ချေ ၏ ပြောက်ကျားစစ် လက်စွဲ(6)

by Hla Soewai - Sep 17 2025

စစ်ကြောင်းများ သိမ်းယူ နိုင်ခဲ့သော နယ်မြေများသည် ၎င်းတို့ အတွက် သေးငယ်လာ၍ ရန်သူ အခိုင်အမာ ခြေကုတ် ယူထားသော နယ်မြေများထဲသို့ ဆက်လက် ထိုးဖေါက်ရတော့မည့် အချိန်ရောက်လာတော့မည် ဖြစ်သည်။ ထိုအခါတွင် အင်အား တောင့်တင်းသော ရန်သူ နှင့် မဖြစ်မနေ ရင်ဆိုင်ရပေတော့မည်။

 

ထိုအချိန် ရောက်လာလျင် စစ်ကြောင်းများကို ကျစ်လစ်အောင် စုစည်းပြီး တိုက်ခိုက်ရေး တပ်ဦး တခုအသွင် ဖွဲ့စည်းကာ ပုံမှန်စစ်တပ် မှ ဆင်နွှဲလေ့ ရှိသည့် အခိုင်အမာ ခုခံလာမည့် စစ်ပွဲ position of war ကို စတင်ရတော့မည် ဖြစ်သည်။ (ဥပမာအားဖြင့် ပထမကမ္ဘာစစ်အတွင်းက ကတုတ် ကျင်းတူး စစ်ပွဲများကဲ့သို့ ပင် ဖြစ်သည်။)

 

သို့သော်ငြားလည်း အသွင်ပြောင်းလာခဲ့ပြီ ဖြစ်သော ပြောက်ကျား တပ်ဖွဲ့သည် မိမိတို့၏ မိခင်စခန်း နှင့် အဆက်အသွယ် ပြတ်တောက်သွားသည့် အနေအထားမျိုး အရောက်ခံ၍ မဖြစ်၊ ယခင်ကကဲ့သို့ပင် ရန်သူ့ နောက်ကြောကို ထိုးဖောက်နိုင်မည့် နောက်ထပ် ပြောက်ကျား တပ် ကို ဖွဲ့စည်းရမည် ဖြစ်သည်။ ထိုနည်း အတိုင်း ရန်သူ နယ်မြေကို ထိန်းချုပ် နိုင်သည်အထိ ဆက်၍ ထိုးဖောက်သွားရပေမည်။

 

ထိုနည်း ဖြင့် ပြောက်ကျားများသည် နိုင်ငံတဝှမ်းလုံးတွင် ရန်သူကို အင်အား အလုံအရင်းဖြင့် တိုက်ခိုက်နိုင်လာခြင်း၊ ရန်သူ အခိုင်အမာ ခြေကုပ်ယူထားသော ခံတပ်များကို ဝိုင်းပတ် ပိတ်ဆို့ ထားနိုင်ခြင်း၊ စစ်ကူလာသည့် တပ်များကို ချေမှုန်းနိုင်ခြင်း အစရှိသည် တို့ ပြုလုပ်လာနိုင်ပြီ ဖြစ်သည်။ နောက်ဆုံးတွင် စစ်ပွဲ၏ အန္တိမ ရည်မှန်းချက် ဖြစ်သော အောင်ပွဲ သို့ တက်လှမ်းလာနေပြီ ဖြစ်သည်။

 

#၃။ပြောက်ကျားနည်းဗျူဟာများ

 

စစ်ဖက် အသုံးအနှုံးတွင် နည်းဗျူဟာ သည် ပို၍ မြင့်မားသော မဟာဗျူဟာ ရည်မှန်းချက်များကို အကောင်အထည် ဖေါ်ရန် လက်တွေ့ကျကျ ကျင့်သုံးသည့် နည်းလမ်းများဟု ဆိုသည်။

 

