နှစ်ဆယ်ရာစုနှစ် အကျော်ကြားဆုံး တရားခွင်များ(3)

by Hla Soewai - Oct 06 2025

ဒေသရဲမှုး ဂျိုးစက် ရှစ်ပ် ၏ တရားခွင် (၃)

 

ပါဒင်း နှင့် စတိုင်းတို့ ဂျွန်ဆန် အမှု ကို လက်ခံလိုက်ခြင်း အပေါ်မည်သူမျှ အံ့အားတသင့် မဖြစ်ခဲ့ကြ။ တင်နက်စီ တရားလွှတ်တော်ချုပ်ကလည်း အမှု ကို ပြန်လည် စစ်ဆေးပေးရန် လျှောက်လှဲချက်ကို တညီတညွတ် တည်း ပယ်ချ ခဲ့ကြသည်။ ရှယ်ရစ် ရှစ်ပ်သည် လည်း ၎င်း၏ လက်ထောက်များကို ကြိုးပေး စီရင် နိုင်ဖို့ ကြိုးကို ကျစ်ထားရန် အမိန့်ပေးလာခဲ့သည်။

 

သို့သော်လည်း နိုဝါ ပါဒင်းသည် လက်မလျော့၊ ဂျွန်ဆင်၏ အသက်ကို ကယ်နိုင်ရန် ဖက်ဒရယ် တရားရုံးတော်သို့ ဦးတိုက် လျှောက်ထားလာခဲ့သည်။ ဂျွန်ဆင် အား ကွပ်မျက်ရန် သတ်မှတ်ထားသည့် နေ့ မတိုင်မီ ခြောက်ရက် အလို တွင် ပါဒင်းသည် တရားသူကြီး၏ ဟေဘီယပ်စ် ကောပတ်စ် (habeas corpus) အမိန့်စာ ရရန် ဖက်ဒရယ် ခရိုင် တရားရုံး ရှိသည့် နော့စ်ဗီးလ် မြို့သို့ ရထားဖြင့် ထွက်လာခဲ့သည်။

 

(ဟေဘီယပ်စ် ကောပတ်စ်သည် လက်တင်ဘာသာ စကား ဖြစ်ပြီး "ကိုယ်ခန္ဓာကို (တရားရုံးရှေ့) မှာရှိစေ" ဟု အဓိပ္ပါယ်ရသည်။ ဆိုလိုသည်မှာ အဖမ်းခံရသူတစ်ဦးကို တရားရုံးရှေ့မှောက် ခေါ်လာဖို့အတွက် တရားသူကြီးတစ်ဦးက ထုတ်ပေးတဲ့ တရားဝင်အမိန့်စာတစ်မျိုး ဖြစ်သည်။ ယင်း အမိန့်စာဖြင့် အဖမ်းခံထားရသူအား ဥပဒေနဲ့အညီ ဖမ်းဆီးထားခြင်း ဟုတ်မဟုတ်ဆိုသည်ကို စစ်ဆေးရန်အတွက် အဓိကရည်ရွယ်ခြင်း ဖြစ်သည်။)

 

သို့သော် ဖက်ဒရယ် တရားရုံးမှ အကြောင်းထူးလာစရာ ရှိမည်ဟု မျှော်လင့်ချက် မရှိသလောက် ဖြစ်နေသည်။ ဖက်ဒရယ် တရားသူကြီးများက ပြည်နယ် တရားရုံးများ တွင် တင်ပြသော သက်သေ အထောက်အထားများ ကို စီစစ် နိုင်မည် မဟုတ်၊ ၎င်းတို့အဖို့က ဖက်ဒရယ် ဖွဲ့စည်းပုံကို ချိုးဖောက်မှု များ ရှိသည် ဆိုမှသာ ပြန်လည် ပြင်ဆင်ပေးရန်သာ တတ်နိုင်ကြသည်။ ၁၉၀၆ ကာလ များ တွင် တရားခံများ အဖို့ ထိုသို့ အခွင့်အရေး မျိုး မရနိုင်ဟု ဆိုရမည် ဖြစ်သည်။

 

