စိတ်က ညိုးနွမ်းနေပုံ ရသော်လည်း သူ့အသံက လန်းဆန်း တက်ကြွနေ၍ ကျွန်တော်က ကွန်ဂရက်ကျူလေးရှင်းဟု ပြောလိုက်ရသည်။ အနည်းဆုံးတော့ သူတို့လေး တွေ အမေရိကန် နိုင်ငံသားတွေ ဖြစ်ကုန်ကြတာပဲပေါ့၊ ကျွန်တော်တို့လည်း ဘာနာမည် ပေးရမှန်း မသိလို့ ဒီအတိုင်းထား လိုက်တာ၊ သူနာပြု ဆရာမ က လာမေးမှပဲ ကျွန်တော်လည်း ပြာယာခပ်သွားတယ်၊ သူတို့ကို အမေရိကန် နာမည် ပေးမှ ဖြစ်တော့မယ် ဆိုပြီး၊ စပင်းနက်ချ် နဲ့ ဘရိုကိုလီ ဆိုပြီး ပေးလိုက်တယ် ပထမဆုံး ကျွန်တော် ခေါင်းထဲ ရောက်လာတဲ့ အမည်က စပင်းနက်ခ်ျဖြစ် နေလို့ပဲ၊ ဘာဖြစ်လို့လည်း ဆိုတော့ ကျွန်တော်က ပေါ့အိုင်း ကာတွန်းကား ထဲမှာ ပေါ့အိုင်းက ဟင်းနုနွယ်ရွက် စားစားပြီး ဗလကြီး ဖြစ်လာတာ ကို ကြည့်မိတိုင်း အတောမသတ် ရယ်နေမိတာ၊ ဘယ်သူကမှ စပင်းနက်ခ်ျ လို့ အမည်ပေးထားတဲ့ ကလေးကို နှောက်ယှက်ရဲကြမှာ မဟုတ်ဘူး။
ဘရိုကိုလီ ကျတော့ အကျိုးသင့် အကြောင်းသင့် စဉ်းစားပြီး မှ ပေးလိုက်တာ၊ တီဗီထဲက အမျိုးသမီးတယောက်က ပြောတာရှိတယ်၊ ဘရိုကိုလီ ကို အမြဲစားပါ ဆိုတာလေ၊ ကျွန်တော် မှတ်မိနေတယ်၊ အဲ့တာက ကျွန်တော်တို့ စားနေကျ နဲ့ မတူဘူး၊ ကျန်းမာရေး နဲ့ ညီညွတ်တယ်၊ ကျွန်တော့် အမွှာပူး ကလေး နှစ်ယောက်လည်း ကျန်းမာ သန်စွမ်းနေဖို့ လိုတယ်လေဗျာ၊ ဒီနိုင်ငံမျိုးမှာ ပိန်ပိန်ညှောင်ညှောင်တွေ၊ ဝဖီးနေတဲ့ လူ တွေ မလိုချင်ကြဘူး၊ ကျွန်တော်လည်း အစားအသောက်ကို အတိုင်းအတာ နဲ့ စားဖို့ လိုလာပြီ၊ တကယ်ပြောတာ၊ ခင်ဗျားက အားနာလို့ မပြောရင်သာ နေမယ်၊ ကျွန်တော် အတော်လေး ဝ နေတယ်ဆို တာ သတိထားမိတယ်၊ ဝ တာ တခုကောင်းတာက စားလို့ သောက်လို့ ကောင်းတယ်၊ ပြီးတော့ လူတိုင်းက ဝ တဲ့ လူဆို ချစ်ကြတယ်ဗျ။ အဟုတ်ပြောတာ လူတွေက ဝ တဲ့ လူတွေ့ရင် ရယ်ကြ၊ ပြီးတော့ သနားကြတယ်ဗျ၊
