ဂေါ်ကီ ၏ အမေ(31)

by Hla Soewai - Oct 06 2025

"ကဲ ..မင်း‌တွေ့ပြီ မဟုတ်လား ပါဗယ်၊ လူတွေက ခေါင်းထဲ မထည့်ဘူး၊ သူတို့ နှလုံးသား ထဲ ပဲ ထည့်ထားကြတယ် ဆိုတာ၊ နှလုံးသား ဆို တာ ကလည်း အခြား ဘယ်အရာမျာ ဝင်ရောက် ရှင်သန် ကြီးထွားခွင့် မပြုတဲ့ နေရာမျိုး"

 

"ဆင်ခြင် တုံတရားပဲ၊ ဒီဆင်ခြင်တုံတရားကပဲ လူသား မျိုး နွယ်တို့ကို လွတ်မြောက်အောင် လုပ်ပေး နိုင်လိမ့်မယ်"

 

"ဆင်ခြင်တုံ တရား ဆိုတာနဲ့ ခွန်အား ဖြစ်မလာနိင်ဘူး၊ ငါ မင်းကို ပြောမယ် ပါဗယ်၊ နှလုံးသားကသာ ခွန်အား ဖြစ်စေတာ၊ ဦးနှောက်က မဟုတ်ဘူး" ဟု ရိုင်ဘင်က ခပ်ပြတ်ပြတ်ပင် ခွန်းတုန့် ပြန်လိုက်သည်။

 

အမေသည် အဝတ်အစားလဲပြီး ဘုရားပင် ဝတ်မပြု နိုင်တော့ဘဲ အိပ်ယာထဲ ဝင်လှဲနေလိုက်သည်။ စိတ်လက် မချမ်းသာ၍ လော မသိ၊ ခန္ဓာကိုယ် တခုလုံး ချမ်းစိမ့်စိမ့် ဖြစ်လာသည်။ အစက တည်တည်ငြိမ်ငြိမ် နှင့် ဉာဏ်ပညာ ရှိသူ လို့ ထင်ခဲ့သည့် ရိုင်ဘင်သည် သူမ မျက်စိမှိတ်ထားသည့် တိုင် သူ၏ ရန်လိုသည့် အသွင် အပြင်ကို မြင်နေရသည်။

 

သူ့ရင်ခေါင်းနက်ကြီးထဲက တည်ငြိမ်ပြီး ပဲ့တင်ထပ် လာသော အသံကို နားစွင့်နေရင်းက စိတ်ထဲကလည်း "တရားမရှိသူ၊ သစ္စာဖေါက်သူ" ဟု တွေးနေမိသည်။ အခု သူလည်း ပါလာပြီ၊ သူကတော့ မရှိမဖြစ် လိုအပ်သူ တဦး ဖြစ်နေပြန်သည်။

 

ရိုင်ဘင်သည် တည်ငြိမ်စွာ နှင့် ယုံကြည်မှု အပြည့်ဖြင့် ဆက်ပြောနေပြန်သည်။

 

"ဘုရားကျောင်းတော်ရာ က ဟာလာဟင်းလင်း ဖြစ်လို့ မရဘူး၊ ဘုရားသခင် စံပယ်တဲ့ နေရာက နာကျင်မှု တွေ ရှိတဲ့နေရာမျိုး ၊ သူသာ နှလုံးသားထဲကနေ ထွက်သွားခဲ့ရင် ဒဏ်ရာ ဒဏ် ချက်တွေ ဖြစ်ကျန်ခဲ့လိမ့်မယ်၊ ငါ့စကားကို မြဲမြဲ မှတ်ထား ပါဗယ်၊ လူတွေ အားလုံး အတွက် ဘုရားသခင် တစ်ပါး ဖန်တီး ပေးဖို့ လိုလာပြီ၊ တရားသူကြီး မဖြစ်ရဘူး၊ စစ်သည် တော် မဖြစ်ရဘူး၊ လူထုရဲ့ မိတ်ဆွေ ဖြစ်မယ့် ဘုရားသခင်မျိုး ဖြစ်ရမယ်၊၊

