ဒေသရဲမှုး ဂျိုးစက် ရှစ်ပ် ၏ တရားခွင် (၄)
သို့သော် ထို တံခါးအားလည်း သံတိုင်များဖြင့် ဖွဲ့စည်းထားပြီး အင်္ဂတေ ကြမ်းပြင် ပေါ် သံမှို ရိုက်သွင်းထားသည့် ငုတ် ငါး ချောင်း ဖြင့် အခိုင်အခန့် လုပ်ထားသည်။ လူအုပ်ကြီး အဖို့ အတော်လေး စိတ်ပျက်စရာ ဖြစ်သွားခဲ့ရသည်။ ဂျွန်ဆင် အဖို့က တော့ ဝတ်ပြု ဆုတောင်းဖို့ အချိန် အများကြီး ရသွားခဲ့သည်။
အယ်လင် ဘေကာ ၏ နောက်ပိုင်း ပြန်ပြောပြချက်များအရ ဂျွန်ဆင်သည် ၎င်း၏ သံကုတင်ပေါ်တွင် လှဲနေပြီး မျက်စိကို ပိတ်ကာ သိုးမွှေးစောင် အစိမ်းကို မေးစေ့ထိ ရောက်အောင် ခြုံထားခဲ့သည်။ ပါးစပ်ကလည်း ဆာလံကျမ်း အခန်း ၂၃ ပါ အပိုဒ်များကို တတွတ်တွတ် ရွတ်ဆိုနေသည်။
နှစ်နာရီ ခန့် ကြာပြီးနောက်တွင် နောက်ဆုံး သံမှိုသည် ကျွတ်ထွက်သွားခဲ့သည်။ လူအုပ်ကြီးက ဂျွန်ဆင်၏ လက်နှစ်ဖက်ကို ကြိုးများဖြင့် တုပ်ပြီး အပြင်တွင် စောင့်နေကြသော လူအုပ်ကြီးထံ ဆွဲခေါ်လာခဲ့သည်။
လူအုပ်ကြီးထံမှ "အခု ချက်ခြင်းသတ်"၊ "အသဲတွေ ကလီစာတွေ ဆွဲထုတ်ပစ်" ဟု ဆူညံစွာ အော်ဟစ်သံများ ထွက်ပေါ်လာနေသည်။ ခေါင်းဆောင်လုပ်သူများက ဘာဆက်လုပ်သင့်သည်ကို အချင်းချင်း တိုင်ပင် ဆွေးနေးနေကြသည်။ ထိုအချိန်တွင် "မြို့က တံတား ဆီ ခေါ်သွား" ဟု တစုံတယောက်၏ စူးစူးရှရှ အော်ဟစ်သံ ထွက်ပေါ်လာသည်။ ထိုသို့ပြောလိုက်သည်ကို လူအုပ်ကြီးက လက်အုပ်တဖျောင်းဖျောင်း တီးပြီး ကောင်းချီးပေးလိုက်ကြသည်။
ဤသို့ဖြင့် လူအုပ်ကြီးသည် တင်နက်စီ မြစ်ကို ဖြတ်ဆောက်ထားသည့် သစ်ကြားသီး လမ်း တံတား ရှိရာသို့ ချီတက်လာခဲ့သည်။ တံတား သို့ ရောက်သည့် အခါ ဒုတိယမြောက် တံတား အကန့်၏ ဘောင်တွင် ဂျွန်ဆင်၏ လည်ပင်း နှင့် ကြိုးကို ပတ် ချည်လိုက်သည်။ ကြိုးကို ကိုင်ထားသူက ဂျွန်ဆင်အား "မင်း ဘာပြောစရာ ရှိသေးလဲ" ဟု မေးလိုက်သည်။