ကျွန်တော် ဓါတ်ဆီဆိုင်မှာ အလုပ်လျောက်တုန်းက ဆို လမ်း ကို တလမ်း နှစ်လမ်း လောက်ပဲ လျှောက်နိုင်တာ၊ လူတွေက ကျွန်တော် ချွေးတလုံးလုံး နဲ့ ဖြစ်နေတာ ကြည့်ပြီး သူတို့စိတ်ထဲ အထင်သေးနေရင်တောင် စိတ်မကောင်း ဖြစ်နေတာ၊ ကျွန်တော်က ပြုံးပြပြီး ဗိုက်ကို လှုပ်ပြတော့ သဘောတွေ ကျပြီး ရယ်ကြရော၊ ကျွန်တော်က ဒါကြောင့် ငါ အလုပ်လုပ်ဖို့ လိုတယ် ဆိုပြီး ပြောတော့ ပိုင်ရှင်က ချက်ခြင်းလို အလုပ်ခန့်လိုက်တာပဲ။ သူ့အတွက်လည်း ကျွန်တော်ကို ဘာကြောင့် ငှားရတာလည်း ဆိုတဲ့ အကြောင်းပြချက် ရသွားတယ်၊
လူတွေကို ရယ်အောင် နဲ့ သနားအောင် လုပ်နိုင်တာက အမြဲတမ်း အလုပ် ဖြစ်တယ် မဟုတ်လား၊ ခင်ဗျားလည်း ကျွန်တော်ကြည့်ပြီး ပြုံးနေပြီ၊ စိတ်ထဲက သနားနေတာ မဟုတ်လား၊ သိတ်ပြီးလည်း စိတ်မကောင်း ဖြစ်မနေနဲ့၊ ကျွန်တော် အလုပ်ဆင်းရတဲ့ အချိန်က မနက် ဆယ်နာရီ ကနေ၊ ည ရှစ်နာရီအထိ၊ တပတ် ခုနှစ်ရက်၊ အလုပ်ကို အိမ်ကနေ လမ်းလျှောက် သွားလို့ရတယ်၊ ငွေသိမ်းစက်က ခလုတ် နှိပ်ယုံကလွဲ၍ အခြား ဘာမှ လုပ်စရာ မလိုဘူး၊ ဝင်လာခဲ့၊ ခင်ဗျားကို အကုန် မဟုတ်ရင်တောင် အချို့ အလကား ထည့်ပေးမယ်၊ ကျွန်တော်တို့ ထွက်ပြေးလို့ရအောင် ခင်ဗျား ကူညီပေးခဲ့တဲ့ အတွက် ကျွန်တော်ဖက်က ဒါပဲ အနည်းဆုံး ပြန်လုပ်ပေးနိုင်တာ၊ ခင်ဗျားကို ကျေးဇူးတင်တဲ့ အကြောင်းလည်း သေချာ ကျကျနန မပြောခဲ့ရဖူးဘူး။ ဒီမှာလည်း သိတဲ့ အတိုင်းပဲ ရုန်းကန်နိုင်မှ ဖြစ်မှာကိုး၊ ကျွန်တော် တို့ ဗီယက်နမ်တွေ အချင်းချင်း ကျောချင်းကပ်၊ ရင်ခြင်းကပ် နေနိုင်မှ ဖြစ်မယ်။
သနားစရာ ကောင်းလိုက်ပါဘိ အရက်သမား ဗိုလ်မှုး ရယ်၊ ထိုညက အိမ်ပြန် အရောက်တွင် ဘွန်သည် ပွိုင့် ၃၈ စပါယ်ရှယ် ခြောက်လုံးပြူးကို ကော်ဖီ စားပွဲပေါ်တင်၍ အမဲဆီ နှင့် အကျ အန သန့်ရှင်းနေသည်။ ကြေးနီရောင် ကျည်ဆံ ခြောက်တောင့်ကိုလည်း ဆိုဖာ နှင့် အတူ ဝယ်စဉ်က ပါလာသော ခေါင်းအုံးပေါ် တင်ထားသည်။ ခေါင်းအုံးကို ရှေ့ထားပြီး ပစ်လို့ရတယ်ဟု ဘွန်က ပြောရင်း ဘီယာပုလင်းကို ဖွင့်ဖောက်လိုက်သည်။