နည်းဗျူဟာ သည် မဟာဗျူဟာ ကို ဖြည့်ဆည်းပေးပြီး တဖက်တွင်လည်း မဟာဗျူဟာ၏ အသေးစိတ် စည်းမျဉ်း များ အဖြစ် တည်ရှိနေသည်။ ရည်မှန်းချက် ကို ပေါက်မြောက်ရန် နည်းလမ်းများလည်း ဖြစ်၍ မဟာဗျူဟာထက် ပို၍ အပြောင်းအလဲ လုပ်၍ ရသည့် အပြင် အတိုးအလျော့လည်း လုပ်နိုင်သည်။ မိမိတို့၏ တိုက်ပွဲဝင်ကာလ တလျောက်လုံး အမြဲလို ပြုပြင် ထိန်းညှိသွားနိုင်သည်။

 

စစ်ပွဲတစ်ခုအတွင်း အချို့သော နည်းဗျူဟာမြောက် ရည်မှန်းချက်များသည် အမြဲတမ်းပြောင်းလဲခြင်းမရှိဘဲ တည်ငြိမ်နေသော်လည်း၊ အချို့မှာမူ ပြောင်းလဲနေသည်။ ပထမဆုံး ထည့်သွင်းစဉ်းစားရမည့်အချက်မှာ ပြောက်ကျားစစ်ဆင်ရေးများကို ရန်သူ၏ လုပ်ဆောင်ချက်များနှင့် လိုက်လျောညီထွေဖြစ်အောင် ချိန်ညှိခြင်းဖြစ်သည်။

 

ပြောက်ကျား တပ်ဖွဲ့ ၏ အခြေခံ ပင်ကိုယ်လက္ခဏာသည် ရွှေ့လျား နိုင်မှု ပင် ဖြစ်သည်။ လိုအပ်လာလျင်မိနစ် အနည်းငယ် အတွင်း စစ်မျက်နှာတခု မှ ရွှေပြောင်းပြီး နာရီ အနည်းငယ် အတွင်းမှာပင် အခြားတဖက်ရှိ ဝေးလံသော အရပ်သို့ ‌ရွှေ့လျား နိုင်ရမည်။ ဤသို့ဖြင့် ပြောက်ကျားတို့၏ ရှေ့တန်းစစ်မျက်နှာသည် အမြဲလို အပြောင်းအလဲ ဖြစ်လာပြီး ရန်သူ၏ မည်သည့် ပုံစံ မျိုး နှင့် မဆို ဝိုင်းပတ် ပိတ်ဆို့ ခံရမှု မှ ရှောင်ရှားနိုင်မည် လည်း ဖြစ်သည်။

 

စစ်ပွဲတွင် အခြေအနေပေးပါက ပြောက်ကျား တပ်ဖွဲ့သည် ရန်သူ၏ ဝိုင်းရံမှု ကို ရှောင်ရှားနိုင်မည့် တခုတည်းသော နည်းလမ်းဖြစ်သည့် နောက်ကြောင်းပြန်ဆုတ်ခြင်းကို အာရုံစိုက်ရမည် ဖြစ်သည်။ သို့မဟုတ်က ရန်သူ မှ အဆုံးအဖြတ် ပေးနိုင်မည့် တိုက်ပွဲ တခု အတွင်း တွန်းပို့ ခံရနိုင်ပြီး၊ မိမိတို့ အတွက် မကောင်းသော အခြေအနေမျိုး ဖြစ်ပေါ်စေနိုင်သည်။ သို့မဟုတ်ကလည်း ရန်သူကို ပြန်လည် ဝိုင်းရံခြင်း အဖြစ်သို့ ပြောင်းလဲ ပစ်နိုင်သည်။ ရန်သူက ၎င်းတို့မှ ပြောက်ကျား အုပ်စုလေး တစုကို ဝိုင်းထားနိုင်ပြီဟု ယူဆနေချိန်တွင် ရုတ်ခြည်းဆိုသလို ၎င်းတို့အား ပို၍ အင်အားတောင့်တင်းသည့် ပြောက်ကျား အုပ်စု များက ဝိုင်းရံလာခြင်း၊ သို့မဟုတ်ကလည်း လုံခြုံသော နေရာ တခု တွင် နေရာယူထားပြီး ဖြစ်သည် ဆိုက မြူဆွယ်မှု တရပ် အဖြစ် အသုံးတည့်ပြီး ရန်သူ တပ်နှင့် ၎င်းတို့၏ ထောက်ပံ့ရေး ပစ္စည်း အားလုံးကိုဝိုင်းရံ ချေမှုန်း ဖျက်စီး ပစ်နိုင်သည်။