ဂျွန်ဆင်သည် လည်ပင်းတွင် ကြိုးကွင်းစွပ်ထားခံရ၍ ပါးစပ်မှ သွေးများ စီးကျလာနေသည်။ သို့သော် တည်ငြိမ်စွာ ဖြင့် ရပ်ကြည့်နေသော လူအုပ်ကြီးအား "ကျွန်တော် သေဖို့ အသင့်ပါပဲ၊ ဒါပေမယ့် ကျွန်တော် မလုပ်ခဲ့ပါဘူး၊ ကျွန်တော် အမှန်ကိုပဲ ပြောပါမယ်၊ ကျွန်တော်မှာ အပြစ်မရှိပါဘူး၊ ကျွန်တော် မကျုးလွန် ခဲ့ပါဘူးလို့ တချိန်လုံး ပြောခဲ့ပါတယ်၊ အဲ့တာ အမှန်ပါပဲ၊ အဲ့ဒီနေရာမှာလည်း ကျွန်တော် ရှိမနေခဲ့ပါဘူး၊ ခင်ဗျားတို့ အားလုံး ဘုရားသခင် ကောင်းချီး ပေးပါစေ၊ ကျွန်တော် မှာ အပြစ်မရှိပါဘူး" ဟု ပြောခဲ့သည်။
ထိုသို့ ပြောပြီး နှစ်မိနစ် အတွင်းမှာပင် တင်နက်ဆီ မြစ် ၏ အထက် ပေတရာခန့်တွင် ဂျွန်ဆင်၏ ခန္ဓာကိုယ် သည် လှုပ်ယမ်းရင်း အသက်ထွက်သွားခဲ့သည်။ ထို့နောက် သူ၏ ငြိမ်သက်သွား သော ခန္ဓာကိုယ်ကြီးအား တံတားပေါ်သို့ ကြိုးဖြင့် ပြန်ဆွဲတင်လိုက်ကြသည်။ သို့သော် ခေါင်းက လှုပ်ရမ်းနေသေး၍ သေနတ်များဖြင့် ဒလစပ် ပစ်ခတ်လိုက်ကြပြန်သည်။ လူအုပ်ထဲမှ ခေါင်းဆောင်ဖြစ်သူက စာရွက်တရွက် ပေါ်တွင် "တရားသူကြီး ဟာလန်သို့၊ ခင်ဗျားရဲ့ နီဂရိုးကို အခု လာ ခေါ်လို့ ရပြီ" ဟု ရေးကာ အလောင်းပေါ်တွင် ကပ်ပေးလိုက်သည်။
ဂျွန်ဆင်အား လူအုပ်ကြီးက ဝိုင်းဝန်း သတ်ဖြတ်လိုက်ကြပြီ ဆိုသော သတင်းသည် ဝါရှင်တန်သို့ ရောက်ရှိသွားခဲ့သည်။ တရားသူကြီး ဟာလန် နှင့် တရားသူကြီး အိုလီဗာ ဝင်ဒယ် ဟုမ်း သည် တရားသူကြီး ချုပ် ဖူးလား နှင့် တွေ့ခွင့်တောင်းခဲ့ပြီးနောက် ဒေါသတကြီး ဖြင့် စာနယ်ဇင်းများအား ထုတ်ဖေါ် ပြောဆိုလာခဲ့ကြသည်။
တရားသူကြီး ဟာလန်က ဝါရှင်တန် ပို့စ် မှ သတင်းထောက်အား "ဂျွန်ဆင်သည် မျှတစွာ တရားစီရင်ခွင် ခံစားသင့်သည်။ တရားလွှတ်တော်ချုပ် ၏ အမိန့်အာဏာ လုပ်ပိုင်ခွင့်ကို သမိုင်းတွင် ပထမ ဆုံး အကြိမ် ဒေသတခုမှ ပြောင်ပြောင်တင်းတင်း ဖီဆန်လိုက်ခြင်း ဖြစ်သည်" ဟု ပြောဆိုခဲ့သည်။ ဟုမ်း ကလည်း အလားတူပင် ဒေါသတကြီး ဖြင့် "ဖြစ်နိုင်ခြေ အများဆုံးကတော့ မပြစ်မရှိသူ တဦးကို အရိုင်းအစိုင်း တယောက် အဖြစ် မှားယွင်းစွာ သတ်မှတ်ကြပြီးကတည်းက သေဒဏ်ပေးဖို့ အစကတည်းက ပြင်ဆင်ထားတဲ့ အမှုလို့ ပြောရမှာ ဖြစ်တယ်" ဟု ဆိုသည်။
