လူသား ကွန်ယက်(44)

by Hla Soewai - Oct 13 2025

အနုပညာသည် ကျွနုပ်တို့အား ဘဝ၏ အခြား ရှု့ထောင့် ပေါင်း များစွာ ကို နားလည်အောင် အထောက်အကူ ပေးနိုင်ခဲ့သော်လည်း ယခု အရေး တွင် တော့ အတိုင်းအတာ တခုအထိသာ ကူညီနိုင်ခဲ့သည်။ ကဗျာဆရာများ၊ ပြဇာတ် ရေးဆရာများ၊ ရုပ်ရှင် အနုပညာ ဖန်တီးသူများသည် ဗျူရိုကရေစီ အုပ်ချုပ်ရေး အာဏာ စီးဆင်းပုံ၊ ပြောင်းလဲ ပုံ များကိုမူ ရံဖန်ရံခါမှသာ အာရုံစိုက်ခဲ့ကြသည်။ ၎င်းတို့ အဖို့လည်း ထိုအကြောင်းအရာများကို စိတ်ပါဝင်စားလာအောင် တင်ပြဖို့က အတော်ကို ခက်ခဲနေသည်။

 

အနုပညာရှင်များသည် ကျွနုပ်တို့၏ ဇီဝဗေဒ သဘောတရား တွင် အမြစ်တွယ်နေသည့် အနည်းငယ်မျှသော ဇာတ်ကြောင်းများဖြင့် လုပ်ကြရသည်။ ဇီဝဗေဒ ဆိုင်ရာ ဇာတ်နိပတ်များထဲရှိ တခုတလေကမျှ လည်း ဗျုရိုကရေစီ အုပ်ချုပ်ရေး ယန္တရား ၏ လုပ်ငန်းဆောင်တာများကို ထင်ဟပ် ပြနိုင်ခဲ့ခြင်း မရှိပေ။ ထိုသို့ ဖြစ်ခဲ့ရခြင်း မှာ လည်း အဆိုပါ ဇာတ်လမ်းများ အားလုံးသည် စာရွက်စာတမ်းများ နှင့် မှတ်တမ်းများ မပေါ်ပေါက်မီ နှစ် သန်း ပေါင်းများစွာ ကတည်း က ဆင့်ကဲပြောင်းလဲမှု ဖြစ်စဉ် က ရေးသားထားပြီး ဖြစ်နေသော ကြောင့်ပင်။

 

"ဇီဝ ဒရာမာများ" သည် ဘာလဲ ဆိုသည် နှင့် ယင်းတို့သည် အဘယ်ကြောင့် ဗျူရိုကရေစီ ကို နားလည်နိုင်ရန် လမ်းပြ ပေးရာတွင် ညံ့ဖျင်းနေခဲ့သနည်း ကို နားလည် နိုင်ရန် လူယဉ်ကျေးမှု တလျောက်လုံး ကြီးမားစွာ ဩဇာ ညောင်းခဲ့သည့် အနုပညာ လက်ရာ ဖြစ်သော ရာမာယန ဇာတ်လမ်းကို ဥပမာ ပေးရမည် ဖြစ်သည်။

 

ရာမာယန ၏ အဓိက ဇာတ်ကြောင်းသည် ရာမ မင်းသား၊ ခမည်းတော် ဖြစ်သူ အယုဒ္ဓရ ပြည့်ရှင် ဒသရထ နှင့် မိထွေးတော် ကိုင်ကေရီ မိဖုရား တို့ အကြား ဆက်ဆံရေး ပင် ဖြစ်သည်။

 

ရာမ သည် သားတော်များထဲတွင် အကြီးဆုံး ဖြစ်၍ ထီးနန်းကို ဆက်ခံ ပိုင်ခွင့် ရှိသူ ဖြစ်သည်။ သို့သော် မိထွေးတော် ကိုင်ကေရီ သည် ဘုရင်ကြီးအား ဂုံးချော ၍ ရာမ ကို မြိုင်ရပ် နှင်စေပြီး သားဖြစ်သူ ဘာရတ ကို ထီးနန်း ဆက်ခံစေခဲ့သည်။ ထိုဇာတ်လမ်း၏ နောက်ကွယ်တွင် သန်းပေါင်းများစွာ သော နှစ်များ အထိ ရှည်ကြာခဲ့သည့် နို့တိုက်သတ္တဝါ နှင့် ငှက်များ၏ ဆင့်ကဲ ပြောင်းလဲမှု ဖြစ်စဉ် ဆိုင်ရာ ဇီဝ ပြဇာတ်များ ကိန်းဝပ် နေခဲ့သည်။

 

နို့တိုက် သတ္တဝါနှင့် ငှက်များ၏ ရင်သွေးများသည် ဘဝ အစ တွင် မိဘများ၏ စောင့်ရှောက်ပေးမှု ကို အမှီသဟဲ ပြုနေကြရသည်၊ မိဘများက ၎င်းတို့ အပေါ် လျစ်လျူ ရှူမည့် အရေး၊ ရန်လိုလာမည့် အရေး တို့ကိုလည်း စိုးရွံ့နေခဲ့ကြရသည်။ ၎င်းတို့ အတွက် သေရေး နှင့် ရှင်ရေး သည် မျှခြေတွင် ရှိနေသည်။ ခြင်္သေ့ပေါက် တကောင်၊ ကြက်ပေါက်စ လေး တကောင်သည် အသိုက်အမြုံ မှ အချိန်မတန်ဘဲ တွန်းထုတ်ခံရပါက အစာရေစာ ငတ်မွတ်ခြင်း၊ အခြား သတ္တဝါများ၏ သားကောင် အဖြစ် သေဆုံးရမည့် အန္တရာယ် ရှိနေသည်။

