

 

"ကျွန်တော် တို့ ဒီလို သီချင်းမျိုးတွေ ဆိုဖို့ အချိန် ရောက်လာပြီ" ဟု ဗိုင်ဆော့ချီ‌ကော့က အလေးအနက် ပြောလာသည်။

 

တခါတရံ တွင် ဘာကြောင့်မှန်း မသိ၊ သူတို့ အုပ်စု ထံမှ ပျော်ပျော်ရွှင်ရွှင် နှင့် ဆူဆူညံညံ ဖြစ်လာသည့် အသံမျိုး ကြားရသည့် အခါတွင် သူတို့၏ အကြည်ဓါတ်များ အမေထံ ကူးစက်လာပြန်သည်။ နားမလည် နိုင်အောင်လည်း ဖြစ်ခဲ့ရပြန်သည်။ အထူးသဖြင့် အခြား နိုင်ငံများမှ အလုပ်သမား များ၏ သတင်းများ ကို သတင်းစာများ တွင် ဖတ်ရသော ညနေ ပိုင်း အချိန်မျိုး တွင် ဖြစ်သည်။ ထိုအခါမျိူး တွင် သူတို့၏ မျက်လုံးများက အရောင်တလက် တောက်လာကြပြီး အသက်ဝင်လာကြသည်။ သူတို့ ပျော်ရွှင်ကြပုံမျိုး က ကလေး ဆန်ပြီး ထူးဆန်းနေသည်။

 

အခန်းတခုလုံးလည်း သူတို့ရယ်သံများ နှင့် ပြည့်လျံနေသည်။ တယောက် ပုခုံးကို တယောက် ချစ်စနိုး ပုတ်လား ခတ်လားလည်း လုပ်တတ်ကြသေးသည်။

 

"စိတ်ဓါတ်ကောင်းတဲ့ ငါတို့ရဲ့ ပြင်သစ် ရဲဘော်တွေကွ" ပျော်ရွှင်မှု များ နှင့် ရစ်မူးနေသံကြီးဖြင့် အော်လိုက် သည် ကိုလည်း ကြားရသည်။ 

 

"ရဲဘော်တွေ သက်တော်ရာကျော် ရှည်ကြပါစေ" ဟူ၍လည်း ပါသေးသည်။

 

သူတို့ နှင့် လွန်စွာ အလှမ်းဝေးသော အရပ်တွင် ရှိနေကြသည့် မိတ်ဆွေ ရောင်းရင်းများသည် သူတို့ ကိုလည်း မသိ၊ သူတို့ ပြောသည့် ဘာသာစကားကိုလည်း နားလည် နိုင်ကြစွမ်း မရှိကြသူများ ဖြစ်မှန်းသိသော်လည်း ထိုလူများသည် သူတို့ အသံများကို ကြားကြမည် ဆိုက သူတို့၏ စိတ်အား တက်ကြွမှုများ၊ အပျော်ဓါတ်များ ကို ခံစားနားလည် နိုင်ကြမည်ဟု ယုံကြည်ချက် အပြည့် ရှိနေကြသည်။

 

မျက်လုံး အိမ်ထဲတွင် မေတ္တာဓါတ် များ ပြည့်လျံ လာသည့် ရုရှား လေး က ..

 

"ရဲဘော်တို့ ...ကျွန်တော်တို့ ဟိုမှာ ရှိတဲ့ မိတ်ဆွေတွေ ဆီကို စာရေးရမယ့် အချိန်ကျပြီ၊ ဟိုး အဝေးကြီး မှာ ရှိနေကြတဲ့ ရုရှားမှာ သူတို့ရဲ့ မိတ်ဆွေတွေ ရှိတယ် ဆိုတာ ကို အသိပေးကြရမယ်၊ ကျွန်တော်တို့တတွေ ဟာ သူတို့ နဲ့ ဘာသာ အတူတူ၊ ရည်ရွယ်ချက် အတူတူ ‌‌ အလုပ်သမား ‌‌ တွေ ဖြစ်တယ် ဆိုတာရယ်၊ သူတို့ ရဲ့ အောင်မြင်မှု တွေ အတွက် နှစ်ထောင်းအားရ ဖြစ်နေကြတယ် ဆိုတာတွေ ကို သိစေချင်စမ်းသဗျာ"

 