သမ္မတ သီအိုဒို ရုစ်ဘဲလ်ကလည်း "နိုင်ငံ၏ အဆင့်အမြင့်ဆုံး ခုံရုံးအား စော်ကားမော်ကား လုပ်ခဲ့ခြင်း ဖြစ်၍ သင့်တင့်လျောက်ပတ်သည့် အရေးယူမှု မလုပ်ဘဲ နေ၍ မဖြစ်" ဟု ထုတ်ပြောလာခဲ့သည်။
သမ္မတ ရုစ်ဘဲလ်သည် ရှေ့နေချုပ် ဝီလျံ မူဒီ နှင့် တွေ့ဆုံပြီး ဂျွန်ဆင် အား လူအုပ်ကြီး နှင့် သတ်ဖြတ်မှု အား ဖက်ဒရယ် အဆင့် စုံစမ်းစစ်ဆေးရန် အမိန့်ပေးခဲ့သည်။ ဂျွန်ဆင် အသတ်ခံရပြီး နှစ်ရက် အကြာတွင် Secret Service အေးဂျင့် နှစ်ဦးသည် သက်သေ အထောက်အထား များ စုဆောင်းနိုင်ရန် ချန်တာနူဂါ မြို့သို့ ထွက်လာခဲ့သည်။
တင်နက်ဆီ အရပ်ရှိ လူများသည် တလုံးတပါဒမျှ မေးမြန်း၍ မရဘဲ ရေငုံ နှုတ်ပိတ်နေကြသည့် အဖြစ်ကို သိရှိသွားခဲ့ကြသည်။ တရက်သာ ကုန်သွားသည် ဘာမှ ထူးထူးခြားခြား အကျိုး မရှိခဲ့၍ အေးဂျင့်နှစ်ဦးသည် တည်းခိုရာ ဟိုတယ်သို့ လမ်းလျောက် ပြန်လာခဲ့ကြသည်။ လမ်းတွင် ၎င်းတို့ နှစ်ဦးအား သံ ပိုက်တိုများ ကိုင်ဆောင်ထားသော လူသုံးဦးက အသင့် စောင့်နေကြပြီး မြို့မှ ထွက်သွားရန် သတိပေး ခြိမ်းခြောက်ခဲ့ကြသည်။
နောက်ဆုံးတွင် ရှေ့နေကြီး နိုဝါး ပါဒင်း၏ အကူအညီ ဖြင့် ဖြစ်ပျက်ခဲ့သမျှ ကို ပြောပြနိုင်မည့် သက်သေများ ရရှိသွားခဲ့သည်။
အေးဂျင့်များ၏ အစီရင်ခံစာထဲတွင် အချင်း မဖြစ်ပွားမီ အကျဉ်းထောင်ထဲတွင် ထူးထူးခြားခြား ဖြစ်ပျက်ခဲ့သည်များကို အသေးစိတ် ဖေါ်ပြခဲ့ကြသည်။ သတ်ဖြတ်ရန် အဓိက ပူးပေါင်း ကြံစည်ခဲ့ကြသူများ ထဲတွင် ရှယ်ရစ် ရှစ်ပ်လည်း ပါဝင်နေသည်။
အေးဂျင့် နှစ်ဦး၏ အစီရင်ခံစာ ကို လက်ခံရရှိပြီး နောက် ရှေ့နေချုပ် မူဒီသည် တရားသူကြီး ချုပ် ဖူးလား၊ တရားသူကြီး ဟာလန် တွေ့ဆုံခဲ့သည်၊ ထိုတွေ့ဆုံပွဲမှ အမေရိကန် သမိုင်း တွင် တကြိမ်တခါမျှ မရှိခဲ့ဘူးသည့် သဘောတူညီချက် ရရှိခဲ့ကြသည်။ ဤသည်ကား ပူးပေါင်း ကြံစည်ခဲ့သူများကို တရားလွှတ်တော်ချုပ် တွင် တရားစီရင်သွားမည် ဟူ၍ ဖြစ်သည်။
