ထို့အတွက် ကြောင့်လည်း ပျောက်ကြားစစ်သည် အလုံးစုံ အောင်ပွဲ ရမည့် အခွင့်အရေး မျိုးကို ဖေါ်ဆောင်ပေး နိုင်ခြင်း မရှိ၊ သို့သော် လာလတ္တံ့သော စစ်ပွဲကြီး၏ ကနဦး အဆင့်သာ ဖြစ်သည်။ ထိုမှ တဆင့် တဖြေးဖြေး နှင့် ပျောက်ကြားတပ်များသည် အမြဲတမ်းစစ်တပ်ကဲ့သို့ အဆင့်ရောက်အောင် တိုးတက်လာမည် ဖြစ်သည်။
ထိုအချိန်တွင်တော့ ရန်သူတပ်များကို ပြတ်ပြတ်သားသား ထိုးနှက် ပြီး အောင်ပွဲရရန် အဆင်သင့် ဖြစ်လာပေမည်။ မူလက ပျောက်ကြား အဆင့်သာ ရှိသော်လည်း ထိုသို့ အောင်ပွဲရရန် အတွက်မူ အမြဲတမ်း တပ် ပုံစံမျိုး ဖြစ်လာမှသာ ရနိုင်မည် ဖြစ်သည်။
ခေတ်သစ် စစ်ပွဲ များ တွင် တပ်မ တခုကို ကွပ်ကဲနေရသော ဗိုလ်ချုပ်ကြီး တဦးသည် စစ်သားများ ရှေ့တွင် သေသွားရသည့် အဖြစ် ရောက်စရာ မလိုတော့။ ပျောက်ကြား တိုက်ခိုက်ရေး သမား တဦးသည် ၎င်းကိုယ်တိုင်လည်း ဗိုလ်ချုပ်ကြီး တဦးသာ ဖြစ်၍ တိုက်ပွဲ တိုင်း တွင် သေဖို့ မလိုအပ်ပေ။
ပျောက်ကြား တိုက်ခိုက်ရေး သမားတဦးသည် အသက်ကို စွန့်လွှတ်ရန် အသင့်ရှိနေသူများ ဖြစ်သည်။ သို့သော် ပျောက်ကြားစစ်၏ အပြုသဘော ဆောင်သော အသွင်လက္ခဏာသည်ကား ပျောက်ကြား တိုက်ခိုက်ရေး သမား တဦးသည် ၎င်းတို့၏ ခံယူချက် ကို ကာကွယ်ရန် အတွက်သာ မဟုတ်ဘဲ ထိုခံယူချက် ကို တကယ့် လက်တွေ့ အကောင်အထည် ဖေါ်ရင်း အသက်စွန့်လွှတ်ရန် အသင့် ရှိနေကြခြင်းပင် ဖြစ်သည်။ ဤသည်ကား ပျောက်ကြား တို့ တိုက်ပွဲဝင်မှု၏ အနှစ်သာရပင် ဖြစ်သည်။
အံ့ဩစရာကောင်းသည်က လူထုလှုပ်ရှားမှုကြီးကို ထောက်ခံသည့် လက်နက်ကိုင် ရှေ့ဆောင် တပ်ဖွဲ့ငယ်လေးတစ်ခုသည် ထိုစိတ်ကူးအား အကောင်အထည်ဖော်နိုင်ခြင်း၊ လူ့အဖွဲ့အစည်းအသစ်တစ်ခုကို တည်ထောင်နိုင်ခြင်း၊ အတိတ်၏ ပုံစံဟောင်းများကို ချိုးဖျက်နိုင်ခြင်း၊ နောက်ဆုံးတွင် ၎င်းတို့ တိုက်ပွဲဝင်နေသည့် လူမှုရေးတရားမျှတမှုကို ရရှိနိုင်ခြင်း ဆိုသည်တို့ပင် ဖြစ်သည်။
ဤအမြင်ဖြင့် ကြည့်မည်ဆိုလျင် ကျွနုပ်တို့ ရှုတ်ချခံနေရသည်ဟု ယူဆထားသည်များသည် မြင့်မြတ်ပြီးတန်ဖိုး ရှိကြောင်း တွေ့လာရမည် ဖြစ်သည်၊ ကျွနုပ်တို့ ချမှတ်ခဲ့သည့် ပန်းတိုင်သည်လည်း မြင့်မြတ်ပြီး ကောင်းမွန်လှ၍ ထို့အတွက် ကြိုးပမ်းမှု တိုင်းသည် ဂုဏ်မြတ်နေမည်သာ ဖြစ်သည်။ ဤနေရာတွင် ပန်းတိုင်ကောင်း ရောက်နိုင်ရန် ပုံပျက်ပန်းပျက် နည်းလမ်းများ အသုံးပြုခြင်းနှင့် လုံးဝ သက်ဆိုင်ခြင်းမရှိ ဆိုသည်မှာလည်း ရှင်းလင်းလောက်ပြီ ဖြစ်သည်။
ဤသို့ ခံယူချက် ဖြင့် တိုက်ပွဲဝင် နေသည့် စိတ်ထား၊ နောက်ဆုံးပန်းတိုင်က ပေးလာမည့် ကြီးမားသော စိန်ခေါ်မှု များကို ရင်ဆိုင် ဖြေရှင်းရန် ဆုံးဖြတ်ချက် ချထားသည့် စိတ်ထားများ သည် ပြောက်ကျား တိုက်ပွဲဝင်သူ တဦး၏ မြင့်မြတ်မှု ကိုလည်း ပုံဖေါ်ပေးနေသည်။
*************
အခန်း (၂)