သူတို့ အားလုံး မျက်နှာတွင် အပြုံးရိပ် ကိုယ်စီ ဖြင့် ဂျာမန်၊ အီတာလျှံ၊ အင်္ဂလိပ်များ နှင့် ဆွီဒင် အလုပ်သမား များ၏ အကြောင်းကို သူတို့၏ မိတ်‌ ဆွေ ရင်းခြာ များ အလား အကျယ်တဝင့် ပြောဆိုကြပြန်သည်။ ထိုလူများအား မြင်တွေ့ဖူးခြင်း မရှိပါဘဲလျက် သူတို့ ၏ နှလုံးသားများ နှင့် နီးစပ်နေသူ များအလား၊ ချစ်ကြသည်၊ ထိုလူများ ပျော်လျင် သူတို့လည်း ပျော်ကြသည်၊ ထိုလူများ စိတ်ထိခိုက်လျင် သူတို့လည်း ဝမ်းနည်းကြသည်။

 

အခန်းကျဉ်း လေးထဲမှာပင် ကမ္ဘာ အလုပ်သမား များ အား ဆွေမျိုး ရင်းခြာ အလား ချစ်ခင် ရင်းနှီးမှုသည် စကြာဝဠ တခုလုံးသို့ ပျံ့နှံ့သွားစေသည် အထိ ဖြစ်တည်လာခဲ့သည်။ ထိုအလုပ်သမားထုကြီးသည် ကုန်ထုတ်လုပ်မှု၏ သခင်များလည်းဖြစ်၊ ကျေးကျွန်များလည်းဖြစ်ကြသော်လည်း၊ ဘာသာရေး၊ လူမျိုး‌ ရေး၊ ယဉ်‌ ကျေး မှု ဆိုသော ဘက်လိုက်မှုများ၏ ချည်နှောင်မှုမှ လွတ်မြောက်ခဲ့ကြပြီး၊ မိမိတို့ကိုယ်ကို ဘဝ၏ အရှင် သခင်အသစ်များအဖြစ် ခံစားနေကြရသည်။

 

ထိုခံစားချက်သည် အားလုံးကို တခုတည်းသော စိတ်ရင်း လက္ခဏာ အဖြစ် ပေါင်းစပ်လာခဲ့သည် နှင့် အမျှ အမေ၏ စိတ်များလည်း လှုပ်ရှားလာခဲ့သည်။ ထိုအရာ များ၏ အားအင်၊ ပျော်ရွှင်မှုများ၊ အောင်ပွဲခံမှုများ၊ နုပျိုမှု များ သည် အမေ အတွက် ရယူခြင်းငှာ မစွမ်းသာသော်လည်း မူးယစ် ရီဝေစွာ ပွတ်သတ် ကျီဆယ်လာပြီး မျှော်လင့်ချက် အပြည့် ဖြင့် တည့်မတ်ပေးလာသည်၊ ရဲရင့်လာစေခဲ့သည်။

 

"မင်းတို့ တတွေကလည်း အတော် ‌ထူးဆန်းပါပေ့ကွယ်" ဟု တရက်တွင် အမေက ရုရှားလေးကို ပြောလိုက်သည်။ "အခုကြည့် အာမေးနီယန်းတွေ၊ ဂျူးတွေ၊ ဩစတီယန်း တွေက မင်းတို့နဲ့ ရဲဘော်ရဲဘက်တွေ ဖြစ်နေကြပြီ၊ သူတို့ကို မိတ်ဆွေ ရင်းခြာ တွေလို ယူဆပြီး ပြောကြဆိုကြ၊ သူတို့ ဝမ်းနည်းရင် မင်းတို့လည်း စိတ်မကောင်းဖြစ်ကြ၊ သူတို့ ပျော်လည်း မင်းတို့လည်း လိုက်ပျော်ကြ ဖြစ်နေကြတာ များ"

 

"အားလုံး အတွက် ပဲ အမေ၊ ကမ္ဘာကြီးဟာ ကျွန်တော်တို့ အလုပ်သမား တွေ အတွက်၊ ကျွန်တော်တို့မှာ နိုင်ငံ မရှိဘူး၊ လူမျိုး ဆို တာ မရှိဘူး၊ ရဲဘော် ရဲဘက် နဲ့ ရန်သူ ဆိုတာပဲ ရှိတယ်။ အလုပ်လုပ်နေသူ တွေ မှန်သမျှ ကျွန်တော်တို့ ရဲဘော် တွေ ချည်းပဲ၊ လူချမ်းသာတွေ၊ အာဏာပိုင်တွေဟာ ကျွန်တော်တို့ရဲ့ ရန်သူတွေ၊

 

