ထင်ရှား ကျော်ကြားခဲ့သော တရားခွင်များကို လေ့လာခြင်းသည် သမိုင်း၏ ပြတင်းပေါက်များ ကို လှစ်ဟ ကြည့် လိုက်ခြင်းနှင့် အတူတူပင် ဖြစ်သည်။
သက်သေများ၏ ထွက်ဆိုချက်များ နှင့် ရှေ့နေများ၏ အသေးစိတ် လျှောက်လှဲချက်များက တဆင့် ဖြစ်ရပ်တစ်ခုအပေါ် ရှုထောင့်ပေါင်းစုံ မှ လေ့လာသုံးသပ်နိုင်ခွင့် ရရှိမည် ဖြစ်သည်။
တရားစီရင်မှုများသည် အမှန်တရားကို အဓိကထား ရှာဖွေမှုများ အပေါ် အခြေခံထား၍ သမိုင်းအမြင်အတွက် အထူးခြားဆုံးနဲ့ တန်ဖိုးအရှိဆုံး ကိရိယာတွေဖြစ်လာအောင် ပေါင်းစပ်ပေးထားသည်ဟု စာတမ်းကို ရေးသားပြုစုသူ မစ်ဆိုရီ-ကင်းဆပ် တက္ကသိုလ် ဥပဒေဌာန ပါမောက္ခ ဒေါက်ဂလပ်စ် အို လင်ဒါ က ရေးသားခဲ့သည်။
ဒေသရဲမှုး ဂျိုးစက် ရှစ်ပ် ၏ တရားခွင်
*************
ထိုအကြောင်းကို မတင်ပြမီ ရှယ်ရစ် Sheriff နှင့် ရဲ Police တို့ ကွဲပြားပုံ ကို မသိသေးသူ များ သိရအောင် အရင်ဦးဆုံး ရှင်းလင်းတင်ပြလိုပါသည်။
Sheriff (ရှယ်ရစ်) နှင့် Police (ရဲ) သည် ဥပဒေစိုးမိုးရေး အဖွဲ့အစည်းများ ဖြစ်ကြသော်လည်း ၎င်းတို့၏ လုပ်ပိုင်ခွင့်၊ တာဝန်နဲ့ အခွင့်အာဏာ အပိုင်းများတွင် ကွာခြားချက်တွေ ရှိ နေသည်။ အဓိကအားဖြင့် အမေရိကန် တွင် အသုံးများသည့် ဝေါဟာရအလိုက်၊ ကွာခြားချက် များ ရှိနေသည်။
၁။ လုပ်ပိုင်ခွင့် နယ်မြေ (Jurisdiction)
Police (ရဲ) သည် မြို့၊ မြို့နယ် သို့မဟုတ် ဒေသအလိုက် တာဝန်ယူရသည်။ ဥပမာ - နယူးယောက်မြို့ ရဲဌာန (New York City Police Department) သည် နယူးယောက်မြို့ နယ်နိမိတ်အတွင်းမှာသာ လုပ်ပိုင်ခွင့်ရှိသည်။
Sheriff (ရှယ်ရစ်) သည် ခရိုင် (county) တစ်ခုလုံးကို တာဝန်ယူရသည့် အတွက် ရှယ်ရစ်သည် မြို့၏ နယ်နိမိတ်အပြင်ဘက် ကျေးလက်ဒေသတွေနှင့် မြို့ထဲတွင် ရဲစခန်းမရှိသည့် နေရာများတွင် လုပ်ပိုင်ခွင့်ရှိ နေသည်။
၂။ ရွေးချယ်ခံရခြင်း (Election)
Police (ရဲ) သည် အများအားဖြင့် ခန့်အပ်ခြင်း ခံရသည့် အရာရှိများ ဖြစ်သည်။ မြို့တော်ဝန် သို့ မဟုတ် မြို့အုပ်ချုပ်ရေးအဖွဲ့ (city council) က ရွေးချယ်ခန့်အပ်သည်။
