ကျွန်တော် တကိုယ့် နှစ်စိတ် နှင့် သူလျို(54)

by Hla Soewai - Oct 13 2025

ကလော့ဒ်သည် စီးကရက် မီးခိုး များကို စက်ဝိုင်း များ သဖွယ် ဖြစ်အောင် မှုတ်ထုတ်လိုက်ရင်း ဘယ်သူမှ အပြစ်ကင်းတဲ့ လူ ဆိုတာ မရှိဘူးကွ၊ အထူးသဖြင့် ငါတို့လို အလုပ်မျိုးမှာ၊ သူ့ လက်မှာလည်း သွေးတွေ စွန်းကောင်း စွန်းနေမှာပဲလို့ မောင်ရင် မထင်ဘူးလား၊ ဗီယက်ကောင်း ထောက်ခံသူ ဘယ်သူ ဘယ်ဝါ ဆိုတာကို ဒီလူက ဖေါ်ထုတ်ခဲ့ပြီးပြီ၊ အဲ့လို ဖေါ်ထုတ်တဲ့ အခါမှာလည်း သူ မှားရင် မှားသွား နိုင်တယ်၊ ဒါမျိုး အရင်ကလည်း ဖြစ်ခဲ့ပြီးပြီ၊ ဒါမှ မဟုတ် သူကိုယ်တိုင်လည်း ဗီယက်ကောင်း ဘက်တော်သား ဖြစ်ရင် ဖြစ်နေမှာ၊ အဲ့လို ဖြစ်နေရင်တော့ သူက တမင်တကာ ကို မဟုတ်တဲ့ လူကို ထိုးချတော့မှာ။

 

ကျွန်တော်လည်း တခုမှ အသေအချာ မသိ။

 

အပြစ်ရှိလား မရှိလား ဆိုတာကလည်း လောကဓမ္မ ကိစ္စမျိုး ဖြစ်သည်၊ ကျွန်တော်တို့ အားလုံးလည်း တဖက်တွင် အပြစ်မဲ့ပြီး အခြားတဖက်တွင် အပြစ်ရှိနေတတ်သည်၊ ဤသည်ကလည်း နဂိုမူလ အပြစ် Original Sin ဆိုသည်ပင် မဟုတ်ပါလား။

 

ခင်ဗျား ပြောတာ အတော်လေးကို မှန်ပါတယ် ဟု ပြောရင်း လက်ဆွဲနှုတ်ဆက်ကာ လမ်းခွဲ ထွက်လာခဲ့သည်။ ကိုယ်ကျင့်တရား နှင့် ပတ်သက်သည့် သံသယ များ ကို ထုတ်ဖေါ် ပြောဆိုနေခြင်းသည် တကယ်တော့ အိမ်တွင်းရေး ပြဿနာများကို ထုတ်ပြောနေသည် နှင့် အတူတူပင် ဖြစ်သည်။ စိတ်ပျက်စရာလည်း ကောင်းလှသည်၊ တိုက်ရိုက် ပတ်သက်နေသူ များက လွဲ၍ အခြား မည်သူကမျှ တကယ်တမ်း စိတ်ပါဝင်စား ကြခြင်း မရှိသည့် အကြောင်းအရာမျိုး ဖြစ်သည်။

 

လက်ရှိ ကိစ္စ တွင် အရက်သမား ဗိုလ်မှုးက လွဲ၍ ပတ်သက်နေသူ ဟူ၍ ကျွန်တော်တယောက်သာ ရှိသည် မှာ ထင်ရှားသည်။ ဘယ်သူကမှလည်း သူ့အမြင် ကို အရေးတယူ လုပ်ပြီး နားထောင်ကြမည် မဟုတ်၊ ကလော့ဒ်က‌ တော့ ကျွန်တော်ကို အပြစ်မှ ကျေရာကျေကြောင်း၊ သို့မဟုတ် အနည်းဆုံးအကြောင်းပြလို့ ရအောင်တော့ ပြောခဲ့သည်။ သူ ပြောသည့် အကြောင်းပြချက်ကိုတော့ ကျွန်တော် သုံးမည် မဟုတ် ဆိုသည်ကိုတော့ မပြောရဲ၊ နကိုယ် မူလ အပြစ် ဆိုသည်ကား အဖေက ဝတ်ပြုပွဲတိုင်း ထည့်ထည့် ပြောနေ၍ ကျွန်တော့်လို လူ အတွက် အရမ်း ကို ရိုးလွန်းနေသည်။

 

**************

 