ကျွန်တော်တို့ အလုပ်သမားတွေ ဘယ်လောက်များပြား တယ်၊ ကျွန်တော်တို့ရဲ့ စိတ်ဓါတ် ခွန်အားတွေ ဘယ်လောက် ကြီးမားတယ် ဆိုတာ အမေ သိမြင်လာတဲ့ အခါကျရင် အမေ့ နှလုံးသားမှာ ပျော်ရွှင်မှု တွေ၊ ပီတိ တွေနဲ့ ပြည့်နှက်လာပြီး ရင်ထဲမှာ ဘုရားပွဲ လှည့်သလို ခံစားလာရလိမ့်မယ် အမေ။

 

ပြင်သစ်တွေ၊ ဂျာမန်တွေ၊ အီတာလျှံတွေလည်း ကျွန်တော်တို့လိုပဲ ခံစားနေကြမှာပဲ၊ ကျွန်တော်တို့ အားလုံး မိခင် တဦးတည်းက မွေးဖွားလာကြတဲ့ သားသမီးတွေ ပဲ အမေ၊ ကမ္ဘာပေါ်မှာ ရှိတဲ့ နိုင်ငံတွေ အားလုံးရဲ့ အလုပ်သမား တွေ ရင်ထဲမှာ ရှိနေတဲ့ ညီရင်း အကို စိတ်ဓါတ်ကို ဘယ်လို အရာကမှ မချေဖျက် နိုင်ဘူး အမေ၊ ကျွန်တော်တို့ ညီညွတ်နေသရွေ့ အားလုံး နေရောင်ခြည်ရဲ့ အနွေးဓါတ် ရနေသလို ခံစားနေကြမှာပဲ၊ ဒီနေရောင်ခြည် ဆိုတာ တရားမျှတ မှု ကောင်းကင်မှ ထွန်းလင်းလာတဲ့ ဒုတိယ နေမင်းကြီး ဆီကပဲ၊ ဒီတရားမျှတမှု ကောင်းကင်ကြီးဟာ ကျွန်တော်တို့ အလုပ်သမားတွေရဲ့ နှလုံးသား ထဲမှာ ရှိနေကြပြီ အမေ၊ သူဟာ ဘယ်လိုလူပဲ ဖြစ်ဖြစ်၊ ဘယ်လို နာမည်မျိုးရှိရှိ ဆိုရှယ်လစ် တယောက် ဖြစ်တာနဲ့ ကျွန်တော်တို့ ရဲ့ ညီနောင် တဦးပဲ၊ ဒီစိတ်ဓါတ် ခံယူချက်ဟာ ကျွန်တော်တို့ အားလုံးရဲ့ ရင်ထဲမှာ ထာဝရ ကိန်းအောင်းနေမှာ ပဲ အမေ။"

 

သူတို့အကြား မူးယစ်ရီဝေစွာ နှင့် ကလေးဆန်သော ပျော်ရွှင်မှု၊ တောက်ပပြီး ခိုင်မာသော ယုံကြည်မှု များ မကြာခဏ ဆိုသလို လွှမ်းမိုးလာပြီး ပို၍ ပို၍ပင် အားကောင်းလာခဲ့သည်။

 

ဤသည်ကို သိ နားလည် လာသော အမေ အဖို့ကား တလက်လက် နှင့် တောက်ပလာနေသော အလင်းရောင် တန်းကြီး တခုသည် နေမင်းကြီး မှ ကမ္ဘာ မြေပြင် ပေါ် ယှက်ဖြာ ကျလာသကဲ့သို့ ပြက်ပြက်ထင်ထင် မြင်လာရသည်။

 

အဖေ ဖြစ်သူက ခိုးမှု နှင့် ထောင်ထဲ ဝင်ရသည့် အခါမျိုး တွင် နီကိုလေး က "ရဲဘော် တို့ အစည်းအဝေးကို အခု ကျွန်တော် အိမ် မှာ လုပ်လို့ ရပြီနော်၊ ရဲတွေက လာတဲ့ လူတွေကို သူခိုးတွေလို့ ထင်ကြမှာ၊ သူတို့က သူခိုးတွေ ‌ဆို ချစ်တယ်နော်"

 

အလုပ် မှ အပြန် ညနေတိုင်း ပါဗယ်၏ ရဲဘော်များထဲက တယောက်ယောက်သည် သူ့အိမ်သို့ လှည့်ဝင်ပြီး စာ အတူတူ ဖတ်၊ စာအုပ်များ ထဲက စာများကို ကော်ပီကူး လုပ်လေ့ရှိသည်။ အချိန်ကုန်မှန်း မသိ ကုန်သွားကြ၍ ရေမိုးချိုး ကြဖို့ပင် အချိန်မရကြတော့။ ညစာ စား၊ လ္ဘက်ရည် သောက်ကြလည်း လက်ထဲက စာအုပ်ကို မချ၊ သူတို့ ပြောသည့် အကြောင်းအရာ များကိုလည်း အမေ သည် တဖြေးဖြေး နှင့် နားမလည် ဖြစ်လာသည်။