 

ထိုကဲ့သို့ ရွေ့လျားစစ်ပွဲ၏ ထူးခြားချက်တခုမှာ 'minuet' ဟု ခေါ်သော ကကွက် မျိုး နှင့် ဆင်တူနေသည့် နည်းဗျူဟာ ပင် ဖြစ်သည်။ ရန်သူ၏ ရှေ့သို့ တိုးလာနေသော စစ်ကြောင်းအား သံလိုက်အိမ်မြှောင် လေးဘးက်လေးတန် ကဲ့သို့ လုံးဝ ဝိုင်းရံထားပြီး အမှတ်တခုစီတွင် ပြောက်ကျား ၅ ဦး မှ ၆ ဦး စီ အထိ ထားရှိပြီး မိမိတို့ကိုယ်တိုင်လည်း ပြန်လည်ဝိုင်းရံမခံရစေရန် လုံလောက်သော အကွာအဝေးတွင် နေရာယူထားရမည်။

 

တိုက်ပွဲကို မည်သည့်အမှတ်တစ်ခုမှမဆို စတင်လိုက်သည်နှင့် ရန်သူ့တပ်သည် ထိုနေရာသို့ ရွေ့လျားလာသည်။ ထိုအခါ ပြောက်ကျားများသည် ရန်သူကို မျက်ခြေ ပြတ်မခံဘဲ ဆုတ်ခွာကာ၊ အခြားအမှတ်တစ်ခုမှ တိုက်ခိုက်မှုအသစ်ကို စတင်လုပ်ဆောင်ကြရမည်။

 

စစ်တပ်သည် ထိုအမှတ်သို့ ပင် ဦးတည်လာမည် ဖြစ်၍ မိမိတို့ ဖက်မှ အခြား အမှတ်တခု သို့ ရွေ့လျားပြီး တိုက်ခိုက်မှုများ ပြန်လည် စတင်ရမည်။

 

ထိုနည်းဖြင့် ရန်သူစစ်ကြောင်းတစ်ခုကို လှုပ်ရှားမှု မပြုနိုင်အောင် လုပ်ဆောင်ထားနိုင်ပြီး၊ လက်နက်ခဲယမ်းများစွာ ထုတ်သုံးလာရပြီး၊ ရန်သူ့တပ်သားများ၏ စိတ်ဓာတ်ကိုပါ ကျဆင်းစေနိုင်ပါသည်။ ထိုသို့လုပ်ဆောင်ရာတွင် ပြောက်ကျားများအတွက် ကြီးကြီးမားမား အန္တရာယ် ရှိမည်လည်း မဟုတ်ပေ။

 

ညဖက်တွင်လည်း ဝိုင်းပတ်ထားရန် ထိုနည်းဗျူဟာ ကိုပင် ကျင့်သုံးနိုင်သည်။ သို့သော် ပို၍အနီးကပ်ဝင်ရောက်ကာ ပိုမိုပြင်းထန်စွာ ထိုးစစ်ဆင်ရမည်။ အဘယ်ကြောင့်ဆိုသော် ဤအခြေအနေများတွင် ပြန်လည်ဝိုင်းရံတိုက်ခိုက်ရန် ပိုမိုခက်ခဲသောကြောင့်ဖြစ်သည်။ ညဖက်တွင် လှုပ်ရှား နိုင်ခြင်းသည် ပြောက်ကျား တပ်ဖွဲ့၏ နောက်ထပ် အရေးပါသော လုပ်နည်းလုပ်ဟန် တခုလည်း ဖြစ်သည်။ တိုက်ခိုက်မည့် နေရာသို့ ချီတက်ရန် နှင့် သစ္စာဖေါက်မှု အန္တရာယ် ရှိလာနိုင်သည့် နယ်မြေသစ်တခု တွင် ပြန်လည် စုစည်းရန် အထောက်အကူ ပြုသည်။