ထို့နောက် ရှေ့နေချုပ် သည် တရားလွှတ်တော်ချုပ် ရုံး အုပ်ချုပ်ရေး မှုး ထံ ပြစ်မှု ဆိုင်ရာ စွဲချက်များ တင်သွင်းခဲ့ပြီး တရားရေး ဌာန မှ အဆိုပါ အမှု အား ဦးဆောင် စွဲဆိုသွားမည် ဖြစ်သည်။
ရှေ့နေချုပ် မူဒီ သည် ချာတန်နူဂါ မှ လူ နှစ်ဆယ့် ခုနှစ်ဦး အား အက်ဒ် ဂျွန်ဆင် အား တရားလွှတ် တော်ချုပ်၏ သေဒဏ် စီရင်မှု ရွှေ့ဆိုင်းထားရန် အမိန့်ကို ဖေါက်ဖျက်ပြီး လူစုလူဝေး ဖြင့် သတ်ဖြတ်ခဲ့မှု တွင် ပါဝင်မှု ဖြင့် တရားစွဲဆိုခဲ့သည်။ ထိုအထဲတွင် ရှယ်ရစ် ရှစ်ပ် နှင့် ရဲ အမှုထမ်း ရှစ်ဦး တို့လည်း ပါဝင်သည်။
ထိုအချိန်က တရားလွှတ်တော်ချုပ် ရုံးထိုင်ရာ ကက်ပီတို အဆောက်အအုံ၏ ဒုတိယ ထပ်သို့ တရားစွဲခံထားရသူများ နှင့် ၎င်းတို့၏ ရှေ့နေများ စုရုံး ရောက်ရှိလာကြသည်။ ဂျုရီ အဖွဲ့ဝင်များ နေရာယူပြီး နောက်တွင် ရှေ့နေချုပ်၏ လက်ထောက်မှ အမေရိကန် ပြည်ထောင်စု နှင့် ရှစ်ပ် အမှုကို စတင်ရန် ဖက်ဒရယ် အစိုးရ မှ အဆင်သင့် ဖြစ်ပြီ ဆိုသည့် အကြောင်း တင်ပြခဲ့သည်။ တရားခံ အသီးသီး ရှေ့ထွက်လာပြီး ၎င်းတို့ အပြစ်မရှိကြောင်း လျှောက်ထားခဲ့ကြသည်။
တရားခံ အကျိုး ဆောင် များဖက်က တရားလွှတ်တော် ချုပ် အနေဖြင့် ရာဇဝတ်ကြောင်း နှင့် ဆိုင်သော မှုခင်းများကို စီရင်ပိုင်ခွင့် မရှိဟု လျှောက်လှဲလာကြသည်။ ယခင်က မရှိသော်လည်း ယခုအခါ မိမိတို့ တရားသူကြီးအားလုံး၏ တညီတညွတ်တည်း ဆုံးဖြတ်ချက် ဖြင့် စီရင်တော့မည်ဟု အိုလီဗာ ဝင်ဒယ် ဟုမ်းလ်က ကြေညာချက်ကို ဖတ်ကြားခဲ့သည်။