 

"ခင်ဗျား တို့မှာ ‌ခရစ်တော် ရှိနေပြီလေ"

 

"နေပါဦး၊ ခရစ်‌ တော်က ဝိညာဉ်ရေးရာမှာ ခွန်အား မရှိလှဘူး၊ "ဒီခွက်ကို ငါဆီကနေ ဖယ်ရှားပေးပါ" လို့ သူပြောခဲ့တယ်၊ သူက ဆီဇာကို အသိအမှတ် ပြု တယ်၊ ဘုရားသခင်က လူသားတွေရဲ့ ပါဝါ ကို အသိအမှတ် မပြုနိုင်ဘူး၊ သူကိုယ်နှိုက်က ပါဝါတွေ အားလုံး စုစည်းရာ ဖြစ်နေလို့ပဲ၊ သူက ဒါကတော့ ငါဘုရား ပါဝါ၊ ဒါကတော့ လူသားတွေ ပါဝါဆိုပြီး ခွဲခြားလို့ မရဘူးလေ။

 

ခရစ်တော်ဟာ ဘုရားရဲ့ သဘောသဘာဝ ကို အတည်ပြုဖို့ ကြွလာခဲ့ရင် လူသားနဲ့ ဆိုင်တဲ့ ဘာကိုမှ သူ မလိုအပ်ဘူး၊ ဒါပေမယ့် သူက ကုန်ရောင်းကုန်ဝယ်တို့၊ လက်ထပ်ထိမ်းမြားခြင်းတွေ ကို အသိအမှတ် ပြုတယ်၊ ဒါပေမယ့် သူ့အနေနဲ့ သင်္ဘော သဖန်းပင်ကို ကျိန်တာတော့ မတရားဘူး ပြောရမယ်။အသီးမသီးတာက သူ့ သဘော ဆန္ဒအရလား၊ ဝိညာဉ်ကလည်း သူ့သဘောနဲ့သူ ကောင်းတဲ့ အရာတွေ မဲ့နေတာ မဟုတ်ဘူး၊ ငါတို့ ကိုယ်တိုင်ကပဲ အဆိုးတရားတွေ ကို စိုက်ပျိုးခဲ့တာလား၊ မဟုတ်ဘူး၊ လုံးဝ မဟုတ်ဘူး။

 

အခန်းထဲက အသံ နှစ်သံသည် လူနှစ်ဦး တဦး လက်ကို တဦး ဆုပ်ကာ နပမ်းလုံးနေသည့် အလား ထွက်ပေါ်လာနေသည်။ ပါဗယ်သည် အခန်းထဲတွင် ခေါက်တုန့် ခေါက်ပြန် လမ်းလျောက်နေသံသည် ကြမ်းကျိုး ကြ မတတ် ကသုတ်ကရက် နိုင်လွန်းနေသည်။ သူစကား ပြောသည့် အခါ ကျယ် လောင်လွန်း၍ အခြား အသံများအားလုံးကို ဖုံးလွှမ်းသွားသည်။ သို့သော် ရိုင်ဘင်၏ ကြားရသူ အပေါင်း အား စိတ်လှုပ်ရှားမှု မပေးနိုင်သည့် ဖြည်းညှင်း တည်ငြိမ်ပြီး အားမပါ သည့် အသံ အထက်တွင်တော့ တိုင်ကပ်နာရီ၏ ချိန်သီး ရိုက်သံကို ကြားနေရသည်။ ထို့အပြင် ချွန်ထက်သည့် ခြေသည်း များနှင့် အိမ်နံရံကို ကုတ်ခြစ်နေသလို မျိုး နှင်းခဲများ အိမ်ကို ရိုက်ခတ်‌ နေ၍ ထွက်ပေါ်လာ‌ သော တိုးလျသည့် တကျွိကျွိ တအီအီ မြည်သံကိုလည်း ကြားနေရသည်။

 

