ဇီဝ ဒရာမာများ
စာရွက်စာတမ်းများ၊ မော်ကွန်း မှတ်တမ်းများ၊ ဖေါင်များ၊ လိုင်စင်များ၊ စည်းမျဉ်းများ နှင့် အခြား ဗျူရိုကရေစီ လုပ်ထုံးလုပ်နည်း များသည် လူ့အဖွဲ့အစည်း တခု အတွင်း သတင်းအချက်အလက် စီးဆင်းမှု နည်းလမ်းကို ပြောင်းလဲသွားစေခဲ့သည်။ တဆက်တည်း မှာပင် လုပ်ပိုင်ခွင့် အာဏာပါ ပြောင်းလဲလာခဲ့သည်။ ထိုသို့ ဖြစ်လာ၍လည်း လုပ်ပိုင်ခွင့် အာဏာ ဆိုသည်ကို နားလည်ရန် ပိုမို ခက်ခဲလာခဲ့ရသည်။
ရုံးများ၊ မော်ကွန်းတိုက်များရှိ တံခါးပိတ်ထားသော အခန်းများ နောက်တွင် ဘယ်လိုတွေ ဖြစ်ပျက်နေသနည်း။ မထင်မရှား အရာရှိ များက စာရွက်စာတမ်း တပုံတပင်ကြီးကို စနစ်တကျ စုစည်းပြီး ခွဲဖြန်းစိတ်ဖြာကာ ဘောပင် ဖြင့် တောင်ခြစ် မြောက်ခြစ်လုပ်၊ မောက်စ် ကို တချက် ဖိလိုက်ယုံဖြင့် ကျွနုပ်တို့၏ ကံကြမ္မာ ကို ဆုံးဖြတ်နေကြပြီလား။
မှတ်တမ်းမှတ်ရာများ နှင့် ဗျူရိုကရေစီ မရှိသည့် မျိုးနွယ်စု များ စုဝေးနေထိုင်ကြသည့် လူ့အဖွဲ့အစည်းတွင် လူသား အချင်းချင်း ဆက်နွယ်ရာ ကွန်ယက်များသည် လူတဦး မှ လူတဦးစီ၊ သို့မဟုတ် လူတဦး မှ ပုံဝတ္ထု ဇာတ်လမ်း ဆီ အစရှိသည့် ကွင်းဆက်များ နှင့်သာ ဖွဲ့စည်းထားကြသည်။
ဩဇာအာဏာ ဆိုသည်ကိုလည်း ကွင်းဆက်အမျိုး မျိုး လာရောက် ချိတ်ဆက်မိရာ လမ်းဆုံကို ထိန်းချုပ်ထားသူများသာ ပိုင်ဆိုင်ကြသည်။ ထိုသို့ ချိတ်ဆက်မိလာသည့် လမ်းဆုံ လမ်းခွများသည် မျိုးနွယ်စု တစု ၏ အခြေခံ အုတ်မြစ်သဖွယ် ဖြစ်လာသည့် ဒဏ္ဍာရီ ပုံဝတ္ထုများသာ ဖြစ်သည်။
လူထု အပေါ် ဩဇာညောင်းသူများ၊ စကားပြော ကောင်းသူများ၊ ဒဏ္ဍာရီ ဖန်ဆင်းရှင်များက မိမိတို့ မျိုးနွယ်စု၏ ကိုယ်ပိုင်လက္ခဏာများ၊ အချင်းချင်း မဟာမိတ်များ သဖွယ် ကျောချင်းကပ် ရင်ချင်းအပ် နိုင်ရန် နှင့် လူတို့၏ စိတ်ခံစားမှုများ တိမ်းညွတ်လာအောင် ပုံဝတ္ထုများကို မည်သို့ မည်ပုံ အသုံးချရမည်ကို သိထားကြသူများလည်း ဖြစ်သည်။
မှတ်တမ်းမှတ်ရာများ၊ ဗျူရိုကရေစီ လုပ်ထုံးလုပ်နည်း ဖြင့် ဆက်သွယ်ထားသော လူသား ကွန်ယက်များသည် ရှေးဟောင်း အာရ် ခေတ်မှသည် ခေတ်သစ် အိန္ဒိယ အထိ လူသားနှင့် မှတ်တမ်းမှတ်ရာ များ အပြန်အလှန် ထိတွေ့ဆက်ဆံမှု ကို အမှီပြုထားခဲ့ကြသည်။ ထိုလူအဖွဲ့အစည်းများသည်လည်း လူသားနှင့် စာရွက်စာတမ်း ကွင်းဆက်များသာမက လူတဦး မှ လူတဦးစီ၊ သို့မဟုတ် လူတဦး မှ ပုံဝတ္ထု ဇာတ်လမ်း ဆီ အစရှိသည့် ကွင်းဆက်များဖြင့်လည်း ၎င်းတို့ လူ့အဖွဲ့အစည်း ကို မြဲမြံအောင် ချည်နှောင်ထားကြပြန် သည်။
ဗျူရိုကရေစီ လုပ်ငန်းများ လည်ပတ်နေသော လူ့အဖွဲ့အစည်း တခုကို လေ့လာကြည့်သည့် အခါ လူများသည် တဦးနှင့် တဦး ပုံတိုပတ်စများ ပြောဆို နေကြဆဲ ဖြစ်သည်ကို တွေ့ခဲ့ရသည်။ သန်းပေါင်းများစွာသော အိန္ဒိယ နိုင်ငံသားများသည်လည်း ရာမယန ရုပ်သံဇာတ်လမ်းတွဲများကို စောင့်မျှော်ကြည့် ရှုနေကြသည်။ လူသားများက အခြားလူသားများအား မှတ်တမ်းမှတ်ရာ များ လက်ဆင့် ကမ်းနေကြသည်။ ရုပ်သံ လွှင့်ဌာနသည် ထုတ်လုပ် ဖြန့်ချီ နိုင်ရန် အတွက် လိုင်စင် လျှောက်ထားဖို့ နှင့် အခွန် စာရွက်စာတမ်း များ ဖြည့်ဖို့ လိုသည်။
