ကျွန်တော် တကိုယ့် နှစ်စိတ် နှင့် သူလျို(50)

by Hla Soewai - Sep 17 2025

ခင်ဗျား ရောက်နေတယ် ဆိုတာ ကြားတယ် ဟု ဆန်နီက ကျွန်တော် လက်ကို ဖမ်းဆုပ်ကာ တရင်းတနှီး ပြုံးပြရင်း ပြောလာသည်။ ကျွန်တော် ကောင်းစွာ မှတ်မိနေသည့် သူ၏ ယုံကြည်မှု အပြည့် ရှိနေသည့် မျက်လုံး များကို ပြန်တွေ့နေရသည်။ အခုလို မိတ်ဆွေ ဟောင်းကြီးနဲ့ ပြန်တွေ့ရဝာာ ဝမ်းသာသဗျာ ဟု ပြောလိုက်ရသော်လည်း မိတ်ဟောင်းဆွေဟောင်း တယောက် အဖြစ် အမှတ်ရခဲ့ခြင်း မရှိခဲ့သည်က အမှန်ပင် ဖြစ်သည်။

 

ဆန်နီ က အမတို့ကို သူ့သတင်းစာ အတွက် အင်တာဗျူး မလို့ လုပ်နေတာကွဲ့ ဟု မဒမ်က ဝင်ပြောလိုက်သည်။ ကျွန်တော်က သတင်းစာရဲ့ အယ်ဒီတာလေ ဟု ဆိုကာ ဆန်နီက သူ ၏ လုပ်ငန်း ကပ်ပြား ကို ထုတ်ပေးသည်။ အခု အင်တာဗျူးက သတင်းစာရဲ့ ပွဲဦးထွက်ပဲ။

 

ဗိုလ်ချုပ်ကြီးသည် စိတ်လက် ကြည်သာနေပုံရပြီး စင်ပေါ်က ချာဒွန်းနေ တပုလင်း ကို လှမ်းယူလိုက်သည်။ ဟော့ဒါက ကျုပ်တို့ရဲ့ နေရာသစ်မှာ စတုတ္ထ မဏ္ဍိုင် ပြန် ထွန်းကားလာအောင် ကြိုးစားပေးတဲ့ လူငယ်လေး ကို အသိအမှတ် ပြုတဲ့ အနေနဲ့။

 

ဗိုလ်ချုပ်ကြီး စကားကြောင့် အာဏာပိုင်များ အကြောင်း ရဲရဲတင်းတင်း နှင့် အမှန်ကို အမှန် အတိုင်း ပြောဆိုခဲ့မှုကြောင့် နရသိန် အကျဉ်းထောင်ကြီး အတွင်း အခမဲ့ နေထိုင် စားသောက်ခွင့် ရခဲ့ဖူးသည့် သတင်းစာဆရာများကို ပြန်အမှတ်ရလိုက်မိသည်။

 

ဆန်နီလည်း ကျွန်တော်လိုပင် တွေးမိမည် ထင်သည်။ ဗိုလ်ချုပ် ကြီး လှမ်းပေးသော ပုလင်းကို ယူဖို့ ငြင်းသည်၊ မရမက ပြောတော့မှ လက်ခံလိုက်သည်။ ကျွန်တော်လည်း ဗိုလ်ချုပ်ကြီး တို့ လင်မယား ကို ဆန်နီ၏ ဘေးတဖက်တချက် ခြံရံစေကာ သူ၏ နီကွန် ကင်မရာ နှင့် တဖြတ်ဖြတ် ရိုက်ပြီး အမှတ်တရ အောင်ပွဲခံလိုက်သည်။ ဗိုလ်ချုပ်ကြီး က ဆန်နီ ပြန်ကာနီး နှုတ်ဆက်သည့် အခါ ရှေ့ဆုံး စာမျက်နှာ မှာ ထည့် နော်ဟု ပြောလိုက်သည်။

 

နှစ်ယောက်တည်း ရှိသည့် အခါတွင်တော့ ကျွန်တော် နှင့် ဆန်နီ တို့ ရှေးဟောင်းနှောင်းဖြစ်များ စမြုံပြန် ပြောနေခဲ့သည်။ ဆန်နီသည် ကျောင်းမှ ဘွဲ့ရပြီး အမေရိကန်တွင် ဆက်နေခဲ့သည်။ ပြန်မည် ဆိုလျှင် သူလည်း ဆိပ်ငြိမ် အေးချမ်းသော ပင်လယ်ကမ်း‌ ခြေရှိပြင်သစ်တို့ ဆောက်ထားခဲ့သော ပူလို ကွန်ဒေါ အကျဉ်း ထောင်သို့ အသွားတကြောင်းသာ ပါသည့် လေယာဉ်လက်မှတ် ဖြင့် ဖိတ်ကြားခံရမည့် အရေးကို သိနေ၍ ဖြစ်မည်။