"ငါဟာ မီးထိုးသမား ဖြစ်လို့ ငါသိသလို ပဲ ပြောမယ်။ဘုရားသခင်က မီးလိုပဲကွ၊ သူက ဘာကိုမှ ခိုင်မာ တောင့်တင်းလာအောင် လုပ်မပေးနိုင်ဘူး၊ အလင်းပေးတဲ့ အခါမှ လောင်ကျွမ်းယုံ၊ ပေါင်းစပ်သွားယုံ လောက်သာ လုပ်ပေးနိုင်တယ်၊ ဘုရားကျောင်း‌ တွေကို တည်ဆောက်မပေးဘူး၊ မီးရှို့ဖျက်ဆီး ပစ်နိုင်တယ်၊ ဒါပေမယ့် လူ‌တွေရဲ့ နှလုံးအိမ်ထဲမှာ စံမြန်းတော်မူတယ်"

 

"ပြီးတော့ စိတ်ထဲမှာ ကောပဲ" ဟု ပါဗယ်က ဝင်ထောက် ပေးလိုက်သည်။

 

"အဲ့ဒါပဲ၊ စိတ်ထဲမှာကော၊ နှလုံးသားထဲမှာပါ ထည့်ထားကြတာ၊ ပြဿနာရဲ့အရင်းအမြစ်က အဲ့ဒီက စပြီး ဒုက္ခသုက္ခတွေ၊ ကံမကောင်း အကြောင်းမလှတာတွေ ဖြစ်ကုန်တာ၊ ငါတို့က ကိုယ်ပိုင် အနှစ်သာရ တွေကို ကိုယ့်ဖာသာ ဖြတ်တောက်ပစ်လိုက်ကြတာပဲ။ နှလုံးသားကို စိတ်က ဖြတ်တောက်ပစ်တယ်၊ စိတ်လည်း ပျောက်သွားရော၊

 

လူဆိုတာကွာ ကိုယ့်အတွက် ကိုယ် ရှင်သန်နေပြီး သီးခြားခွဲထွက် နေတဲ့ အစိတ်အပိုင်း တခု မဟုတ်ဘူးကွ၊ ဘုရားသခင်ကသာ လူကို အဲ့ဒီလို မျိုး အစိတ်အပိုင်း ဖြစ်အောင် ဝိုင်းဝိုင်းစက်စက် ဖန်ဆင်းပေးတာ၊ တဦးချင်း ဝါဒ ဖြစ်တည်လာ အောင် လုပ်တာ၊ ဘုရားသခင်က ကမ္ဘာကြီးကိုကော၊ ကြယ်တွေ ကိုကော၊ မျက်စိနဲ့ မြင်ရသမျှ လုံးနေအောင် ဖန်ဆင်းပေးထားတာသာ ကြည့်၊ အဲ့ဒီအထဲမှာ အချွန်တွေ၊ ထောင့် တွေ ဖြစ်အောင် လုပ်တာ လူပဲကွ။"

 

အမေသည် အိပ်မောကျသွားပြီ ဖြစ်၍ ရိုင်ဘင် ပြန်သွားသည်ကိုပင် မသိလိုက်တော့။

 

နောက်ပိုင်းတွင် ရိုင်ဘင်သည် မကြာခဏ ရောက်ရောက်လာတတ်သည်။ ပါဗယ်၏ ‌ရဲဘော် ရောင်းရင်းများ ရှိ‌နေလျင် သူသည် ဒေါင့်တဒေါင့် တွင် ဘာမှ ဝင်မပြောဘဲ ထိုင်နေသည်။ တခါတရံတွင် သူတို့ ပြောနေသည်များကို "‌ဪ..အဲ့လိုလား" ဟု ဝင်ထောက်ပေးတတ်သည်။

 

တခါတွင်တော့ သူ ထိုင်နေကျ ဒေါင့်မှ လူတိုင်းကို မည်းနက်သော မျက်လုံးများ ဖြင့် စောင်းငဲ့ ကြည့် လိုက်ရင်းက ဝမ်းနည်းသည့် လေသံ ဖြင့် ယခုလို ပြောလိုက်သည်။