 

"ကျွန်တော် တို့ သတင်းစာ တစောင့် ထုတ်ကြမယ်" ဟု ပါဗယ်က အားတက်သရော ပြောလာသည်။

 

သူတို့ သည် တဖြေးဖြေး နှင့် အလောသုံးဆယ် ဖြစ်လာကြသည်၊ တအိမ်မှ တအိမ် အပြေးအလွှား သွားကြ၊ စာအုပ်တွေကိုလည်း တယောက် နှင့် တယောက် လက်ဆင့်ကမ်း ဖတ်ကြ၊ သူတို့ ကြည့်ရသည်မှာ ပန်းတပွင့် မှ တပွင့် အကြား ဆော့မြူနေကြသော ပျားပိတုန်း များ နှင့် ပင် တူနေသည်။

 

"သူတို့ ကျွန်တော် တို့ အကြောင်းကို ပြောနေကြပြီ၊ ရှောင်ဖို့ လုပ်ကြမှာ ဖြစ်မယ်" ဟု ဗိုင်ယာချီကော့ က ပြောလာသည်။

 

"ငုံးဆိုတာမျိုးက ထောင်ချောက်ထဲ မိဖို့ပဲ ရှိတာပေါ့" ဟု ရှရှား လေး က ခွန်းတုံ့ပြန်လိုက်သည်။

 

အမေသည် ရုရှားလေးကို သဘောကျပြီးရင်း ကျလာနေမိသည်။ အမေဟု သူ ခေါ်လိုက်သည့် အခါတိုင်း ကလေးငယ်တယောက်က သူမ ပါးပြင်ကို လက်ကလေး နှင့် ပွတ်သပ်နေသလို ခံစားလာမိသည်။

 

တနင်္ဂနွေ လို‌ နေ့မျိုး ပါဗယ် အလုပ်များနေလျင် သူက ထင်း ကူ ခွဲပေးတတ်သည်။ တခါက သစ်သား ပြားကြီး ထမ်းလာပြီး အိမ်ရှေ့လှေကား ရှိ ဆွေးနေသော အထစ်ကို ဖယ်ထုတ်ပြီး အကျ အန ပြန် ခင်းပေးခဲ့ဖူးသည်။ ယိုင်နဲ့နေသော ခြံစည်းရိုးကိုလည်း ပြန်ပြင်ပေးခဲ့သည်။ အလုပ်လုပ်နေရင်းလည်း လေလေး တချွန်ချွန် နှင့် လေချွန် လိုက်တိုင်းလည်း လွမ်းမောဘွယ် လှပသည့် သံစဉ်တခုကို သူ့ထံမှ ကြားခဲ့ရစမြဲပင် ဖြစ်သည်။

 

တရက် အမေက ပါဗယ်ကို စကားစလိုက်သည်။

 

"အမေတို့ ရုရှားလေးကို အိမ်မှာ လာနေဖို့ ပြောကြည့်ရ‌ အောင်လား၊ အမေတို့ အတွက်လည်း ပိုကောင်းလာမယ်၊ သားတို့လည်း တယောက်ဆီ တယောက် အပြေးအလွှား သွားစရာ မလိုတော့ဘူးပေါ့"

 

"အမေကလည်း ဗျာ ဘာလို့ ဒုက္ခ ခံနေမှာတုန်း၊ ကိုယ်လည်း အနေကျပ် တယ်" ဟူ ပုခုန်း တွန့်ပြရင်းက ပြောလ်ုက်သည်။

 

"ပြောပြန်ပြီ၊ ဒီမှာသား...အမေ့ ဘဝတလျှောက်လုံး ဘာမှန်း မသိတဲ့ ဒုက္ခတွေ ခံလာခဲ့ရပြီးပြီ၊ သူ့လို လူကောင်း တ‌ယောက် အတွက် အချိန်ပေးရကျိုး နပ်ပါတယ် သားရယ်"

 

" အမေ ကြိုက်သလ်ုသာ လုပ်တော့ဗျာ၊ သူ လာနေမယ် ဆိုရင် ကျွန်တော် ဝမ်းသာပါတယ်"

 

ဤသို့ဖြင့် ရုရှားလေးသည် သူတို့ အိမ်သို့ ပြောင်းလာခဲ့‌ ပေတော့ သည်။

 

********************