 

ကျွန်တော်တို့ ဒုက္ခသည်များ ရောက်မလာမီ ဆန်နီသည် အော်ရိမ်း အရပ် ရှိ သတင်းစာတစောင်တွင် သတင်းထောက် ဝင်လုပ်ရင်း ဝက်စ်မင်စတာ တွင် အခြေချ ခဲ့သည်။ ဒုက္ခသည်များ အဖြစ်ကို မြင်လာရ၍ ကျွန်တော်တို့ မိခင် ဘာသာ ဖြင့် သတင်းစာတစောင် ထုတ်ဝေဖို့ စတင် လာခဲ့သည်။ ကျွန်တော်တို့နှင့် သက်ဆိုင်သည့် သတင်းများဖြင့် စုစည်းပေးရန် အားထုတ်လာခြင်း ဖြစ်သည်။ ဆန်နီလည်း ကျွန်တော်၏ ပုခုံးကို ဖမ်းဆုပ်ကာ ချိန်းထားတာ လေး ရှိလို့၊ နောက်မှ ကော်ဖီ‌ လေး ဘာလေး သောက်ရင်း တွေ့ကြတာပေါ့ ဆိုကာ နှုတ်ဆက်ပြီး ထွက်သွားသည်။

 

ကျွန်တော်လည်း သူ့ကို ပြန်တွေ့ချင်သည့် စိတ်ရှိ၍ လမ်းမခွဲမီ ကျွန်တော် ဖုန်းနံပတ်ကို ပေးလိုက်သည်။

 

သူထွက်သွားပြီး ကျွန်တော်လည်း အရက်သမား ဗိုလ်မှုးကို ရှာကြည့်သေးသော်လည်း မတွေ့ရတော့၊ သူ တ‌ယောက်မှ လွဲ၍ ကျန်သည့် ကျွန်တော်တို့ အဝေးရောက်များအားလုံးလိုလို ကြုံလာခဲ့ရသည်များ ကြောင့် ကြုံလှီ သွားသလို ထင်ရသည်။ တရပ်တကျေး သို့ ပြောင်းရွှေ့နေထိုင် ခဲ့ရသည် ဆိုသော စိတ်ဝေဒနာ ကြောင့်လား၊ ဒါမှ မဟုတ်လည်း ဒီရောက်လာတဲ့ နိုင်ငံခြားသား အသစ်ချပ်ချွတ်များကို အထင်လည်း မသေးသလို၊ ဂရုလည်း မစိုက်ကြသည့် အရပ်မြင့်မြင့် အမေရိကန်တွေ ကြား ရောက်နေသည့် အတွက်ကြောင့်လား။ 

 

ဆန်နီ က တော့ ထိုအကြောင်းများနှင့် ဆန့်ကျင်ဖက်ဟု ဆိုရမည် ဖြစ်သည်။ သူ့သည် လျစ်လျူ ရှုထား၍ မရသူ တဦး ဖြစ်သည်။ အရင် ကောလိပ် ကျောင်းသား ဘဝတုန်းက နှင့် တော့ မတူတော့၊ ရက်‌ရက်ရောရော နှင့် စိတ်သဘောထား နူးညံ့သူဟုလည်း ကျွန်တော် မမှတ်ယူခဲ့၊ ၁၉၂၀ ကျော်၊ ၃၀ ကျော် နှစ်များက ပဲရစ်တွင် ရှိသည့် ဗီယက်နမ် ကျောင်းသား များ လုပ်သလို စားပွဲကို ထုပြီး ဆူပူ သောင်းကျန်းခဲ့တာမျိုး တွေ လုပ်ခဲ့ဖူးသည့် အတွက်ကြောင့် ဖြစ်သည်။ ထိုကျောင်းသားများသည် ကျွန်တော်တို့၏ တော်လှန်ရေးကို ဦးဆောင်လာမည့် မူလ ကွန်မြူနစ် အဖွဲ့ဝင်များလည်း ဖြစ်သည်။

 

ကျွန်တော်၏ အမူအကျင့်များလည်း ပြောင်းလာခဲ့ပြီ ဖြစ်သည်။ ဘယ်ပုံဘယ်နည်း ပြောင်းလာခဲ့သည် ဆိုသည်ကတော့ ကျွန်တော်လည်းမသိ၊ မှတ်ဉာဏ်၏ တိကျ မှန်ကန်စွာ မမှတ်သား နိုင်ခဲ့မှု နှင့် ဆိုင်မည် ထင်သည်။ ကျောင်းသားဘဝ က သမိုင်း မှတ်တမ်း အဖြစ် ရေးခဲ့သည့် ဒိုင်ယာရီ စာအုပ်များကိုလည်း မပြန်ခင် မီးရှို့ ဖျောက်ဖျက်ပစ်ခဲ့ရသည်။ သို့မဟုတ်က ဒိုင်ယာရီ ထဲတွင် ထည့်ရေးထားသည့် ကျွန်တော် အယူအဆ များကြောင့် အမှု ပတ်လာနိုင်သည်။