 

"ငါတို့ မသိသေးတဲ့၊ မသိနိုင်သေး တဲ့ အကြောင်း တွေ ထုတ်ပြောကြမှ ဖြစ်မယ်၊ လူတွေက လွတ်လပ် လာကြတဲ့ အခါ သူတို့ အတွက် ဘာ‌ တွေ အကောင်းဆုံး ဖြစ်မလဲ ဆိုတာ မြင်လာကြလိမ့်မယ်၊ သူတို့ လုံးဝ မလိုချင်တဲ့ အရာ‌ ‌တွေ ခေါင်းထဲ ရိုက်သွင်း ခံထားရတာတွေ တော်လောက်ပြီ၊ ဒီမှာတင် အဆုံးသတ်လိုက်ကြစို့ ဆိုပြီး ဖြစ်လာကြမယ်၊ သူတို့ကိစ္စ သူတို့ဘာသာ သူတို့ စီမံလာကြမယ်။

 

အဲ့ဒီ အခါကျ သူတို့ ဘဝ မှာ ကြုံခဲ့သမျှ၊ သိခဲ့သမျှအားလုံးကို လက်ခံချင်မှ လက်ခံကြတော့မယ်၊ အရာ အားလုံး သူတို့ အလိုကို ဆန့်ကျင့်ပြီး စီမံထားကြတာပါလား ဆိုတာ မြင်ကောင်း မြင်လာကြလိမ့်မယ်၊ မောင်ရင်တို့ အနေနဲ့ စာအုပ်တွေ အားလုံး သူတို့ လက်ထဲ ထဲ့ပေးလိုက်၊ သူတို့ဘာ သူတို့ အဖြေကို ရှာလာကြလိမ့်မယ်၊ အဲ့လို ရှာ ဖို လိုလာပါလား ဆိုတာ သိလာပြီး အားကိုးလာကြလိမ့်မယ်၊ မြင်းရဲ့လည်ပင်း မှာ တပ်ထားတဲ ကြိုး ကို တင်းအောင် ဆွဲလေ ဆိုးလေ ဆိုတာ ကို သူတို သတိရဖို့ လိုတယ်"

 

ပါဗယ် တယောက်တည်း ကျန်တော့သည့် အခါမျိုး တွင် သူတို့ နှစ်ယောက် အတောမသတ် နိုင်အောင် စကား တွေ ပြောကြ၊ ငြင်းကြခုံကြ၊ အေးအေးဆေးဆေး ပြောနေကြသော်လည်း အမေက စိုးရိမ်တကြီး ဖြင့် စောင့်ကြည့်နေရသည်။ စောင့်ကြည့် ရင်းကလည်း သူတို့ ပြောသည်များ ကို နားထောင်ရင်း နားလည် အောင် ကြိုးစားနေရပြန်သည်။

 

တခါတခါ ပုခုံးကျယ်ကျယ် မည်းနက်သော မုတ်ဆိပ်မွှေး ပိုင်ရှင် လယ်သမား နှင့် ကြံ့ခိုင်တောင့်တင်းသော ခန္ဓာကိုယ် ရှိသည့် သားတော်မောင်တို့ မျက်စိများ ကန်းကုန်ကြပြီလားဟု ပင် ထင်လာမိသည်။

 

အမှောင်ထဲက အခန်းငယ် လေးထဲတွင် သူတို့ နှစ်ဦးသည် ဟိုယိမ်းဒီယိမ်း ဖြင့် အလင်းရောင်ရှိရာ ထွက်ပေါက် စမ်းတဝါးဝါး ဖြင့် လျှောက်နေကြသလိုမျိုး ဖြစ်နေသည်၊ လဲပြိုသွားသည့် အခါတွင်လည်း ကုန်းရုန်း ထကြပြန်သည်။ အခန်းထဲ ရှိသမျှ တခုမှ မကျန်အောင် ဟိုစမ်းဒီစမ်း လုပ်ပြီး တွန်းဖယ်ပစ်ကြပြန်သည်၊ သို့သော် သူတို့ ပုံစံက အေးဆေး တည်ငြိမ်လှပြီး ယုံကြည်ချက်၊ မျှော်လင့်ချက်များ ပျောက်ဆုံးကုန်သည့် ပုံ မျိုး မတွေ့ရပေ။