အထက် တရားရုံးချုပ်သည် ၁၄ ကြိမ်မြောက်ဖွဲ့စည်းပုံ ပြင်ဆင်ချက် နှင့် စပ်လျင်းသည့် ဥပဒေ ကြောင်းအရ ဆောင်ရွက်ပိုင်ခွင့် ကို ကျဉ်းမြောင်းစွာ အဓိပ္ပါယ် ဖွင့်ဆိုလေ့ ရှိသည်။ နိုင်ငံသားများ၏ အခွင့်အရေး များဖြစ်သော တရားမျှတစွာ စီရင် ဆုံးဖြတ်မည့် ဂျုရီ အဖွဲ့ ၊ တရားခံ အကျိုးဆောင်၏ ထိရောက်စွာ လိုက်ပါ ဆောင်ရွက်မှု၊ မိမိအား အမှု ပြန်ပတ်လာမည့် ထွက်ဆိုချက်များကို ကာကွယ်ပေးမှု များ ရှိနေရမည် ဖြစ်သည်၊ သို့သော် ထိုအချိန်က ပြည်နယ် တရားရုံးများ တွင် လိုက်နာ ဆောင်ရွက်ခြင်း မရှိကြသေးပေ။ ၁၉၀၆ ခုနှစ်အထိ ဖက်ဒရယ် တရားရုံး တခုတလေကမျှ ပြည်နယ်တရားရုံး၏ ဆုံးဖြတ်ချက်အား တရားခံ၏ အခွင့်အရေး များကို ဥပဒေ ကြောင်းနှင့် အညီ ဆောင်ရွက်ခြင်း မရှိဆိုကာ ပြန်လည် ပြင်ဆင်ပေးခြင်းမျိုး မရှိခဲ့ဘူးပေ။

 

ပါဒင်းသည် ဖက်ဒရယ် တရားသူကြီး စီ ဒီ ကလပ် ရှေ့တွင် ဂျွန်ဆင်၏ အမှုတွင် ဖွဲ့စည်းပုံ ဆိုင်ရာ ရပိုင်ခွင့် များကို ချိုးဖောက်ခံရမှု များ နှင့် ပြည့်နှက်နေသည်ဟု ‌လျှောက်လှဲခဲ့သည်။ ဂျွန်ဆင်သည် ဒေါသ ထွက်‌ နေသော လူအုပ်ကြီး၏ သတ်ဖြတ်ခံရမည့် အန္တရာယ် နှင့် အခြား ခြိမ်းခြောက်ခံထားရမှု များ ရှိနေပါလျက် အမှုစီရင်သည့် တရားသူကြီး မှ တရားခွင့် အား ရွှေ့ဆိုင်းထားခြင်း၊ နေရာပြောင်းပေးခြင်းများ မလုပ်ခဲ့၍ ဥပဒေနှင့် အညီ စီရင်ခြင်း မခံခဲ့ရဟု တင်ပြခဲ့သည်။

 

ဂျုရီ တဦး မှ တစစီ ဆွဲဆုပ်ပစ်ခြင်တယ် ဟု ကြုံးဝါးကာ ဂျွန်ဆင်အား ရန်ပြုရန် အတင်း ရှေ့တိုးလာသည် ကိုလည်း အသိပေးခဲ့သည်။ ထို့အပြင် ဂျုရီ လူကြီးများ ထဲတွင် လူမည်း တဦးတလေမျှ တမင်တကာ ထည့်သွင်းခဲ့ခြင်း မပြုသည်မှာ တန်းတူညီမျှ ကာကွယ် ပေးရမည် ဆိုသည်ကို ချိုးဖောက်ခဲ့ခြင်း ဖြစ်သည်ဟုလည်း ထောက်ပြခဲ့သည်။ အပြီးသတ် အဖြစ် တရားစီရင် မှု အပြီးတွင် ဂျွန်ဆင်၏ ရှေ့နေများက ပစ်ခွာ သွားကြ၍ "သားသတ်ရုံသို့ ခေါ်ဆောင်သွားမည့် သိုးငယ်ပမာ" ဖြစ်ခဲ့ရသည်ဟု အသိပေးခဲ့သည်။

 