သို့သော် တရားသူကြီး ကိုးဦးသည် တရားခွင်တွင် သက်သေများ၏ ထွက်ဆိုချက်များကို ကိုယ်တိုင် ကိုယ်ကျ ကြားနာမည် မဟုတ်ဟု ဆိုသည်။ ထိုသို့ လုပ်ရန် အချိန်မရှိ၍ တရားလွှတ်တော်ချုပ်၏ လက်ထောက် အုပ်ချုပ်ရေးမှုး ဂျိမ်း မာဟာ ကို ၎င်းတို့ကိုယ်စား ကြားနာရန် ခန့်အပ်ခဲ့သည်။ ၎င်းမှ တရားခွင် ကို ကြီးကြပ်ပြီး တရားသူကြီး မှ ပြန်လည် စီစစ် သုံးသပ်နိုင်ရန် သက်သေခံ အထောက်အထား၊ မှတ်တမ်းမှတ်ရာ များကို စုစည်း တင်ပြမည် ဖြစ်သည်။
တရားခွင်အား ၁၉၀၇ ဖေဖေါ်ဝါရီ လ တွင် ချာတန်နူဂါ ရှိ အမေရိကန် ပြည်ထောင်စု အကောက်ခွန် ရုံးတွင် စတင် ဖွင့်လှစ်လိုက်သည်။ တရားခွင်သည် လာရောက် နားထောင်ကြသော လူများ နှင့် ပြည့်လျံလုမတတ် ဖြစ်သွားသည်၊ အများစု မှ အာဖရိကန်-,အမေရိကန် များ ဖြစ်သည်။ မာဟာ သည် တရားသူကြီး ထိုင်ခုံတွင် နေရာ ယူလိုက်သည်။
ပထမဆုံး တရားလိုပြ သက်သေအဖြစ် ချာတန်နူဂါ တိုင်းမ် သတင်းစာ၏ သတင်းထောက်ကို ဆင့်ခေါ် လိုက်သည်၊ ၎င်းသည် ဂျွန်ဆင်အား ဝိုင်းဝန်း သတ်ဖြတ်သည်ကို ကိုယ်တိုင်ကိုယ်ကျ သတင်းယူခဲ့သူ ဖြစ်သည်။ သတင်းထောက်က အစစ်ခံရာတွင် "အကျဉ်းထောင်တွင် ညစဉ် ပုံမှန်အားဖြင့် ရှယ်ရစ် ၏ လက်ထောက် ခြောက်ယောက်မှ ခုနှစ်ယောက်အထိ ချထားလေ့ရှိသော်လည်း အခင်းဖြစ်ပွားသည့် ညတွင် ရှိမနေ' ဟု ထွက်ဆိုသွားခဲ့သည်။
အကျဉ်းသား တဦး ဖြစ်သူ မစ္စက် အယ်လင် ဘေကာကလည်း တရားလိုပြ သက်သေ အဖြစ် ထွက်ဆိုခဲ့ရာ တွင် ဂျွန်ဆင် အချုပ်ခန်း ရှိသည့် တတိယ ထပ်နေ ထောင်သား အားလုံးကို အခင်းဖြစ်သည့် နေ့လည် ကတည်းက အောက်ထပ်သို့ ရွှေ့ပြောင်းပေးခဲ့၍ သူ မ နှင့် ဂျွန်ဆင်တို့သာ ကျန်ခဲ့သည် ဟု ပြောပြခဲ့သည်။ လူအုပ်ကြီးက သူမ နေရာ အထပ်သို့ ရောက်လာသည့် အခါ ကြောက်လန့်တကြား နှင့် အော်ဟစ် ငိုယို နေခဲ့ရသည်ဟု ဆိုသည်။ တဦးတည်း အစောင့် အဖြစ် ရှိခဲ့သည့် ရှယ်ရစ် လက်ထောက် ဂစ်ဆန်က "အော်မနေနဲ့၊ ခင်ဗျားကို ဘယ်သူမှ ဘာမှ မလုပ်ဘူး" ဟု ပြောသည်။
