လူသား ကွန်ယက်(40)

by Hla Soewai - Sep 17 2025

ပညာရှင်များက ရှုပ်ထွေးပြီး အမြဲလို ပြောင်းလဲနေသော ကမ္ဘာကြီးတွင် အမျိုးမျိုး အစားစား ရှိသော ဗျူရိုကရက် ပုံစံခွက် ထဲသို့ အတင်းအကျပ် ထိုးထဲ့လာပုံကို နားလည် သိရှိ နိုင်ရန် ဇီဝဗေဒ ပညာရပ်ကို ပို၍ ထဲထဲဝင်ဝင် တူးဆွကြည့်ကြပါစို့။

 

ဒါဝင်သည် မျိုးစိတ် တို့၏ မူလ အစ ကို မထုတ်ဖေါ်မီ ကားလ် လင်နီးယပ်စ် သည် မျိုးစိတ် ဆိုသည့် အဓိပ္ပါယ် နှင့် သတ္တဝါ အားလုံး ကို မျိုးစိတ် အလိုက် ခွဲခြား သတ်မှတ်ပေးခဲ့သည်။ ကျား နှင့် ခြင်္သေ့တို့သည် ကြောင် မျိုး နွယ်မှ ဆင်းသက်လာသည်ဟု ငြင်းခုံ ‌ဆွေးနွေးနိုင်ရန် ပထမဦးစွာ ခြင်္သေများ၊ ကျား များ ဆိုသည်ကို ပြဋ္ဌာန်း သတ်မှတ်ပေးရမည် ဖြစ်သည်။ ဤသည်က ခက်ခဲပြီး မဆုံးနိုင်သော အလုပ်မျိုး ဖြစ်လာသည်။ အဘယ်ကြောင့် ဆိုသော် တိရိစ္ဆာန်များ၊ အပင်များ နှင့် အခြားသော သက်ရှိ ဇီဝရုပ်များသည် ၎င်းတို့ အတွက် သတ်မှတ်ပေးထားသော အံဆွဲ ဆိုသည့် ပုံစံခွက် နယ်နမိတ်များကို မကြာခဏ ဆိုသလို ကျော်လွှား သွားတတ်ကြသော ကြောင့် ဖြစ်သည်။

 

ဆင့်ကဲ ပြောင်းလဲမှု ဖြစ်စဉ်သည် မည်သို့သော ဗျူရိုကရက် အစီအစဉ်များ နှင့်မှ ဝင်ဆန့်ရိုး ထုံးစံ မရှိ၊ ဆင့်ကဲ ပြောင်းလဲမှု ဖြစ်စဉ် ၏ အဓိက အချက်သည်က မျိုးစိတ်များသည် အဆက်မပြတ် ပြောင်းလဲနေသည် ဆိုသည် အပေါ် အခြေခံထားသည်။ မျိုးစိတ် တခုစီ ကို အပြောင်းအလဲ လုပ်၍ မရနိုင်သော အံဆွဲထဲ သွတ်သွင်းခဲ့ခြင်းသည် ဇီဝ ဗေဒ ပကတိ အမှန်တရားကို ပုံပျက်ပန်းပျက် ဖြစ်အောင် လုပ်သည်နှင့် အတူတူပင် ဖြစ်သည်။

 

ဥပမာအားဖြင့်၊ Homo erectus မျိုးနွယ်များ (လွန်ခဲ့သော နှစ်သန်းပေါင်းများစွာက နေထိုင်ခဲ့ကြသည့် မားမားမတ်မတ် လမ်းလျှောက် နိုင်ပြီ ဖြစ် သော လူသားမျိုးနွယ်ဝင် တစ်မျိုး) ဘယ်အချိန်တွင် ကွယ်ပျောက်သွားပြီး Homo sapiens ဟိုမို ဆေပီယန်စ် (လက်ရှိခေတ် လူသားမျိုးနွယ်များ) ဘယ်အချိန်တွင် စတင်ပေါ်ပေါက်လာ ခဲ့သလည်း ဆိုသည်က ဖြေရှင်းရခက်တဲ့ မေးခွန်းတစ်ခု ဖြစ်နေဆဲပင်။

 

Erectus မိဘ နှစ်ပါး မှ မွေးဖွားလာသော ကလေးသည် ပထမဦးဆုံး ဆေပီယန် လော၊ မျိုးစိတ်များသည် တခုနှင့် တခု ရောနှောနေကြသည်။ ပုံပန်းသဏ္ဍန် အရ သီးခြားမျိုးစိတ်ဟု ထင်ရသည့် တိရစ္ဆာန် များသည် မိတ်လိုက်ယုံတင်မက မျိုးပွားနိုင်သည့် သားသမီးများကိုပင် မွေးဖွားနိုင်ကြသည်။