ရှေ့နေကြီး ပါဒင်း ၏ တင်ပြချက်ကို ကြားနာပြီးနောက် တရားသူကြီးမှ ဂျွန်ဆင်၏ အမှု စီရင်ရာတွင် အလေးအနက် စဉ်းစားရမည့် ချို့ယွင်းချက်များ ရှိနေမှုကို သဘောတူခဲ့သည်။ သို့သော် မျှတစွာ တရားစီရင်ရမည်ဟူသော အာမခံချက်သည် ပြည်နယ် တရားရုံးများ နှင့် အကျုံးမဝင်ဟု ဆိုသည်။ တရားခံ အကျိုးဆောင်များ အတွက် မဆိုသလောက် အောင်ပွဲရခဲ့သည်က တရားသူကြီး ကလတ် မှ ဂျွန်ဆင်အား ကြိုးပေး စီရင်ရန် ရက်ကို တပတ် ရွှေ့ဆိုင်းပေးခဲ့သည်။ ထိုသို့ ရွှေ့ဆိုင်းပေးခဲ့ခြင်းမှာလည်း ၎င်း၏ ဆုံးဖြတ်ချက်ကို ဗဟို တရားလွှတ်တော် ချုပ်သို့ အယူခံ ဝင်နိုင်ရန် အချိန်ပေးခဲ့ခြင်း ဖြစ်သည်။

 

ရှေ့နေကြီး ပါဒင်း နှင့် ဟပ်ချင်းစ် တို့၏ ကြိုးပမ်းမှု ကြောင့် ထိုသို့ ဖြစ်လာခဲ့သည်ကို သတိပြုမိလာကြသည်။ မတ်လ ၁၅ ရက်နေ့ ကူးပြောင်းစ အချိန်တွင် အမည်မသိ လူတဦးက ၎င်းတို့၏ ရှေ့နေရုံးကို မီးတင်ရှို့ခဲ့သည်။ သို့သော် အပျက်အစီး ကြီးကြီးမားမား မရှိပဲ အချိန်မီ ငြိမ်းသပ် နိုင်လိုက်သည်။ ထို့နေ နေ့လည်ပိုင်းလောက်တွင် ပါဒင်းသည် ဝါရှင်တန်သို့သွားရန် မြို့မှ မီးရထားဖြင့် ခရီးထွက်လာခဲ့သည်။  ဂျွန်ဆင်၏ အသက်ကို ကယ်နိုင်ရန် နောက်ဆုံး အကြိမ် ကြိုးစား ကြည့် နိုင်ရန် အတွက် ဖြစ်သည်။

 

မတ်လ ၁၇ ရက် နေ့တွင် ပါဒင်း နှင့် ဝါရှင်တန်ရှိ ရှေ့နေကြီး တဦးဖြစ်သော အီမန်ညူရယ် ဟူးလတ် တို့သည် ဗဟို တရားလွှတ်တော်ချုပ်ရှိရာ ဆီးနိတ် အဆောက်အအုံဟောင်း၏ စောင့်‌ဆိုင်းရန် သတ်မှတ်ထားသည့် အခန်းသို့ ဝင်လာခဲ့ကြသည်။ သို့သော် ထိုအခန်းထဲတွင် အချိန် အကြာကြီး ထိုင်စောင့်နေကြရသည်။ ပါဒင်းသည် စိတ်ဓါတ်ကျစ ပြုလာပြီ ဖြစ်သည်။

 

နောက်ဆုံးတွင်တော့ တရားရုံးချုပ်၏ ဧည့်ကြို ဝန်ထမ်းသည် အခန်း တံခါးဝ သို့ ရောက်လာပြီး "သူက တွေ့ဖို့ အဆင်သင့် ဖြစ်ပါပြီတဲ့" ဟု ပြောလာသည်။ သူ ဆိုသည်က တရားသူကြီး ဂျွန် မာရှယ် ဟာလန်း ဆိုသူ ဖြစ်သည်။

 