တရားလိုဖက်မှ အဓိက ကျသည့် သက်သေ တဦးသည်ကား ဂျွန် စတုန်းဆိုင်ဖာ ဆိုသူ ဖြစ်သည်။ ၎င်းသည် ဂျော်ဂျီယာ ပြည်နယ်သား တဦး ဖြစ်ပြီး ဂျွန်ဆင် အား မသတ်ဖြတ်မီ နာရီ အနည်းငယ် အလို တွင် လူအုပ်စု ကို ဦးဆောင်သူများ နှင့် အရက်ဆိုင်တွင် စကားလက်ဆုံ ကျခဲ့သူ ဖြစ်သည်။
၎င်းက ထွက်ဆိုရာတွင် ဖရန့် ဝပ်ဒ် ဆိုသူသည် သူအား ပါမလားဟု ဆိုကာ မေးမြန်းလာခဲ့ကြောင်း၊ မိမိမှ စိတ်မဝင်စားဟု ပြောလိုက်ပြီး မောင်ရင်တို့ကို ရှယ်ရစ် ရှစ်ပ်က သွေးပွက်ပွက် ထွက်သွားအောင် ပစ်ထဲ့လိုက်မှာ ဟု သတိပေးခဲ့ကြောင်း၊ ထိုအခါ ဝပ်ဒ်က အဲ့လို မဖြစ်၊ အားလုံး သဘောတူ ထားပြီး ဖြစ်သည်၊ ရှယ်ရစ် ကော၊ သူ့ လက်ထောက်များလည်း ရှိနေလိမ့်မည် မဟုတ်ဟု ပြန်ပြောခဲ့သည်ဟု ဆိုသည်။
စတုန်းဆိုင်ဖာသည် အခင်းဖြစ်ပွား ပြီးနောက် ပါဝင်ခဲ့သည့် ရုံးတော်တွင် ရှိနေကြသော တရားခံ များ နှင့် စကားလက်ဆုံ ကျခဲ့သည့် အကြောင်းများကိုလည်း ထွက်ဆိုခဲ့ပြန်သည်။ စတုန်းဆိုက်ဖာ အတွက် ထိုသို့ ထွက်ဆိုနိုင်ရန် သတ္တိမွေးခဲ့ရသည်။ တရားလို ဖက်မှ ထွက်ဆိုရန် သဘောတူခဲ့ပြီးနောက် ၎င်း၏ အိမ်အား ဒိုင်းနမိုက် ဖြင့် ဖေါက်ခွဲပစ်မည်ဟု အမည်မသိ ခြိမ်းခြောက်စာ ကို ရရှိခဲ့သည်။
ချာတန်နူဂါ မှ တရားရေး အရာရှိ တဦး ဖြစ်သူ အေ ဂျေ ဝဲယား သည်လည်း အစစ်ခံခဲ့သည်။ ၎င်းက ဂျွန်ဆင် အား လူစုလူဝေး ဖြင့် ဝိုင်းဝန်း သတ်ဖြတ်ခဲ့မှု ကို ကိုယ်တိုင်ကိုယ်ကျ မြင်ခဲ့ရသည် အကြောင်းများကို ထွက်ဆိုသွားခဲ့သည်။ ၎င်းသည် သစ်ကြာသီး လမ်း တံတား ပေါ်သို့ ဦးတည်သွားနေသည့် လူအုပ်ကြီး နောက် က လိုက်လာခဲ့သည်။
လက်ထောက် ရှေ့နေချုပ်က မေးမြန်းသည့် အခါ ဂျွန်ဆင်လည်ပင်းကို ကြိုးကွင်းစွပ်နေသည်ကို တွေ့ခဲ့ရကြောင်းနှင့် ထိုလူသည် နစ်ခ် နိုလန် ဖြစ်သည်ဟု ဖြေဆိုခဲ့သည်။ တံတားပေါ်သို့ ပြန်ဆွဲတင်ပြီး နောက် ဂျွန်ဆင်အား သေနတ်နှင့် ပစ်သူသည် မည်သူလဲ ဆိုသည့် အမေးကို "လူသာ ဝီလျံ ဖြစ်သည်ဟု ယုံကြည်ကြောင်း" ပြောခဲ့သည်။ ထိုလူသည် ဂျွန်ဆင် ကိုယ်အား ငါးချက်တိတိ ပစ်ခဲ့သည်ဟု ထွက်ဆိုသွားခဲ့သည်။