 

ပြောက်ကျား တပ်ဖွဲ့သည် အင်အားအရာတွင် နည်းပါးနေတတ်၍ ရန်သူအား အမြဲလို အလစ် ဝင်ရောက် တိုက်ခိုက်နိုင်ဖို့ လိုသည်၊ သို့မှသာ မိမိတို့ဖက်မှ အကျအဆုံး နည်းပါးစွာဖြင့် ရန်သူကို ထိထိရောက်ရောက် ချေမှုန်းနိုင်မည့် အားသာချက် များ ရရှိမည် ဖြစ်သည်။

 

တဖက်တွင် လူ ၁၀၀၊ ကျန်တဖက်တွင် လူ ၁၀ ယောက်သာ ရှိသည့် တိုက်ပွဲတွင် တဖက်စီတွင် လူတယောက်စီ ကျဆုံးခဲ့သည် ရှိသော နှစ်ဖက် ဆုံးရှုံးမှု က အတူတူ ဟု ပြော၍ မရပေ။ ရန်သူဖက်က အကျအဆုံးသည် ၎င်းတို့ ထိထိရောက်‌ ရောက် တိုက်ပွဲ ဝင်နိုင်သည့် အရည် အတွက်၏ တစ်ရာခိုင်နှုန်းသာ ရှိ၍ အလွယ်တကူ ဖြည့်တင်းနိုင်သည်။ ပြောက်ကျား များ ဖက်က အဆုံးအရှူံးသည် ဆယ်ရာခိုင် နှုန်း ရှိနေသည့်အပြင် အထူး လေ့ကျင့်ထားသော တပ်ဖွဲ့ဝင် တဦးလည်း ဖြစ်၍ ပြန်လည် အစားထိုးရန် အချိန်ယူရတော့မည် ဖြစ်သည်။

 

ကျဆုံးသွားသော ပြောက်ကျား တပ်ဖွဲ့ဝင်တဦးအား လက်နက် ခဲယမ်းများ နှင့် မည်သည့် အခြေအနေမျိုး တွင် မှ စွန့်ပစ်ထားခဲ့၍ မဖြစ်၊ ပြောက်ကျား တပ်သား တဦး၏ တာဝန်သည် မိမိ ရဲဘော်ရဲဖက်တဦး ၏ အဖိုး မဖြတ်နိုင်သော လက်နက်ခဲယမ်းများ ကို ချက်ခြင်း အရယူရန် ဖြစ်သည်။ အထူး ရည်ညွန်း ပြောလိုသည်က ခဲယမ်းမီးကျောက်များကို ထိန်းသိမ်းစောင့်ရှောက်ပုံနှင့် အသုံးပြုပုံသည် ပြောက်ကျားစစ်၏ အခြားသော ဝိသေသ များတွင် ပါဝင်သည်။

 

အမြဲတမ်း စစ်တပ် တတပ် နှင့် ပြောက်ကျား တပ်ဖွဲ့အကြား မည်သည့် ရင်ဆိုင်တိုက်ပွဲတွင် မဆို တဖက်နှင့် တဖက် ခွဲခြား၍ ရနေသည်က ပစ်ခတ်ပုံ ပစ်ခတ်နည်း ကွာခြားနေခြင်းပင် ဖြစ်သည်။ အမြဲတမ်း စစ်တပ်သည် လက်နက်ကို သာလွန် အင်အားဖြင့် ဒလစပ် ပစ်ခတ် တတ်သည်၊ ပြောက်ကျား တပ်ဖွဲ့များကမူ ကွက်ကြား ကွက်ကြား ဖြင့် တိတိကျကျ မှန်အောင် ပစ်ခတ်လေ့ရှိသည်။