ဟာလန်သည် ဖွဲ့စည်းပုံတွင် အသားအရောင် ခွဲခြားမှု မရှိဟု မှတ်ချက် ပြုခဲ့ဖူးသူ ဖြစ်သော်လည်း "သီးခြား နေထိုင်ခွင့် နှင့် တန်းတူ အခွင့်အရေး (separate but equal) မူကို အတည်ပြုခဲ့သည့် နာမည်ကျော် Plessy vs Ferguson အမှု တွင်မူ သဘောကွဲလွဲခဲ့သူ ဖြစ်သည်။ ထိုအမှု တွင် အသားအရောင် လိုက်၍ ခွဲခြားထားမည့် အဆောက်အအုံများ၊ နေရာများ၊ ဝန်ဆောင်မှု များသည် အရည်အသွေး အဆင့်အတန်း တူညီနေပါက ထိုသို့ ခွဲခြားထားခြင်းသည် ဖွဲ့စည်းပုံကို ချိုးဖောက်ခြင်း မရှိဟု စီရင်ချက် ချမှတ်ခဲ့သည်။

 

ဟာလန်းက "ကဲ..မစ္စတာ ပါဒင်း၊ မစ္စတာ ဟူးလတ် ကျုပ်ကို ပြောပြနိုင်မလား၊ ဘာဖြစ်လို့ ဒီအမှုကို အမေရိကန် ပြည်ထောင်စု တရားလွှတ်တော်ချုပ်က ဂရုမူ သင့်တယ် ဆိုတာကို"၊ ရှေ့နေ နှစ်ဦးကလည်း အကျိုးသင့် အကြောင်းသင့် ပြောပြခဲ့ကြသည်။ အသက်အရွယ် ရနေပြီ ဖြစ်သော တရားသူကြီးက ၎င်းတို့ နှစ်ဦး ပြောသမျှ ကို အားတက်သရော ရှိပုံ မရဘဲ ခေါင်းသာ ငြိမ့်ပြနေသည်။

 

၎င်းတို့၏ အမှုသည် ကြိုးပေးခံရဖို့က နှစ်ရက်ပင် မလိုတော့၊ နိုဝါ ပါဒင်းသည် မြို့သို့ ပြန်လာခဲ့သည်။ မြို့ဘူတာရုံ ၏ ပလက်ဖောင်းတွင် လာကြိုနေသော သူ၏ ပါတနာ ဖြစ်သူ စတိုင်းသည် ဝမ်းသာအားရ ဖြင့် လက်ထဲတွင် ကိုင်ထားသော စာရွက်ကို ဝှေ့ရမ်းပြနေသည်ကို တွေ့လိုက်ရသည်။ ထိုစာရွက်သည် ‌ဝါရှင်တန် မှ ပို့လိုက်သော ကြေးနန်းစာ ဖြစ်ပြီး စာထဲတွင် တရားသူကြီး ဂျွန် ဟာလန်း က "အက်ဒ် ဂျွန်ဆင်၏ ဟေဘီယပ်စ် ကော်ပတ်စ် အမှုအား စွပ်စွဲခံရသူ ဖက်မှ အယူခံ ဝင်ခွင့်ပြုသည်" ဟု ပါရှိလာ၍ ဖြစ်သည်။

 

ပါဒင်း ပြန်ထွက်သွားပြီး နောက်တွင် တရားသူကြီး ဟာလန်းသည် နော့စ်ဗီးလ် တရားရုံးတွင် ကြားနာခဲ့သည့် မှတ်တမ်း ကို ဖတ်ရှုခဲ့ပြီး အက်ဒ် ဂျွန်ဆင်၏ အမှုသည် အမေရိကန် ဖွဲ့စည်းပုံကို အကြီးအကျယ်ချိုးဖောက်ထားသည် များကို တွေ့လာခဲ့ရ၍ ဖြစ်သည်။

 

ဟာလန်း၏ တောင်းဆိုချက်ဖြင့် တရားလွှတ်တော်ချုပ် မှ တရားသူကြီးများသည် တနင်္ဂနွေ မနက် တရားသူကြီးချုပ် မဲဗီးလ် ဖူလား၏ အိမ်သို့ စုရုံး ရောက်ရှိလာကြသည်။ တနာရီခန့် ကြာအောင် အခြေအတင် ဆွေးနွေးပြီးနောက်တွင် ဂျွန်ဆင်၏ အယူခံကို ထပ်မံ ကြားနာ နိုင်ရန် အားလုံးက ကြိုးပေးသည်ကို ဆိုင်းငံ့ထားရန် လိုသည်ကို သဘောတူလိုက်ကြသည်။ 