Sheriff (ရှယ်ရစ်) အများစုသည် မဲပေးခြင်းဖြင့် ရွေးချယ်ခံရတဲ့ အစိုးရအရာရှိ (elected official) များ ဖြစ်သည်။ ထို့အတွက် ၎င်းတို့သည် ဒေသခံပြည်သူများ၏ တိုက်ရိုက်မဲ ပေး ရွေးချယ်မှု ဖြင့် တာဝန်ထမ်းဆောင်ကြရသည်။
၃။ လုပ်ငန်း တာဝန်များ
Police (ရဲ) သည် အဓိကအားဖြင့် မြို့ပြတွင် ဥပဒေစိုးမိုးရေး၊ ရာဇဝတ်မှုများကို စုံစမ်းစစ်ဆေးခြင်း၊ ရာဇဝတ်မှုကျူးလွန်သူများကို ဖမ်းဆီးခြင်း နှင့်အများပြည်သူ၏ လုံခြုံရေးကို ထိန်းသိမ်းခြင်း အစရှိသည့် တာဝန်များ ယူရသည်။
Sheriff (ရှယ်ရစ်)၏ တာဝန်သည် ပိုပြီး ကျယ်ပြန့်သည်။ အဓိက အားဖြင့် အကျဉ်းထောင်များကို စီမံခန့်ခွဲရသည့် အတွက်၊ ခရိုင်အတွင်းရှိ အကျဉ်းထောင်များ ကို ကြီးကြပ်စီမံရသည်။
တရားရုံးလုပ်ငန်းများ: တရားရုံးလုံခြုံရေးကို စောင့်ရှောက်ခြင်း၊ တရားရုံးအမိန့်များကို လိုက်နာဆောင်ရွက်ခြင်းနှင့် သက်သေများကို ဆင့်ခေါ်စာ ပေးပို့ခြင်း အစရှိသည်များ လုပ်ဆောင်ရသည်။
ကျေးလက်ဒေသများ လုံခြုံရေး နှင့် ရဲစခန်းမရှိသည့် ကျေးလက်ဒေသများတွင် ဥပဒေစိုးမိုးရေးတာဝန်ကို ထမ်းဆောင်ရသည်။
********
၁၉၀၉ မတ်လ အတွင်း အမေရိကန် တရားလွှတ်တော်ချုပ် မှ တရားသူကြီး ကိုးဦးသည် ဝါရှင်တန် ဒီစီ သို့ စုဝေး ရောက်ရှိလာကြသည်၊ ၎င်းတို့အားလုံး သည် အမေရိကန် တရားရေး သမိုင်းတွင် တကြိမ်တခါမျှ မလုပ်ခဲ့ဖူး၊ နောက်လည်း လုပ်တော့မည့် မဟုတ်သည့် အရေးကိစ္စ တခုကို ပြုလုပ်ရန် ရောက်ရှိလာကြခြင်းပင် ဖြစ်သည်၊ ဤသည်က ရာဇဝတ်မှု တခု အတွက် အပြီးသတ် လျှောက်လှဲချက်အား ကိုယ်တိုင်ကိုယ်ကျ ကြားနာ နိုင်ရန် အတွက် ဖြစ်သည်။
မည်သို့သော ကြောက်မက်ဖွယ် ရာဇဝတ်မှု ကို ကျုးလွန်ခဲ့၍ နိုင်ငံ၏ အမြင့်ဆုံး တရားသူကြီးချုပ် များ ကိုယ်တိုင် ကြားနာဖို့ ဖြစ်လာခဲ့ရသနည်း။ ထိုမေးခွန်းကို ဖြေဆိုရန် လွန်ခဲ့သည့် သုံးနှစ်ကာလ ဖြစ်သော ၁၉၀၆ ဇန်နဝါရီ ၂၃ ရက် ဆောင်းရာသီ ညနေခင်း အချိန်မှ စရတော့မည် ဖြစ်သည်။
ထိုညနေခင်း တွင် အသက် နှစ်ဆယ့်တနှစ် အရွယ်ရှိ ချောမောလှပသည့် မိန်းမပျိုလေး နီဗာဒါး တေလာသည် ချန်တာနူဂါ မြို့ လေး၏ မြို့လယ် ခေါင်ရှိ သူမ၏ စာရင်းကိုင် အလုပ်မှ ညနေ ၆ နာရီတွင် ထွက်လာခဲ့သည်။ ဇန်နဝါရီ လ လည်း ဖြစ်၍ အပြင်တွင် အမှောင်ထုက ဖုံးလွှမ်းနေပြီ ဖြစ်သည်။