 

ယနေ့ခေတ် ဆေပီယန် အများစုသည် နီယန်ဒါသဲလ် DNA ၁-၃ ရာနှုန်း ပါရှိနေသည်။ တခါက ကလေးတဦး၏ ဖခင်သည် နီယန်ဒါသဲလ် ဖြစ်ပြီး မိခင်သည် Sapien ဖြစ်မည်၊ သို့မဟုတ်ကလည်း မိခင်သည် နီယန်ဒါသဲလ်၊ ဖခင်သည် Sapien ဖြစ်မည်။ (Neanderthal နီယန်ဒါသဲလ် များသည် လွန်ခဲ့သည့် နှစ်ပေါင်း ၄၀၀,၀၀၀ မှ ၄၀,၀၀၀ ခန့်အထိ ဥရောပနဲ့ အာရှအလယ်ပိုင်းတို့တွင် နေထိုင်ခဲ့ကြသည့် ဂူအောင်း လူသားမျိုးနွယ်ဝင်တစ်စု ဖြစ်သည်။ ၎င်းတို့သည် မိမိတို့ ဟိုမို ဆေပီယန်စ် များနှင့် ဆွေမျိုးအနီးဆုံး လူသားမျိုးစိတ်တစ်မျိုး လည်း ဖြစ်သည်။)

 

သို့ဆိုက ဆေပီယန် များ နှင့် နီယန်ဒါသဲလ် တို့သည် မျိုးစိတ် တူညီကြသလော၊ သို့မဟုတ် ကွဲပြားနေကြသလော၊ “မျိုးစိတ်” ဆိုသည်က ဇီဝဗေဒပညာရှင် များ ရှာဖွေတွေ့ရှိသည့် သဘာဝ တရားတွင် တကယ်ရှိနေသည့် အမှန်တရား (objective reality) လား၊ သို့မဟုတ် တကယ် ရှိမနေဘဲ ဇီဝဗေဒပညာရှင်တွေ သတ်မှတ်ထားတဲ့ အမြင်အပေါ် မူတည်သည့် အမှန်တရား (intersubjective reality) လား။

 

တိရစ္ဆာန်များသည် ၎င်းတို့အား သတ်မှတ်ပေးထားသည့် အကန့်အသတ် အံဆွဲများမှ ဖေါက်ထွက်နေသည့် ဥပမာ များစွာ ရှိနေသည့် အတွက် ၎င်းတို့ကို ကွင်းဆက် မျိုးစိတ်၊ ပေါင်းစပ်မျိုးစိတ်၊ မျိုးစပ်များ ဟူ၍ တိတိကျကျ ခွဲခြား သတ်မှတ်ပေးနိုင်ရန် ခက်ခဲလာရသည်။ အမွှေးစုတ်ဖွားနှင့် grizzly ဝက်ဝံကြီးများ၊ polar ဝင်ရိုးစွန်း ဝက်ဝံကြီးများမှ တခါတရံတွင် မျိုးစပ် ဝက်ဝံများ ဖြစ်သည့် ပစ်ဇလီ pizzly နှင့် ဂရိုလာ grolar ဝက်ဝံများ ‌ပေါက်ဖွားလာကြသည်။ ခြင်္သေ့ နှင့် ကျားများမှလည်း မျိုးစပ် သတ္တဝါများ ထွက်ပေါ်လာခဲ့သည်။

 

ကျွနုပ်တို့ ၏ စိတ်ဝင်စားမှု ကို့ နို့တိုက် သတ္တဝါများ နှင့် ဆဲလ် အများအပြား ပါဝင်နေသော သက်ရှိ များ မှသည် ဆဲလ် တခုတည်းသာ ရှိသော ဘက်တီရီးယား များနှင့် အလားတူ အာခီယာ သက်ရှိ များဖက် လှည့်မည်ဆိုက အထိန်းအကွပ်မဲ့ ဖြစ်ပျက်နေသည်များကို တွေ့ရပေလိမ့်မည်။ အလျားလိုက် မျိုးဗီဇ ကူးပြောင်းခြင်း (horizontal gene transfer) လို့ခေါ် ဆို သည့် ဖြစ်စဉ်တစ်ခုအရ ဆဲလ်တစ်လုံးပါ သက်ရှိ များသည် ၎င်းတို့နှင့် သက်ဆိုင်ရာ မျိုးစိတ်များသည် သက်ရှိများ နှင့် သာမက လုံးဝမတူသည့် မျိုးစု၊ လောက၊ မျိုးစဉ်၊ မျိုးအုပ်စုများမှ သက်ရှိများနှင့်ပါ မျိုးဗီဇပစ္စည်းများကို ပုံမှန် ဖလှယ်လေ့ရှိကြသည်။ ထိုကဲ့သို့မျိုး မျိုးစပ်သက်ရှိများအား စာရင်းပြုစု မှတ်တမ်းတင်ဖို့ ဆိုသည်က ဘက်တီးရီးယားပညာရှင် များ အတွက် အလွန်ခက်ခဲသည့် အလုပ်တစ်ခု ဖြစ်လာသည်။