 

**************

 

တပတ်ခန့် အကြာတွင် အရက်သမား ဗိုလ်မှုး နှင့် မနက်စာ အတူ စားဖြစ်ခဲ့သည်။ မြေသား ဆန်သည့် နေ့တဒူဝ မြင်ကွင်း မျိုးလည်း ဖြစ်သည်။ ဝေါ့ ဝှစ်မန်း ရေးဖို့ သ‌ဘောကျ မည့် အမေရိကန် ၏ ပုံစံသစ် တခုကို ဖေါ်ပြ‌ နေသည့် အကြောင်းအရာမျိုးလည်း ဖြစ်သည်။ ဆန်ပြုတ်ပူပူ နှင့် ဆီပူ နှင့် ကြော်ထားသည့် မုန့်များ ရသည့် မွန်ထရီ ပတ်ခ် ရှိ ဆိုင်တဆိုင်တွင် ဖြစ်သည်။ ဆိုင်ထဲတွင် အမေရိကန် လူ့အဖွဲ့အစည်း နှင့် လုံးဝ မပေါင်းစည်းပဲ နေထိုင်ကြသည့် တရုတ်လူမျိုး များ နှင့် အခြား အာရှ တိုက်သား များ နှင့် ပြည့်ကျပ်နေသည်။

 

အဝါရောင် ဖော်မီကာ စားပွဲပေါ်တွင် ဆီကွက်များ တွေ့နေရသည်။ ဂန္တာမာ လ္ဘက် ခြောက် ခပ်ထားသော ရေ‌ နွေး ခရားအိုး လည်း စားပွဲပေါ်တွင် အဆင်သင့်ချထားသည်၊ သောက်ချင်လျှင် အနီးရှိ နှုတ်ခမ်းသား အနည်းငယ် ပဲ့နေသည့် လ္ဘက်ရည် ခွက်ထဲသို့ ငှဲ့ထည့်လိုက်ယုံပင်။ ကျွန်တော်က အတိုင်းအတာ နှင့် စားနေသော်လည်း ဗိုလ်မှုးကတော့ စကားကို အမျှင်မပြတ် ပြောရင်း ပလုပ်ပလောင်း စားနေသည်။ တခါတခါ သူ့၏ တံတွေးများက ကျွန်တော့် ပါးကိုသာမက စားနေသည့် ပန်းကန်ထဲသို့ပင် ရောက်လာသည်။ ထိုသို့ အစားကို မြိန်မြိန်ယှက်ယှက် စားနေသည်ကို ကြည့်ရင်း သူ၏ အပြစ်ကင်းစင်မှု ကို သ‌ဘောလည်း ကျမိသလို သနားစိတ်လည်း မဝင်ပဲ မနေနိုင်အောင် ဖြစ်လာမိသည်။

 

ဒီလိုလူမျိုးက သတင်းပေး ဖြစ်မလား၊ ယုံဖို့ ခက်လှသည်။ သို့မဟုတ်ကလည်း ထိုသို့ လူတွေကို လှည့်ဖျား နိုင်အောင် အကျအန လေ့ကျင့်ထားသည့် လူမျိုးလား။ ပိုပြီး ယုတ္တိရှိမည့် ကောက်ချက် ဆွဲရလျင် ဗိုလ်ချုပ်ကြီးသည် ဗီယက်နမ် လူမျိုး တို့၏ ပူးပေါင်း ကြံစည်တတ်သည့် သဘောသဘာဝ ကို အမေရိကန် တို့၏ စိုးရိမ်စိတ် လွန်ကဲမှု နှင့် ပေါင်းစပ်လိုက်ခြင်းသာ ဖြစ်သည်။ အမှန်တကယ်တော့ ကျွန်တော်၏ အကူအညီ နှင့် ဖြစ်သည်။

 

အရက်သမား ဗိုလ်မှုး ထံမှ လှည့်ဖျားတတ်သည့် ပရိယယ် မျိုး၊ လျို့လျို့ဝှက်ဝှက် လုပ်တတ်သည့် လက္ခဏာ၊ ကိုယ့်ကို တဖက်လူ သဘောကျလာ‌ အောင် လုပ်သည့်‌ နေရာတွင် ကျွမ်းကျင်ပုံရသည် ဆိုသော အရိပ်အယောင် မျိုး ဘာတခုကိုမျှ တစွန်းတစပင် မတွေ့ခဲ့ရ။