 

လူသားများတွင်လည်း မိဘဖြစ်သူများ၏ လျစ်လျူရှု မှု၊ စွန့်ပစ်ခံရမှု တို့ ကို ကြောက်ရွံ့‌ခဲ့မှုသည် စနှိုးဝှိုက်၊ စင်ဒရဲလား၊ ဟာရီ ပေါ်တာ တို့တွင်သာ ရှိနေခဲ့သည် မဟုတ်၊ ကျွနုပ် တို့ ခေတ်၏ ထင်ပေါ် ကြော်ကြား သော နိုင်ငံရေး၊ ဘာသာရေး ဒဏ္ဍာရီများထဲတွင်လည်း ရှိနေခဲ့ပြီး ဖြစ်သည်။

 

ရာမယန သည်သာ တခုတည်းသော နမူနာ အဖြစ် ရှိနေခဲ့သည် မဟုတ်၊ ခရစ်ယာန် ဘာသာရေး ဆိုင်ရာ ယုံကြည်မှု အရ ငရဲကျခြင်း ဆိုသည်မှာ မိခင်အသင်းတော်နှင့် ကောင်းကင်ဘုံရှင် အဖ ဘုရားသခင် တို့နှင့် အဆက်အသွယ် လုံးဝ ပြတ်တောက်သွားခြင်းအဖြစ် ရှုမြင်ထားသည်။ ငရဲ ဆိုသည်က ပျောက်ဆုံးသွားသော မိဘ နှစ်ပါး အား ရှာဖွေနေသော ကလေးငယ်၏ ငိုကြွေးနေပုံ မျိုးပင် ဖြစ်သည်။

 

ဆက်စပ်နေသည့် ဇီဝဆိုင်ရာ အဖြစ်အပျက် တစ်ခုမှာ လူသားကလေးများ၊ နို့တိုက်သတ္တဝါ သားပေါက်များ၊ ငှက်ကလေးများပါမကျန် ရင်းနှီးသော 'အဖေက သင့်ထက် ကျွန်တော့်ကို ပိုချစ်တာပါ' ဆိုသည့် ခံစားချက်ပင် ဖြစ်သည်။ ဇီဝဗေဒ နှင့် မျိုးရိုးဗေဒ ပညာရှင်များက မွေးချင်းများ အချင်းချင်း ပြိုင်ဆိုင်မှု အား ဆင့်ကဲ ပြောင်းလဲမှု၏ အရေးကြီးသော ဖြစ်စဉ် တရပ် အဖြစ် ရှူမြင်ထားကြသည်။

 

မွေးချင်းများ အချင်းချင်း အစားအသောက်အတွက်၎င်း၊ မိဘများ၏ အရေးပေးခံရမှု အတွက်၎င်း အမြဲလို ပြိုင်ဆိုင်နေလေ့ ရှိသည်။ အချို့ သော မျိုးစိတ်များ တွင် တဦး နှင့် သတ်ဖြတ်ကြသည် ကို ဖြစ်ရိုးဖြစ်စဉ် ဟုပင် သတ်မှတ်ကြသည်။ အကွက်အပျောက်များ ပါသည့် ခွေးအ‌ ပေါက်စ လေး များ၏ လေးပုံတပုံသည် မိဘများ၏ ပို၍ အာရုံစိုက် ခံလို သော မွေးချင်းများ၏ သတ်ဖြတ်ခြင်း ခံခဲ့ရသည်။

 

သဲကျား ငါးမန်းမ များ၏ သားအိမ်ထဲတွင် သားန္ဓေသားလောင်း အမြောက်အမြား ရှိနေတတ်သည်။ ပထမ သန္ဓေသား လောင်း သည် အရှည် အားဖြင့် ဆယ်စင်တီမီတာ ရှိလာသည့်အခါ ကျန်သန္ဓေသားအားလုံးကို သတ်စားပစ်သည်။

 

မွေးချင်း များအကြား ပြိုင်ဆိုင်မှု သဘောတရားများသည် ရာမယနအပြင် ကိန်းနှင့်အေဗယ်လ်၊ ဘုရင်လီးယား နှင့် Succession ရုပ်သံဇာတ်လမ်းတွဲများကဲ့သို့သော ဒဏ္ဍာရီများနှင့် ဇာတ်လမ်းများစွာတွင် ထင်ဟပ် နေသည်ကို တွေ့ရမည် ဖြစ်သည်။

 

ဂျူးလူမျိုးများရှိသော နိုင်ငံတစ်ခုလုံးသည်ပင်လျှင် 'ကျွန်ုပ်တို့သည် ဖခင်၏ အချစ်ဆုံးသားသမီးများ ဖြစ်သည်' ဟူသော အခိုင်အမာ ပြောဆိုချက်အပေါ် အခြေခံ၍ ၎င်းတို့၏ ရပ်တည်မှုကို တည်ဆောက်ထားနိုင်သည်။