သူမသည် ဓါတ်ရထား ဖြင့် မိနစ် နှစ်ဆယ်ခန့် စီးရသည့် စောင့်ကြည့် တောင် ခြေ ရှိ ဘူတာရုံသို့ သို့ ထွက်လာခဲ့သည်။ ထို့နောက် ဘူတာသို့ ရောက်လျင် ဓါတ်ရထား ပေါ်မှ ဆင်းကာ မလှမ်းမကမ်းရှိ သူမ အိမ်ရှိရာသို့ လမ်းလျှောက် ပြန်လာခဲ့သည်။
သူမ အိမ်သည် သစ်တောကုန်ုး သင်္ချိုင်း အတွင်း တွင် ရှိသည်။ ဖခင်သည် ထိုသင်္ချိုင်းမြေ ကို ထိန်းသိမ်း စောင့်ရှောက်ရသည့် အလုပ်ကို လုပ်ကိုင်နေသူ ဖြစ်သည်။ သင်္ချိုင်း ဂိတ်တံခါးဝ သို့ အရောက်တွင် တော့ တစုံတယောက်က သူမ၏ လည်မြိုကို နောက်မှ ဖမ်းဆုပ်လိုက်သည်ကို သိလိုက်ရသည်။
ထိုလူ မှ "မင်းအော်ရဲ အော်ကြည့်၊ သတ်ပစ်လိုက်မယ်" ပြောသည်ကို ကြားလိုက်ရပြီး နောက်တွင်တော့ တေလာသည် ဆယ်မိနစ်ခန့် သတိ မေ့မျောသွားခဲ့သည်။
တေလာ သတိပြန်လည် လာအပြီး တွင် ကိုက်တရာခန့်သာ ဝေးသော အိမ်သို့ အပြေးပြန်လာပြီး ဖခင် ဖြစ်သူ ဝီလျံ တေလာ အား ဖြစ်ကြောင်း ကုန်စင် ပြောပြ တိုက်တန်းခဲ့သည်။ ဖခင် ဖြစ်သူလည်း ရှယ်ရစ် တေလာအား အကြောင်းကြားလိုက်၍ အနံ့ခံ ခွေးများ၊ ရဲအဖွဲ့ဝင်များ စုရုံး ပြီး မြင်းလှည်းများ ဖြင့် တေလာ အိမ်သို့ အပြေးက လေး ရောက်ရှိ လာသည်၊ မှုခင်းစစ် ဆရာဝန်လည်း ရောက်လာပြီး သမီးဖြစ်သူ ကို စစ်ဆေးကြည့်ရာ အဓမ္မ ပြုကျင့်ခံခဲ့ရသည်ဟု ဖခင်အား အသိပေးခဲ့သည်။
အဓမ္မ အကျင့်ခံရမှု အတွက် ကျုးလွန်သူကို ဖေါ်ထုတ်ရန် ရှယ်ရစ် ဂျိုးစက် ရှစ်ပ် သည် စုံစမ်း စစ်ဆေးမှုကို ဦးဆောင်လာခဲ့သည်။ တေလာ အားလည်း သူမ မှတ်မိသလောက် ပြောပြရန် မေးမြန်းခဲ့သည်။ တေလာလည်း မယ်မယ်ရရ မှတ်မိသည်ဟူ၍ တခုတလေမျှ ပင် မပြောနိုင် ဖြစ်နေသည်။ အဓမ္မ ကျင့်သူသည် ဗလ တောင့်တောင့်နှင့် အပေါ်အောက် အမည်းရောင် ဝတ်စုံ ဝတ်ထားပြီး ဦးထုတ် ဆောင်းထားသည်၊ စကားပြောသံသည် ငြင်သာ နူးညံ့မှု ရှိသည်ဟူ၍သာ ပြောနိုင်ခဲ့သည်။ လူဖြူလား၊ လူမည်းလား ဆိုသည်ကိုပင် မသေချာ မရေရာ ဖြစ် နေသည်၊ သူမ စိတ်ထင် အာဖရိကန်-အမေရိကန် တယောက် ဖြစ်မည် ဟု ဆိုသည်။