နောက်နေ့ည က စပြီး ဗိုလ်မှုးကို ကျွန်တော် စပြီး စောင့်ကြည့် ထောက်လှန်းလာခဲ့သည်။ တနင်္ဂနွေ ငါးရက်လုံး မေလ မှ ဇွန်လ ကုန်သည်အထိ မပျက်မကွက် ထောက်လှန်းခဲ့သည်။ သူလုပ်နေသည့် ဓါတ်ဆီ ဆိုင် နှင့် တလမ်းကျော် လောက်တွင် ကားကို ရပ်ပြီး အလုပ်သိမ်းချိန် ည ရှစ်နာရီ အထိ စောင့်ကြည့်နေခဲ့သည်။ သူသည် လက်ထဲတွင် ထမင်းဗူး ကို ကိုင်ကာ အိမ်သို့ ခပ်ဖြေးဖြေး ပဲ လျောက် ပြန်လေ့ရှိသည်။ သူ လမ်းထောင့်သို့ ချိုးကွေ့ ဝင်သွားမှ ကျွန်တော်လည်း ကားစက်ကို နှိုးပြီး နောက်က မောင်းလိုက်လာခဲ့သည်။

 

သူ ကွေ့ဝင်သွားသည့် လမ်းထောင့် ရောက်လျင် ကားကို ခဏ ရပ်ပြီး နောက်တလမ်း ကျော် ရောက်သည် အထိ စောင့်ကြည့်ခဲ့သည်။ သူ့ အိမ်သည် သုံးလမ်း ကျော် လောက်တွင် ရှိသည်၊ ပိန်ပိန်ပါးပါး နှင့် ကျန်းမာ သန်စွမ်းသူ တယောက်ဆိုက ခပ်သွက်သွက် လျှောက်ယုံဖြင့် ငါးမိနစ် လောက်နှင့် ရောက်နိုင်သည့် အကွာအဝေး မျိုး ဖြစ်သည်။ အရက်သမား ဗိုလ်မှုးကတော့ ဆယ့်တမိနစ် လောက် အချိန်ယူရသည်။ ကျွန်တော်က သူ့နောက် တလမ်း ကျော် လောက်မှ အမြဲလို ကပ်လိုက်ခဲ့သည်။ 

 

တနင်္ဂနွေ ခြောက်ပတ်လုံးလုံး ထိုအတိုင်းပင် မပြောင်းလဲပဲ ရှိနေသည်။ တနေရာမှ တနေရာသို့ ရွှေ့ပြောင်းတတ်သည့် ဘဲခေါင်းစိမ်း ငှက်များ ကဲ့သို့ပင်၊ လမ်းတ‌လျောက်လုံးလည်း ပျင်းရိငြည်းငွေ့ဖွယ် ကောင်းလှသည့် တိုက်တန်းလျားများ အစီအရီ တွေ့နေရသည်။

 

ဗိုလ်မှုး အိမ်သည် လေးခန်းတွဲ အိမ် ခပ်သေးသေး တွင်ရှိပြီး အိမ်ရှေ့တွင် ကားရပ်ရန် နေရာ လေးနေရာ ပေးထားသည့် ကားဂို ‌ဒေါင် ရှိသည်၊ တနေရာက လွတ်နေပြီး ကျန် သုံးနေရာတွင် သက်ကြီး ဘတ်စ်ကား မောင်းသူများ မောင်းလေ့ရှိသည့် ပိန်ချိုင့်ပြီး အောက်ပိုင်း ‌နိမ့်ကျနေသည့် ကားအို ကား ဟောင်းများ ရပ်ထားသည်။ ဒုတိယ ထပ်သည် ရှေ့ကို ထွက်နေ၍ ကားများကို အရိပ်ရ စေပြီး လမ်းကို လှမ်းမြင်နေရသည့် ပြတင်း ပေါက် နှစ်ပေါက် ရှိသည်။

 

ည ၈:၁၁ သာသာတွင် မှုန်ကုပ်ကုပ် နှင့် ပြတင်းပေါက် နှစ်ပေါက် အနက် တပေါက် ပွင့်နေသည်။ လိုက်ကာများ ချထားသော်လည်း အတွင်းတွင် မီးလင်းနေသည်။ ပထမ တနင်္ဂနွေ နှစ်ရက်တွင် ကျွန်တော် ကားကို လမ်း‌ဒေါင့်တွင် ရပ်ထားခဲ့ပြီး သူ ကားဂို ‌ဒေါင်ထဲ ဝင်ပြီး ပျောက်ကွယ်သွားသည် အထိ စောင့်ကြည့်နေခဲ့သည်။ တတိယ နှင့် စတုတ္ထ တနင်္ဂနွေရက်များ တွင် ဓါတ်ဆီဆိုင်မှ နေ သူ့နောက်ကို မလိုက်တော့ဘဲ သူ့တိုက် ခန်း နှင့် လမ်းတဝက် အကွာ လောက်မှ စောင့်နေခဲ့သည်။ ကားဂိုဒေါင်၏ အရိပ်ကျ သည့် အစွန်းထဲ ဝင်သွားသည်ကို ကားနောက်ကြည့်မှန်မှ တဆင့် ကြည့်နေသည်၊ ကျွန်တော့်ကား ရပ်ထားသည့် နေရာသည် အောက်ဆုံးထပ်က တိုက်ခန်း တည့်တည့် သို့ ဦးတည်နေသည့် လမ်း ပေါ်တွင် ရှိသည်။