 

ဆိုင်းဂုံတွင် ရှိစဉ်က အက်စ်ဘီ ခေါ် အထူးစုံစမ်းစစ်ဆေးရေး ဌာနတွင် သူ၏ တာဝန်သည် တရုတ်ဘာသာနှင့် ပြောဆို ဆက်သွယ်မှု များကို အကဲဖြတ် ဆန်းစစ်ရန် နှင့် ချိုလုံရှိ လျို့ဝှက် မြေအောက်လှုပ်ရှားမှုများကို စောင့်ကြည့်နေရန်သာ ဖြစ်သည်။ အမျိုးသား လွတ်မြောက်ရေး တပ်ဦး သည် ထိုဒေသတွင် ကွန်ယက်ကြီးတခု တည်ဆောက်ထားပြီး နိုင်ငံရေး လှုံ့ဆော်မှုများ၊ အကြမ်းဖက်ရန် စည်းရုံးမှုများ၊ မှောင်ခို ကုန်ကူးမှုများ လုပ်ဆောင်နေသည်။

 

ထိုထက် ပို၍ အရေးကြီးသည်က သူသည် ချိုလုံ ရှိ တရုတ်အစားအသောက် ကောင်းသည့် နေရာ များကို ညွှန်ပြသည့် သတင်းအရင်းအမြစ်ကြီး ဖြစ်နေသည်။ ခမ်းနားသော မင်္ဂလာပွဲများ ရှိသည့် နန်းတော်များ၊ မညီမညာ ဖြစ်နေသော လမ်းများ ပေါ်တွင် တကျွီကျွီ ဖြင့် သွားနေသော နွားလှည်းများ၊ အမျိုးသမီး များက ထမ်းပိုး များ ဖြင့် တလှုပ်လှုပ် ခုံနေသော ပစ္စည်းများ သယ်လာပြီး ပလက်ဖေါင်း ပေါ်တွင် ဆိုင် ခင်း၍ ရောင်းနေသဖြင့် ရှောင်မရ တိမ်းမရ ဖြစ်နေသော လမ်းဘေး ဆိုင်များ အထိ ပါဝင်သည်။

 

အလားတူပင် ကယ်လီဖိုးနီယား တွင်လည်း လော့အိန်ဂျယ်လိစ် မြို့ကြီး ထဲတွင် အကောင်းဆုံး ဆန်ပြုတ် ရသည့် ဆိုင်ကို ပြမည်ဟု ကတိပေးခဲ့သည်။ ပိုးသား လို ချောမွတ်နေသည့် ဆန်ပြုတ် ဖြူဖြူ ကို သောက်ရင်း နှင့် အရက်သမား ဗိုလ်မှုး နှင့် ရင်ဖွင့် ဆွေးနွေး ဖြစ်ခဲ့သည်။

 

သူသည် ယခု အခါ မွန်ထရီ ပတ်ခ် ရှိ ဓါတ်ဆီဆိုင် တွင် အကူ အဖြစ် လုပ်ကိုင်နေပြီး လစာ ကို ‌ငွေသား ဖြင့် ပေးသည့် အလုပ်မျိုး ဖြစ်သည်။ ထို့အတွက် လည်း တဖက်တွင် အစိုးရ၏ လူမှု ဖူလုံကြေးကို ခံစားခွင့် ရှိနေသည်။ ဇနီး ဖြစ်သူက အထည်ချုပ် စက်ရုံ တခုတွင် ဝင်လုပ်နေသည်။ ကြာလာသည် နှင့် အမျှ အပ်ချည်ပေါက်များ စိုက်ကြည့်နေရ၍ မျက်လုံးများ မှုန်လာသည်။

 

စကားတော့ ပြောတတ်သေးသဗျာ လို့ ညည်းတွားလိုက်ရင်း အခုတော့ အရာရာ ကို ကျွန်တော်ကိုပဲ အပြစ်ပုံချ နေတော့တာ။ ဘာလို့ ဟိုမှာမနေဘဲ ဒီလိုက်လာတာလဲ၊ ဒီမှာ အခု ဘာလုပ်နေရပြီလဲ၊ ဟိုမှာထက်တောင် ဆင်းဆင်းရဲရဲ နေ နေရပြီ၊ မကျွေးနိုင်ဘဲ ဘာလို့ ခလေးယူသလဲ၊ ‌ခလေး ဆိုလို့ ပြောဖို့ မေ့သွားတယ် ကက်ပတိန်၊ ကျွန်တော် အမျိုးသမီးက စခန်းမှာ ကတည်းက ကိုယ်ဝန်ရလာတာ၊ အမွှာပူးလေး မွေးတယ်၊ မယုံနိုင်အောင်ပဲဗျာ။