တရားခံ ကို ဖမ်းနိုင်ဖို့ ဖိအားများ ရှယ်ရစ် ဂျိုးစက်
ရှစ်ပ် ထံ စုပြုံရောက်ရှိလာသည်။ ရှစ်ပ် က သတင်း ပေး နိုင်သူ ကို ဒေါ်လာ ၅၀ ဆုငွေချီးမြှင့်မည်၊ တေလာ၏ အလုပ်ရှင်ကလည်း ဒေါ်လာ ၅၀ ထပ်ဆောင်းပေးခဲ့ပြန်သည်။ ပြည်နယ် အုပ်ချုပ်ရေး မှုးက နောက်ထပ် ဒေါ်လာ ၂၀၀၊ ရပ်ကွက်သူ ရပ်ကွက်သား များ ထည့်ဝင်ငွေ ဖြင့် စုစုပေါင်း ဆုကြေးငွေ သည် ၃၇၅ ဒေါ်လာ အထိ ဖြစ်လာခဲ့သည်။
ရှယ်ရစ် ရှစ်ပ် သည် တရားခံကို လက်ရဖမ်းမိဖို့ သုံးရက် အချိန်ယူခဲ့ရသည်။
အခင်းဖြစ်သော နေရာအား စုံစမ်းစစ်ဆေးရာမှ တေလာ၏ လည်ပင်းတွင် ထင်ကျန်ခဲ့သော အနီစင်း ကြောင်းများနှင့် တထပ်တည်း ကျသည့် အမည်းရောင် သားရေ ကြိုး တကြိုးကို တွေ့ရှိလာခဲ့သည်။ ထိုသို့ တွေ့ရှိခဲ့သည် ဆိုသော သတင်းသည် ပျံ့နှံ့သွား၍ အခင်းဖြစ်ရာ အနီး ရှိ ဆေး ကုမ္ပဏီတွင် အလုပ်လုပ်ကိုင်နေသည့် ဝီလ် ဟစ်ဆန် ဆိုသူ သိရှိသွားခဲ့သည်။ ၎င်းက အခင်းဖြစ်
သည့် ညနေစောင်း ၆ နာရီ မထိုးမီ လေး တွင် လူမည်း တဦးသည် သူ၏ လက်ချောင်းဖြင့် သားရေကြိုးမဲ တကြိုး ဝှေ့ရမ်း၍ သွားသည်ကို တွေ့ခဲ့သည်ဟု ရဲ ကို သတင်းပို့ခဲ့သည်။
နောက်ပိုင်းတွင် ဟစ်ဆန်မှ သူတွေခဲ့ရသည့် လူသည်မြို့ဖက်သို့ အရပ်မြင့်မြင့် လူမည်း တဦး နှင့် အတူ လမ်း လျှောက်သွားသည်ကို တွေ့လိုက်သည်ဟု
ရှစ်ပ် အား အကြောင်းကြား ခဲ့သည်။ ရှစ်ပ်လည်း ကမန်းကတန်း လိုက်သွားခဲ့ရာ တရားခံဟု ယူဆရသူ ၏ အဖေါ် ဖြစ်သူ အရပ်မြင့်မြင့် လူမည်း တဦး ကို သာ တွေ့လိုက်ရသည်။ ၎င်း၏ အဖော်သည်အချိန်ပိုင်း လက်သမား လုပ်နေသည့် အိမ်ခြေယာခြေ အတည်မရှိသူ အက်ဒ် ဂျွန်ဆင် ဆိုသူ ဖြစ် ကြောင်း ထိုလူမည်း မှ တဆင့် သိလိုက်ရသည်။ ရှစ်ပ် သည် နာရီပိုင်း အတွင်းမှာပင် ရေခဲတင်သည့် လှည်းနောက်တွင် လိုက်ပါလာသည့် ဂျွန်ဆင် ကို ရှာတွေ့ခဲ့၍ လက်ထိပ်ခပ်ပြီး အချုပ်ထဲ ထည့်လိုက်သည်။
ဟစ်ဆန်ကလည်း ၎င်းတွေ့ခဲ့ရသည့် သားရေကြိုး အမည်းကို ဝှေ့ရမ်းသွားသူ ဖြစ်ကြောင်း သက်သေခံခဲ့သည်။ ဟစ်ဆန်သည် နီဗာဒါး တေလာ အား အဓမ္မ ပြုကျင့်ခဲ့သူကို ဖေါ်ထုတ်ပေးနိုင်ခဲ့၍ ဆုကြေး အဖြစ် ၃၇၅ ဒေါ်လာ ရရှိသွားခဲ့သည်။