 

တနင်္ဂနွေ လေးရက်လုံးလုံး သူ မြင်ကွင်းက ပျောက်သွားမှ ကျွန်တော် အိမ်ပြန်လာခဲ့သည်။ ပဉ္စမ နှင့် ဆဌမ တနင်္ဂ‌နွေ ရက် များ တွင်တော့ မပြန်ဘဲ စောင့်နေခဲ့သည်။ ည ဆယ်နာရီ လောက်တွင် လွတ်နေသည့် ကားရပ်ရာ နေရာ သို့ ကားတစီး ရောက်လာသည်။ အခြား ကားများလိုပင် ပိန်ရာ ချိုင့်ရာများ နှင့် ကား ခပ်ဟောင်းဟောင်း တစီး ဖြစ်သည်။ ကားမောင်းသူသည် ပင်ပန်း နွမ်းနယ်နေပုံရသော တရုတ် အမျိုးသား တဦး ဖြစ်ပြီး ပေကျံနေသော စားဖို မှုး ဝတ်စုံ နှင့် ဖြစ်ပြီး လက်ထဲတွင် ဆီ များ စွန်းထင်းနေသော စက္ကူ အိပ်တအိပ် ကိုင်ထားသည်။

 

အရက်သမား ဗိုလ်မှုး နှင့် ကျွန်တော်တို့ တွေ့ဖို့ ချိန်းထားသည့် နေမတိုင်မီ စနေနေ့တွင် ဘွန် နှင့် ကျွန်တော်တို့ တရုတ်တန်းဖက် ကားမောင်းထွက်လာခဲ့သည်။ ခေါက်စားပွဲများ ချကာ ပစ္စည်းများ ရောင်းနေသော ဘရော့ဝေး၏ နောက်ဖေး လမ်းကြားထဲတွင် UCLA တံဆိပ်ပါ တီရှပ် နှင့် ဘေ့စ်ဘော ကက်ဦးထုပ် များ ဝယ်လိုက်သည်။ ဈေးနှုန်းကို ကြည့်လိုက်သည်နှင့် တရားဝင် ကုန်အမှတ်တံဆိပ် များ မဟုတ်မှန်း သိသာနေသည်။

 

နေ့လည်စာကို ဝက်သားကင် နှင့် ခေါက်ဆွဲ ဖြင့် ပြီးလိုက်ပြီး အရှေ့တိုင်း ပစ္စည်း မျိုးစုံ ရောင်းသည့် ကျုရီယိုဆိုင်ထဲဝင်ပြီး လှည့်ပတ်ကြည့်လိုက်ကြသည်။

 

 တရုတ် စစ်တုရင်ခုံ ၊ သစ်သား တူများ၊ စက္ကူ မီးပုံးများ၊ ကံကူ သားဖြင့်လုပ်ထားသော ဗုဒ္ဓ ရုပ်ပွားတော်၊ ရေပန်း အသေးစား၊ ကျေးလက် သိုးကျောင်းသူ များ ပုံကို အနုစိတ် ထွင်းထုထားသော ဆင်စွယ်များ၊ မင် မင်းဆက် ခေတ်က ပန်းအိုး ပုံစံတူများ၊ တားမြစ် နန်းတော် ပုံ ပါသည့် ခွက်ခံပြားများ၊ ဘရုစ်လီ ပုံ ကားချပ် နှင့် တွဲရောင်းသည့် ရော်ဘာ နန်ချပ်ကူ၊ သစ်တောထဲ မှ ထိုးထွက်‌ နေသည့် တောင်ထိပ်တွင် တိမ်များ အုံ့ဆိုင်းနေသည်ကို သရုပ်ဖေါ်ထားသော ရေဆေး ပန်းချီ ကားလိပ်၊ လ္ဘက်ရည် နှင့် ဂျင်ဆင်း သောက်သည့် သံဖြူ ခွက်၊ မီးရှုးမီးပန်း ဖောက်သည့် ဗျောက်အိုးများ အစရှိသဖြင့် စုံလှသည်၊ ကျွန်တော်လည်း ဗျောက်အိုး နှစ်ထုပ် ဝယ်ခဲ့သည်၊ အိမ်မပြန်မီ တွင် အနီးအနားရှိ ဈေးမှ လိမ္မော်သီးများ ပါသည့် ပိုက်ကွန် အိတ်တလုံး ဝင် ဝယ်လာခဲ့သည်။