ပြောက်ကျား မဟာဗျူဟာ
စစ်ပွဲဆိုင်ရာ ဝေါဟာရတွင်၊ ဗျူဟာ (strategy) ဆိုသည်မှာ စစ်ရေး အခြေအနေ အရပ်ရပ်ကို ခြုံငုံသုံးသပ်ပြီး အောင်မြင်အောင် ဆောင်ရွက်ရမည့် ပန်းတိုင်များကို စိစစ်လေ့လာခြင်းနှင့် ထိုပန်းတိုင်များအား အောင်မြင်စွာ အကောင်အထည်ဖော်နိုင်မည့် နည်းလမ်းများကို ချမှတ်ခြင်းဖြစ်သည်။
ပြောက်ကျား အုပ်စု ဖက်မှနေ၍ မှန်ကန်သော ဗျူဟာ ချမှတ်နိုင်ရန် ရန်သူ၏ ဖြစ်လာနိုင်ဖွယ် ရှိသော စစ်ဆင်ရေး ပုံစံ ကို အခြေခံကျကျ သုံးသပ်နိုင်ဖို့ မရှိမဖြစ် လိုအပ်သည်။ အပြီးသတ် ရည်မှန်းချက်သည် ဆန့်ကျင့်ဖက် အင်အားကို လုံးဝ ချေမှုန်း နိုင်ရန် ဖြစ်သည် ဆိုလျင် ရန်သူသည်လည်း ပြောက်ကျား တပ်များ၏ အစိတ်အပိုင်း တခုစီကို ချေမှုန်းရမည် ဆိုသည့် တာဝန်မျိုးကို ပေးအပ်ခံထားရမည် သာ ဖြစ်သည်။
ထို့အတွက် ရန်သူသည် ထိုတာဝန်ကို ဆောင်ရွက်ရန် မည်သို့သော အရင်းအမြစ်များကို ထုတ်နှုတ် အသုံးပြုလာမည်နည်းကို လေ့လာဆန်းစစ်ရမည် ဖြစ်သည်၊ အရင်းအမြစ်ဟု ဆိုရာဝယ် လူအင်အား၊တပ်များ၏ လှုပ်ရှား ရွှေ့ပြောင်းနိုင်မှု၊ လူထု ထောက်ခံမှု၊ လက်နက်အင်အား၊ ၎င်းတို့ အားကိုး နေသည့် ခေါင်းဆောင်၏ စွမ်းဆောင်ရည် တို့ ဖြစ်သည်။
ယင်းတို့ကို ထည့်သွင်း စဉ်းစား တွက်ချက်ပြီးသည့် အခါတွင် မိမိတို့၏ ဗျူဟာကို ပြန်လည် ထိန်းညှိ ပြင်ဆင်သွားရမည် ဖြစ်သည်။ အမြဲလို ခေါင်းထဲတွင် ထည့်သွင်းထားရမည်က ရန်သူ စစ်တပ်ကို အနိုင်ယူရေး ဆိုသည့် အပြီးသတ် ရည်မှန်းချက်ပင် ဖြစ်သည်။
လေ့လာရမည့် အခြေခံကျသည့် လက္ခဏ သွင်ပြင် တရပ်သည်ကား လက်နက် ပင် ဖြစ်သည်။ ဥပမာ အားဖြင့် လက်နက်ကို မည်သို့ အသုံးပြုရမည်၊ တင့်ကား တစီး၊ လေယာဉ် တစီး၏ တန်ဖိုး ကို ဆန်းစစ်ရမည်။ ရန်သူ၏ လက်နက် ခဲယမ်းများ၊ ၎င်းတို့၏ လုပ်ပုံကိုင်ပုံ အမူအကျင့် များကို ထည့်သွင်းစဉ်းစားရမည်။
အဘယ်ကြောင့် ဆိုသော ပြောက်ကျား တပ်များ အတွက် အဓိက ထောက်ပံ့မှု များသည် ရန်သူ လက်နက်များ ဖြစ်နေသောကြောင့်ပင်။ မိမိတို့ဖက်က ရွေးချယ်ခွင့် ရမည် ဆိုလျင် ရန်သူ သုံးသည့် လက်နက်များကိုသာ ရွေးချယ်ကြရမည် ဖြစ်သည်။ ပြောက်ကျား အဖွဲ့ ၏ အကြီးမားဆုံး ပြဿနာ ဖြစ်သော လက်နက်ခဲယမ်း ချို့တဲ့နေမှု ကို ရန်သူကသာ ထောက်ပံ့ပေးရမည် ဖြစ်သည်။
အကောင်အထည် ဖေါ်ရမည့် ရည်မှန်းချက်များ ကို လေ့လာသုံးသပ်၍ ချမှတ်ပြီးသည့် အခါတွင်တော့ အပြီးသတ် ရည်မှန်းချက်ကို အကောင်အထည် ဖေါ် နိုင်မည့် လုပ်ငန်းစဉ် များကို အစီအစဉ် အလိုက် ပြန်လည် သုံးသပ်ရန် မရှိမဖြစ် လိုအပ်လာသည်။
သို့သော် တော်လှန်တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီး ကြိုတင် ခန့်မှန်း ၍ မရ နိုင်သော အခြေအနေများ တွေ့လာရချိန်တွင် လိုက်လျော ညီထွေ ဖြစ်အောင် ပြန်လည် ပြင်ဆင် ထိန်းညှိရမည်သာ ဖြစ်သည်။