 

အမေသည် သူတို့ ပြောသည့် စကားကြီး စကားကျယ် များကို နားထောင်ရပါများ၍ ကျင့်သားရလာသည်၊ ပွင့်ပွင့်လင်းလင်း နှင့် ရဲရဲတင်းတင်း ပြောသည်များကြောင့် ထိတ်လန့်လာနေမိသည်။ သို့သော် ကြားကာစ ကလို တော့ စိတ်ထဲ လေးလံလာခြင်းမျိုး မရှိတော့၊ ဒီဖက်နားက ဝင် ဟိုဖက် နားက ထွက် အောင် လုပ်တတ်လာနေပြီ ဖြစ်သည်။ ရိုင်ဘင် အပြောများကို တော့ မကျေမနပ် ဖြစ်နေ‌ သေးသော်လည်း ယခင်ကလို တော့ ရန်လို မုန်းတီး စိတ်မျိုး မရှိတော့။

 

တပတ်ကို တခါလောက်တော့ အတွင်းခံ ဘောင်းဘီတို့ စာအုပ်တို့ ယူပြီး ရုရှားလေးထံ ထောင်ဝင်စာ သွား တွေ့ခဲ့သည်။ တကြိမ်တွင် တော့ ယခင်ကလို ပစ္စည်းများ ယူမထားတော့ဘဲ သူမ အား ရုရှား လေး နှင့် တွေ့ခွင့်ပေးခဲ့သည်။ အိမ်ပြန် ရောက်တော့ ရုရှား လေး နှင့် တွေ့ခွင့်ရခဲ့သည့် အကြောင်း ကို အားရ ဝမ်းသာ ပြန်ပြောခဲ့ရှာသည်။

 

"သူ့ပုံစံ က အိမ်မှာ နေတဲ့ အတိုင်းပဲ၊ လူတိုင်းကိုလည်း ကြင်ကြင်နာနာ ဆက်ဆံတယ်၊ အားလုံးက သူနဲ့လည်း နောက်လိုက် ပြောင်လိုက်ပဲ၊ တချိန်လုံး သူ့စိတ်ထဲ အလုပ်အားရက်လို့ အောက်မေ့နေသလား မသိပါဘူး၊ သူ ကြုံနေရတဲ့ ကံကြမ္မာက လေးလံဖိစီး နေတာတောင် မှ သူ့ မျက်နှာမှာ တစွန်းတစ မှ မတွေ့ခဲ့ရဘူး"

 

"အဲ့လို ဖြစ်နေရမယ်" ဟု ရိုင်ဘင်က ပြောလိုက်သည်။

 

"ကျွန်တော်တို့ အားလုံး က ကိုယ်ပေါ်မှာ ရှိတဲ့ အရည်ပြားလိုပဲ ဆင်းရဲဒုက္ခတွေ နဲ့ ဖုံးလွှမ်းခံထားရတယ်၊ ဆင်းရဲဒုက္ခ ကို ရှူရှိုက်နေရတယ်၊ ဆင်းရဲ ဒုက္ခကို ဝတ်ဆင်နေရတယ်၊ ဒါပေမယ့် ဒါက ဂုဏ်ယူဝင့်ကြွားစရာ တော့ မဟုတ်ဘူး၊ လူတိုင်းက မျက်စိကန်းနေကြတာ တော့ မဟုတ်ဘူး၊ အချို့လူတွေက ကိုယ့်သဘော နဲ့ ကိုယ် မျက်စိ မှိတ်ထားကြတာ၊ ကိုယ် မိုက်ရင်တော့ ကိုယ်ခံပေတော့ပဲ။"

 

********************************