 

သေခြင်း တရား နှင့် နီးကပ်လာစေသည့် ဗိုင်းရပ်စ် ပိုးများ ဖြစ်သော SARS-CoV-2 (COVID-19) များကို ထည့်သွင်းစဉ်းစားသည့် အခါ ပို၍ ရှုပ်ထွေးလာခဲ့သည်။ ဗိုင်းရပ်စ် များသည် သက်ရှိ နှင့် သက်မဲ့ အရာဝတ္ထုများ အကြား၊ ဇီဝဗေဒ နှင့် ဓါတုဗေဒ များ အကြားရှိ မာကျောသည့် နယ်နမိတ်ဟု ယူဆထားသည် များ အကြား ခွလျက် တည်ရှိနေသည့် အတွက် သက်ရှိဟု အတိအကျ မသတ်မှတ်နိုင် ဖြစ်နေရသည်။

 

ဗိုင်းရပ်စ်သည် ဘက်တီးရီယား များကဲ့သို့ ဆဲလ် တခုတည်း နှင့် ဖွဲ့စည်းထားသည့် သက်ရှိများ မဟုတ်၊ ဆဲလ် ဟု ပင် ခေါ်၍ မရ၊ ယင်းတို့တွင် ဆဲလ် ၏ လုပ်ငန်း ဆောင်တာများအားလည်း ထမ်းရွက်နိုင်ခြင်း မရှိ။

 

ဗိုင်းရပ်စ် များသည် စားသောက် ရှင်သန် နိုင်ခြင်း မရှိ၊ ဇီဝကမ္မ ဖြစ်စဉ်ကိုလည်း လုပ်ဆောင်ခြင်းမရှိ၊ ၎င်းတို့ဖာသာ ၎င်းတို့ လည်း မျိုးပွားနိုင်ခြင်း မရှိ၊ သေးငယ်သည့် မျိုးဗီဇဗူး ‌များသာ ဖြစ်ပြီး ဆဲလ်များထဲ ထိုးဖေါက် ဝင်ရောက်ကာ ဆဲလ်များ၏ လုပ်ငန်းစဉ် များကို အတင်းအကျပ် ချုပ်ကိုင်ပြီး ၎င်းတို့၏ နိုင်ငံခြား မျိုးဗီဇများကို ဆင့်ပွား ထုတ်လုပ်ပေးရန် အမိန့်ပေး နိုင်စွမ်း ရှိနေသည်။

 

အသစ်ထွက်ပေါ်လာသော မျိုး‌ဗီဇ များသည် ဆဲလ်များ အတွင်း မှ ဖေါက်ထွက်လာကြကာ နောက်ထပ် ဆဲလ်များ ထဲ ဝင်ရောက် ပူးကပ်ပြီး အတင်းအကျပ် ချုပ်ကိုင်လာကြပြန်သည်။ ဤနည်းဖြင့် နိုင်ငံခြား မျိုး ဗီဇများ ပြန့်ပွားကုန်ခြင်း ဖြစ်သည်။

 

သိပ္ပံပညာရှင် များသည် ဗိုင်းရပ်စ် များ အား သက်ရှိ ပုံစံ အဖြစ် ယူဆသင့်သလား၊ သက်ရှိ နယ်နမိတ်၏ အပြင်ဖက် တွင် ရှိနေသလား ဆိုသည်ကို အတောမသတ် နိုင် အငြင်းပွားလျက် ရှိနေကြဆဲပင် ဖြစ်သည်။ သို့သော် သက်ရှိ တို့ ၏ နယ်နမိတ် ဆိုသည်က သဘာဝ တရား တွင် တကယ်ရှိနေသည့် အမှန်တရား မဟုတ်၊ ပညာရှင်များ အကြား သတ်မှတ်လက်ခံထားသည့် စည်းမျဉ်းများသာ ဖြစ်သည်။

 

ဇီဝဗေဒ ပညာရှင်များက ဗိုင်းရပ်စ်သည် သက်ရှိ ပုံစံ အဖြစ် တညီတညွတ်တည်း သတ်မှတ်ခဲ့လျင်ပင် ထို ဗိုင်းရပ်စ်များ၏ အမူအကျင့်သည် ပြောင်းလဲသွားလိမ့်မည် မဟုတ်၊ လူသားတို့မှ ၎င်းတို့ အပေါ် ယူဆထားချက်များသာ ပြောင်းလဲသွားမည် ဖြစ်သည်။