 

အဆိုပါ ကြေးနန်းအား တရားသူကြီးများ၊ တရားခံ ရှေ့နေများ၊ အစိုးရရှေ့နေများ နှင့် ရှယ်ရစ် ရှစ်ပ်၏ ရုံးသို့ပါ သိရှိနိုင်ရန် ပေးပို့ထားခဲ့သည်။

 

အထက်တရားရုံးချုပ်မှ ဂျွန်ဆန် အား သေဒဏ်စီရင်မှု ကို ရွှေ့ဆိုင်းလိုက်သည် ဆိုသော သတင်းကြောင့် ချာတန်နူဂါ မြို့ခံများ မကျေမနပ် ဖြစ်လာကြသည်။ မတ်လ ၁၉ ရက်နေ့ ည ရှစ်နာရီ ခန့် တွင် သေနတ်များ ကိုင်ဆောင်ထားသော လူတစုသည် ဂျွန်ဆင်အား ချုပ်‌‌ နှောင်ထားရာ အချုပ်ခန်း သို့ ဝင်ရောက်လာကြသည်။ ထိုည တွင် အချုပ်ခန်း အစောင့် အဖြစ် တဦး တည်းကိုသာ တာဝန်ချထားခဲ့သည်။ နောက်ထပ် အစောင့်များ ချထားဖို့ ပြောလာသည်ကို ရှယ်ရစ် ရှစ်ပ်က ပယ်ချခဲ့သည်။ ထိုည အတွက် အချုပ်ခန်းစောင့်သူ မှ လွဲ၍ ကျန်လူများကိုပင် အနားပေးလိုက်သည်။

 

လူအုပ်ကြီးသည် အချုပ်ထောင် အတွင်းသို့ ရောက်လာကြပြီး ၎င်းတို့ ပစ်မှတ်ထားသည့် သားကောင်ကို ရှာဖွေကြတော့သည်။ ကြီးမားလှသော သံမဏိ တံခါးကြီး ကို တွေ့လိုက်ရသည့် အခါတွင်တော့ လက်ကိုင်ရိုး အရှည် တပ်ထားသော တူကြီးများ သွားရှာကာ တံခါးကို တယောက်တလှည့် ရိုက်ချိုးကြတော့သည်။

 

နောက်ဆုံးတွင် တံခါးကြီး ပွင့်သွား၍ လူအုပ်ကြီးသည် အထဲသို့ တိုးဝင်လာကြတော့သည်။ တတိယ ထပ်တွင် ရှိနေသော ဂျွန်ဆင်သည် အောက်ထပ်ရှိ အကျဉ်းသား များ၏ အော်ဟစ် ဆူပူသံများကြောင့် လန့်နိုးလာသည်။ သူ၏ အချုပ်ခန်း ပြတင်းပေါက်မှ လှမ်းကြည့်လိုက်ရာ ၂၀၀ ခန့် ရှိသော အမျိုးသားများ၊ အမျိုးသမီး လူအုပ်ကြီး ကို ထောင် ရင်ပြင် တွင် စုဝေးနေကြသည်ကို တွေ့လိုက်ရသည်။

 

ဂျွန်ဆင် နှင့် တထပ်တည်းတွင်ရှိ အကျဉ်းသား တဦး ဖြစ်သူ အယ်လင် ဘိတ်ကာ က "ခင်ဗျား ဘုရားသာ အာရုံပြုနေတော့" ဟု လှမ်းပြောလိုက်သည်။ နောက်ဆုံးတွင် လူအုပ်ကြီးသည် ကြောင်လိမ် လှေကား မှ တဆင့် တတိယ ထပ်သို့ ရောက်လာကြသည်။ ထိုနောက် ဂျွန်ဆင်၏ အချုပ်ခန်း တံခါးကို တဒုန်းဒုန်း နှင့် ထုရိုက်လာကြတော့သည်။