ကောင်းသားပဲ၊ အသံလုံတာပေါ့ ဟု ပြန်ပြောလိုက်သည်။ ရုပ်မြင်သံကြားမှ ကမ္ဘောဒီယား တွင် ဖြစ်ပေါ်နေသော အခြေအနေနှင့် ပတ်သက်ပြီး ရစ်ချတ် ဟက်ဒ် အား တွေ့ဆုံမေးမြန်းနေသည်ကို ထုတ်လွှင့်နေသည်။ သူ၏ အင်္ဂလိပ် စကားပြော လေယူလေသိမ်းသည် မေးသူ၏ ဘော်စတွန် အသံထွက် နှင့် ကွာခြားခြင်းတိုင်း ကွာခြားနေသည်။
သူတို့ ပြောနေသည်ကို တမိနစ်လောက် ကြည့်နေပြီးနောက် "တကယ်လို့ သူသာ စပိုင် မဟုတ်ဘူးဆိုရင် ငါတို့ လူမှား သတ်မိသလို ဖြစ်ပြီး လူသတ်မှု ဖြစ်သွားလိမ့်မယ်နော်"
ဘွန်က ဘီယာကို တချက် ငုံလိုက်ပြီး ပထမ အချက်က ဗိုလ်ချုပ်ကြီးက ငါတို့ သိမထားတာ တွေ သူ သိနေတယ်၊ ဒုတိယ အချက်က ငါတို့ လူသတ်တာ မဟုတ်ဘူး၊ လုပ်ကြံတာလို့ ပြောရမယ်။ မင်း လူ တွေ အရင်က ဒါမျိုးတွေ တချိန်လုံး လုပ်နေတာပဲလေ၊ တတိယ အချက်က အခု စစ်ဖြစ်နေတာ၊ အပြစ်မဲ့လူတွေ အသတ်ခံကြရမှာပဲ၊ သူတို့ မှာ အပြစ်မရှိဘူး ဆိုရင်တော့ လူသတ်မှုပဲ၊ အဲ့တာတောင်မှ ကြေကွဲ စရာ ဖြစ်သွားရတယ်ပဲ ပြောရမယ်၊ ရာဇဝတ်မှု မဟုတ်ဘူး။
ဗိုလ်ချုပ်ကြီး မင်းကို အဲ့သလို လုပ်ခိုင်းတော့ ပျော်နေတယ် မဟုတ်လား၊
အဲ့တာ ဆိုးတာလား ဟု ပြောရင်း ဘီယာပုလင်းကို ချပြီး သေနတ်ကို ကောက်ကိုင်လိုက်သည်။ အချို့လူများက စုတ်တံ တို့ ဖေါင်တိန်တို့ ကိုင်ဖို့ မွေးဖွားလာသော်လည်း သူကတော့ သေနတ် ကိုင်ဖို့ မွေးဖွားလာသူ ဖြစ်သည်။ သေနတ် သည် သူ့လက်နှင့် အသားကျနေပုံ ရှိသည်။ စက်ပြင်ဆရာ တဦးက ဂွရှင် တခုကို ကျွမ်းကျင် ပိုင်နိုင်စွာ ကိုင်တွယ်နိုင်၍ ဂုဏ်ယူ စရာ ကိရိယာ တခု လို ဖြစ်နေသည်။
