ရ
#နိဒန်း
MAY 7, 1945
REIMS, FRANCE
2:41 AM
နာဇီ မကောင်းဆိုးဝါးများက အမဲလိုက်သလို အလိုက် ခံနေရပြီ ဖြစ်သည်။
အီကိုးလ် စက်မှု အထက်တန်းကျောင်း၏ စာသင်ခန်း တခု ထဲတွင် နာဇီ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး အယ်ဖရက် ယိုဒယ်လ် သည် အရွယ်အစားအားဖြင့် ပုံမှန်ထက် ကြီးသော ဖူးစကက် စာရွက်ပေါ်တွင် ခြောက်နှစ် ကျော် တိုက်ခိုက်လာခဲ့ သော ကြောက်မက်ဖွယ် ကောင်းလှသည့် စစ်ပွဲကြီး ကို ဂျာမန် စစ်တပ် မှ ဆက်လက်တိုက်ခိုက်ခြင်း မပြုတော့ဘဲ လက်နက်ချကြောင်း လက်မှတ်ရေးထိုး ပေးလိုက်သည်။
ဤသို့ဖြင့် ဘာလင်သည် ကျဆုံးသွားခဲ့ပြီ ဖြစ်သည်။ နာဇီ တို့၏ အကြီးအကဲ ဖူးရား အဒေါ့ဖ် ဟစ်တလာသည် ဦးခေါင်းကို သေနတ်နှင့် တေ့ပစ်ကာ အဆုံးစီရင်သွားခဲ့ပြီး ဖြစ်သည်။ ၎င်း၏ အလောင်းအား သက်တော်စောင့်များက ဓါတ်ဆီ ဂါလံပေါင်း များစွာ ပက်ဖြန်းကာ မီးတင် ရှို့ခဲ့ကြသည်။
အမေရိကန်၊ ဗြိတိန်၊ ဆိုဗီယက် မဟာမိတ်တပ်များက ဂျာမဏီ တနိုင်ငံလုံးတွင် အခုအခံ မရှိ စုပြုံ ဝင်ရောက်လာနေသည်။ တခါတခါ တွေ့လာရသော ကြို့ကြား ကြို့ကြား ခုခံမှု များကို အသံတိတ်သွားအောင် ချေမှုန်းပစ်ခဲ့ကြသည်။
အချိန်ကား မိုးသောက်ယံသို့ ရောက်လုနီး ဖြစ်၍ နောက်ကျ နေသော်လည်း စာသင်ခန်း၏ လေးဘက် လေးတန် ရှိ နံရံတလျှောက် သတင်းစာဆရာများ၊ သက်သေ အဖြစ် ခေါ်ထားသော ဗိုလ်ချုပ် များ နှင့် ပြည့်ကျပ်နေသည်။ နံရံ များ ပေါ်တွင် ပြီးခဲ့သည့် ရက်အထိ စစ်ပွဲ၏ တိုးတက်လာမှု များကို ပြဆိုနေသော ဥရောပ မြေပုံ ကားချပ်များ ချိတ်ဆွဲထားသည်။ ဂျာမန် တို့၏ အရှုံးကို သတင်းမှတ်တမ်း တင် နေသော ရုပ်ရှင် ကင်မရာများမှ ထွက်လာသော အသံများလည်း ကြားနေရသည်။ ထိုကင်မရာများမှ ထွက်လာသော စူးရှသော မီးအလင်းရောင်များ ကြောင့် အခန်းသည် မွန်းကျပ်သလို ဖြစ်လာနေသည်။
ဥရောပ မဟာမိတ်တပ်များ၏ အကြီးအကဲ အမေရိကန် တပ်ပေါင်းစု စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဒွိုက်ခ်ျ အိုင်စင်ဟောင်ဝါ သည် အခန်းထဲတွင် ရှိနေသော်လည်း လက်မှတ်ရေးထိုးရာတွင်တော့ ပါဝင်ခဲ့ခြင်း မရှိ၊ ၎င်း၏ ကိုယ်စား ဝန်ထမ်း အုပ်ချုပ်ရေးမှုး ချုပ် ဗိုလ်ချုပ် ဘီဒဲလ် စမစ်ကိုသာ လက်မှတ် ရေးထိုးစေခဲ့သည်။
"ယခုလို လက်မှတ် ရေးထိုး လိုက်သည် နှင့် အတူ ဂျာမန် ပြည်သူများ နှင့် ဂျာမန် တပ်မတော်အား ကောင်းသည် ဖြစ်စေ ဆိုးသည် ဖြစ်စေ စစ်အောင်နိုင်သူတို့၏ လက်ဝယ်သို့ လွှဲပြောင်းပေးလိုက်ပြီ ဖြစ်ပါတယ်" ဟု သိသိသာသာ တုန်ခါလှိုက်လှဲသော အသံဖြင့် ယိုဒယ်က ကြေညာလိုက်သည်။