အခြား ရှုထောင့်တခုမှ ကြည့်မည်ဆိုက စာရွက်စာတမ်းများ ကိုယ်နှိုက်က လူများကို အခြား စာရွက်စာတမ်း များ နှင့် မဖြစ်မနေ ဆက်သွယ်လာအောင် တွန်းအားပေးသလို ဖြစ်လာနေသည်။
ထိုအခါတွင်တော့ လုပ်ပိုင်ခွင့် အာဏာသည် ရွေ့လျားသွားခဲ့ရသည်။ စာရွက်စာတမ်းများသည် လူမှုရေး ကွင်းဆက်များစွာ ကို ချိတ်ဆက်ပေးသည့် ဗဟို ချက်မ အဖြစ် ပြောင်းလဲလာသည်နှင့် အမျှ ထိုစာရွက်စာတမ်းများသည် သြဇာအာဏာ များ ရင်းနှီး မြုပ်နှံခြင်း ခံလာရပြီး၊ ယင်းတို့၏ နက်နဲသော စည်းမျဉ်းများကို သိနားလည် ထားသည့် ကျွမ်းကျင် ပညာရှင်များသည် ခေါင်းဆောင် အသစ်များ အဖြစ်ထွက်ပေါ်လာကြသည်။
အုပ်ချုပ်ရေးမှုးများ၊ ငွေစာရင်း ကိုင်များ၊ ရှေ့နေများသည် ၎င်းတို့နယ်ပယ်တွင်သာ ကျွမ်းကျင်ကြသည် မဟုတ်ဘဲ ဖေါင်များ ရေးဆွဲခြင်း၊ အံဆွဲများ ခွဲခြားခြင်း၊ မှတ်တမ်း မှတ်ရာ များ သိမ်းဆည်း သိုမှီးခြင်း များ တွင်လည်း ကျွမ်းကျင်ကြသူများ ဖြစ်သည်။ ဗျူရိုကရေစီ စနစ်တွင် အာဏာသည် ဘတ်ဂျက် ခွဲတမ်းတွင် ပါသည့် မထင်မရှား ဂယ်ပေါက်များကိုမည်သို့ ကိုင်တွယ် အသုံးချရမည်၊ ဝင်္ကာဘာ တမျှ ရှုပ်ထွေးလှသော ရုံးအဖွဲ့အစည်းများ၊ ကော်မတီများ၊ ဆပ်ကော်မတီများကို မည်သို့ ကွေ့ပတ် ရှောင်ရှားရမည် အစရှိသည်တို့ကို သိထားကြသူများ ထံမှ မကြာခဏ ဆိုသလို ဆင်းသက်လာတတ်သည်။
ထိုသို့ အာဏာ အပြောင်းအလဲသည် ကမ္ဘာ့အင်အားမျှခြေ ကို ပြောင်းလဲစေခဲ့သည်။ ဆိုးသည် ဖြစ်စေ ကောင်းသည် ဖြစ်စေ စာတတ်ပေတတ် ဗျူရိုကရက်များသည် သာမန် အရပ်သားပြည်သူများ၏ အကျိုးကို ထိခိုက်အနစ်နာ ခံ စေပြီး ၎င်းတို့အာဏာ ကို စုစည်း ချုပ်ကိုင်ထားတတ်ကြသည်။ ဤနေရာတွင် စာရွက် စာတမ်းများ၊ သိမ်းဆည်းထား သောမှတ်တမ်း များ ဖြင့် ဗဟိုမှ နေ၍ လူတိုင်း အား အခွန်ကောက်ရန်၊ တရားစီရင်ရန် လွယ်ကူစေသည်ဟု ဆိုလိုရင်း မဟုတ်။
ဗျူရိုကရက်တို့၏ ပါဝါကို နားလည်ရန် ခက်ခဲသော ကြောင့် တချိန်တည်းမှာပင် လူထု အနေဖြင့် ဗဟို အာဏာကို ဩဇာလွှမ်းမိုးရန်၊ ခုခံ တွန်းလှန်ရန်၊ သို့မဟုတ် ရှောင်ရှားရန် ပိုမို ခက်ခဲလာရသည်။
ဗျူရိုကရေစီ သည် မိလ္လာစနစ်၊ ပညာရေး၊ လုံခြုံရေးကဲ့သို့ အကျိုးကျေးဇူး ပေးစွမ်း နိုင်သည့် ကောင်းမွန်သည့် အင်အားစု အဖြစ် ရပ်တည် ပေးနိုင်ခဲ့ချိန်တွင်ပင် အုပ်ချုပ်သူ နှင့် အုပ်ချုပ်ခံတို့ အကြား ကွာဟချက်အား ပိုမို ကြီးထွားစေတတ်သည်။
ဗျူရိုကရေစီ စနစ်သည် အုပ်ချုပ်သူများအား အုပ်ချုပ်ခံ လူထု၏ သတင်း အချက်အလက်များအား ပိုမို စုဆောင်း မှတ်တမ်း တင်နိုင် အောင် ပြုလုပ် ပေးသော်လည်း တဖက်တွင် အုပ်ချုပ်ခံ လူထုကမူ စနစ် ကိုယ်နှိုက်က မည်သို့မည်ပုံ လည်ပတ်နေသည်ကို နားလည်ရန် ပို၍ ခက်ခဲလာခဲ့သည်။