ဘွန်သည် သေနတ်ကို စိမ်ပြေနပြေ ကြည့်နေရင်းက လူတယောက် အဖို့ ရည်ရွယ်ချက် တခု ရှိဖို့ လိုတယ်၊ လင်း နဲ့ မတွေ့ခင်တုန်းကဆို အဖေ အတွက် လက်စားချေခြင်တဲ့ စိတ်တခုပဲ ရှိတယ်၊ လင်း ကို ချစ်မိသွားတော့ င့ါစိတ်ထဲမှာ အဖေ ရော၊ လက်စားချေခြင်တာတွေ မရှိတော့ပဲ လင်းက ငါ့ အတွက် ပိုပြီး အရေးကြီးလာတယ်၊ အဖေ ဆုံးပြီး ကတည်းက တခါမှ ငိုရကောင်းမှန်း မသိခဲ့ဘူး၊ လင်း နဲ့ လက်ထပ်ပြီးတော့ ကျမှ အဖေ အုတ်ဂူ ရှေ့ ချုံးပွဲချ ငိုမိတယ်၊ စိတ်ထဲမှာ လင်း သာ အရေးကြီးဆုံးလို့ ထင်ပြီး အဖေ့ကို သစ္စာဖေါက်ခဲ့ သလို ဖြစ်သွားခဲ့လို့၊ ဒပ် လေး မွေးလာတဲ့ အထိ အဲ့ဒီ စိတ်ကြီးကို ဖျောက်လို့ မရ ဖြစ်နေခဲ့တာ။
ပထမတော့ ကလေး ကြည့်ရတာ ထူးဆန်းပြီး ရုပ်ကလည်း ဆိုးနေသလိုပဲ၊ သား ကို ငါ ဘာလို့ မချစ်ရတာလဲ၊ ငါ ဘာများ မှားနေပြီလဲ၊ ဒါပေမယ့် ကလေးက တဖြေးဖြေး ကြီးလာတော့၊ တညနေ သူ့ရဲ့ လက်ချောင်းလေးတွေ၊ ခြေချောင်းလေးတွေ ကြည့်မိတော့ သူရဲ့ လက်ဖဝါးလေးတွေ၊ ခြေဖဝါးလေးတွေဟာ ငါရဲ့ လက်တွေ၊ ခြေထောက်တွေရဲ့ ပုံစံတူ သေးသေးလေးတွေလို ပြီးပြည့်စုံနေတာကို သတိထားမိလိုက်တယ်။ အဲဒီအချိန်မှာ ငါ့ဘဝမှာ ပထမဆုံးအကြိမ် တထိုင် တည်း အံ့သြခြင်း တွေ စုပြုံ ခံစားလိုက်ရသလို ဖြစ်သွားတယ်၊ ချစ်မိသွားတာ တောင် ဒီလို ခံစားချက်မျိုး မဖြစ်ခဲ့ဘူး၊ တချိန်တည်းမှာပဲ အဖေလည်း ငါ့ကို အဲဒီလို ကြည့်ခဲ့မှာပဲဆိုတာ သိလိုက်တယ်။
သူက ငါ့ကို ဖန်တီးပေးခဲ့တယ်၊ ငါက ဒပ် ကို ပြန် ဖန်တီးပေးခဲ့တယ်၊ ဒါဟာ သဘာဝတရားပဲ၊ စကြဝဠာ၊ ဘုရားသခင်က ငါတို့ ကြား ကနေ စီးဆင်းနေတာပဲ။ အဲဒီအချိန်မှာပဲ ငါဟာ သားကိုချစ်မိသွားတယ်။ ကိုယ်ကိုယ်တိုင် ဘယ်လောက်သေးငယ်ပြီး သားလေးက ဘယ်လောက်အံ့သြဖွယ်ကောင်းတယ်ဆိုတာကို နားလည်လိုက်သလို၊ တစ်နေ့နေ့ကျရင် သူလည်း ဒီလိုခံစားချက် မျိုး အတိအကျ ခံစားရလိမ့်မယ်ဆိုတာ သိလိုက်ရတယ်။ အဲဒီအချိန်မှာပဲ ငါဟာ အဖေကို သစ္စာမဖောက်မိဘူးဆိုတာကို ပါ သိလိုက်ရတယ်။