********************
သို့သော် မကောင်းဆိုးဝါးများက အလွှဲမခံကြ၊ ၎င်းတို့၏ နောက်လိုက်များလည်း ထို့အတူပင် ဖြစ်သည်။ စစ်ကြီး အတွင်း ၎င်းတို့၏ လုပ်ရပ်များသည် စစ်ရာဇဝတ်မှု မြောက်သည်ကို သိထားကြပြီး ဖြစ်သည်။ အပြစ်မဲ့ လူသားများကို ရက်ရက်စက်စက် နှိပ်စက် သတ်ဖြတ်ခဲ့မှု များသည် လွန်စွာ ကြမ်းကြုပ် ရက်စက်လှသည် ဆိုသော စကား နှင့် ဖေါ် ပြ ယုံ လောက် နှင့် ပင် မလုံလောက်တော့ သည် အထိ ကြီးမား နေသည်။
အမေရိကန် နှင့် ဗြိတိသျှ ထောက်လှန်းရေး တို့မှ "စစ်ရာဇဝတ်ကောင်" များ နှင့် ပတ်သက်၍ ပြုစု ထားသော ဖိုင်များသည် တနေ့တခြား ထူထဲသည်ထက် ထူထဲ၍ လာနေပြီ ဖြစ်သည်။ ထုတ်ပြန်ထား သော အလို ရှိဆုံး လူများ စာရင်းထဲရှိ ၎င်းတို့၏ အမည်များ ဘေးတွင် "ချက်ခြင်း လက်ငင်း ဖမ်းဆီးရန်" ဆိုသည့် စာပါ တံဆိပ်တုံး ကို ခပ်နှိပ်ထားသည်။ ၎င်းတို့အား ဖမ်းဆီးမိပြီး ရုံးတင် စစ်ဆေးခံခဲ့ရလျင် ချမှတ်လာမည့် အပြစ်ဒဏ်က သေဒဏ်ပင် ဖြစ်သည်။ မြန်မြန်ဆန်ဆန် ကွပ်မျက်ခံရမည်လည်း ဖြစ်သည်။
****************
ဗိုလ်ချုပ်ကြီး ယိုဒယ်၏ လက်နက်ချကြောင်း လက်မှတ်ရေးထိုးခဲ့သည့် နေရာ၏ အနောက်မြောက်ဖက် မိုင် ခြောက်ရာ နီးနီးတွင် ရှိ နာဇီ လူသတ်သမား အဖြစ် နာမည် ဆိုးဖြင့် ကျော်ကြားနေသည့် ပုဂ္ငိုလ် တဦး ကမူ ၎င်းကိုယ်၎င်း စစ်အောင်နိုင်သူ တို့ လက်ထဲ အရောက်မခံ၊ အသက်ဘေးမှ လွတ်အောင်ရုန်းမည်ဟု စိတ်ပိုင်းဖြတ်လိုက်သည်။
ထိုသူသည် ရိုက်ခ်ျ ဖူးဟား ရာထူး ရထားသည့် ဟင်းဒရစ်ခ်ျ ဟင်မလား ဆိုသူပင် ဖြစ်သည်။ ၎င်းသည် အယုံကြည်ရဆုံး လက်ထောက်များ နှင့် အတူ လယ်တော အိမ်လေး တအိမ်တွင် ခိုအောင်းနေသည်။ ထိုနေရာသည် ဇာထရု (Satrup) ဆိုသည့် ဂျာမန် မြို့ လေး ၏ မြောက်ဖက် တွင် တည်ရှိသည်။
ဟင်မလား နှင့် ၎င်း၏ လက်ထောက်များသည် နာဇီပါတီအား အကာအကွယ် ပေးရန် ဖွဲ့စည်းထားသော Schutzstaffel ရှု့စ် ရှတက်ဖယ် လုံခြုံရေး အဖွဲ့၏ အဖွဲ့ဝင်များလည်း ဖြစ်သည်။
သို့သော် တကမ္ဘာလုံးက ထို လူသတ်သမား များကို SS ဟု သာ ခေါ်ဆိုကြသည်။
SS အား "အကာအကွယ်ပေးရေး တပ်ဆွယ်" အဖြစ် ၁၉၂၅ တွင် စတင် ဖွဲ့စည်းလာခဲ့သည်။ ဖွဲ့စည်းပြီး ပထမ လေးနှစ်အတွင်း နာဇီ ခေါင်းဆောင် အဒေါ့ဖ် ဟစ်တလာ အား စောင့်ကြည့်ကာကွယ်ရန်ကို အဓိက ဦးစားပေး အဖြစ် ဆောင်ရွက်ခဲ့ကြသည်။ ၁၉၂၉ တွင် ဟစ်တလာသည် ဟင်မလား အား ရိုက်ခ်ျဖျုဟာ ရာထူး ဖြင့် SS ခေါင်းဆောင်ကြီး အဖြစ် ခန့်အပ်ပြီး နောက်တွင် အသက် နှစ်ဆယ့် ရှစ်နှစ်သာ ရှိသေးသည် ကြက်မွေးမြူရေးသမား ဖြစ်ခဲ့သူ ဟင်မလားသည် ကိုယ်ရံတော် ဘဝ နှင့် မတင်းတိမ်နိုင်တော့ပေ။
SS သည် ဟစ်တလာ ၏ ရန်သူများ သတင်းကို စတင် ထောက်လှန်းလာပြီး လူသစ်များ စုဆောင်းလာခဲ့သည်၊ လူသစ် မှန်သမျှ သည် "ဂျာမန် သွေးစစ်စစ်" ဖြစ်ရမည်ဟု သတ်မှတ် ထားသည်။
၁၉၃၃ တွင် ဟစ်တလာ၏ အမျိုးသား ဆိုရှယ်လစ် ပါတီ အာဏာရလာသည့် အခါ စစ်တပ်ကို နှစ်ခြမ်း ခွဲပစ်ခဲ့သည်၊ ဝဲမခ်တ် ခေါ် ကြည်းရေလေ ပေါင်းထားသည့် ဂျာမန် တပ်မတော် နှင့် ဟစ်တလာ နှင့် နာဇီ အပေါ် သစ္စာစောင့်သိသည့် SS လုံခြုံရေး တပ်ဖွဲ့ဟူ၍ ဖြစ်လာသည်။
ဟစ်တလာသည် တတိယ ရိုက်ခ်ျ နိုင်ငံတော်ကြီး ၏ နိုင်ငံရေး ရန်သူများကို ဖမ်းဆီး အကျဉ်း ချ နိုင်ရန် ဟင်းနရစ်ခ်ျ ဟင်းမလား နှင့် ၎င်း၏ SS အဖွဲ့အား အကြွင်းမဲ့ အာဏာ များ အပ်နှင်း ပေးလိုက်သည်။ SS အဖွဲ့သည်လည်း ရန်သူ အဖြစ် သတ်မှတ်ခံရ သော ရှေ့နေများ၊ လိင်စိတ် ပြောင်းလဲ နေသူများ၊ ဂျစ်ပစီများ၊ စိတ်ပိုင်း ဆိုင်ရာ ချို့ယွင်းနေသူများ၊ ကက်သိုလစ် ဘုန်းတော်ကြီးများ အပါအဝင် ဂျာမဏီ ရှိ ဂျုးများ အားလုံးကို ဖမ်းဆီးခဲ့ကြသည်။
ခေတ်သစ် သမိုင်းတွင် ပထမဆုံး အကြိမ် အဖြစ် ဂျုး ဆန့်ကျင်ရေး သဘောထားသည် နိုင်ငံအစိုးရ တရပ်၏ တရားဝင် မူဝါဒ အဖြစ် ပေါ်ထွက်လာခဲ့ပေတော့သည်။ ဤသို့ဖြင့် ဂျူးများသည် ၎င်းတို့ မွေးဖွားကြီးပြင်းခဲ့သော မြေတွင် ရုတ်ခြည်းဆိုသလို နိုင်ငံခြားသား များ ဖြစ်ကုန်ကြ တော့သည်။ ထွက်ပေါ်လာသော ဥပဒေသစ်များအရ ၎င်းတို့အား ဥပဒေကြောင်းအရ အကာအကွယ် ပေးထားမှု များ ရုပ်သိမ်းခံခဲ့ရပြီး မည်သို့သော လုပ်ငန်း မျိုး တွင်မှ ဝင်ရောက် ဆောင်ရွက်ခွင့် မရရန် တားမြစ်ခံခဲ့ရသည်။
ဂျာမဏီ တွင် လူကြီး၊ လူငယ်၊ ကလေး မိန်းမ မည်သူ မဆို ဟစ်တလာအား ဆန့်ကျင်ပြောဆိုရဲသူ မှန်သမျှဒုက္ခလှလှ တွေ့လာရသည့် အဖြစ် ရောက်လာကုန်ကြသည်။
ဟင်းနရစ်ခ်ျ ဟင်းမလားသည် ၎င်းမှ ရန်သူဟု သတ်မှတ်လာသူများအား ထိန်းချုပ် နိုင်ရန် ချွေးတပ် စခန်းများ တည်ဆောက်လာခဲ့သည်။ ထိုချွေးတပ်စခန်းများကို အုပ်ချုပ်ရမည့် သူများအား လည်း SS အဖွဲ့ထဲမှ ကြမ်းပေ့ရမ်းပေ့ ဆိုသူများ နှင့် "မရဏ ဦးခေါင်း ယူနစ်" ဟု ဖွဲ့စည်းက ကက်ဦးထုပ်များ ထိပ်တွင် အရိုးခေါင်း အမှတ်အသား တပ်ဆင်ပေးခဲ့သည်။ စစ်ယူနီဖောင်း၏ ညာဖက် ကော်လာ ပေါ်တွင် ကြက်ခြေခတ်ထားသော အရိုး နှစ်ခု ပေါ်တွင် လူဦးခေါင်းခွံ ပါသည့် တံဆိပ်ကို တပ်ထားရသည်။ ရှေ့တန်းတွင် အတူ လိုက်ပါ ရမည့် Waffen SS ဟူ၍လည်း ဖွဲ့စည်းလာသည်။
အဆိုပါ တံဆိပ်သည် တတိယ ရိုက်ခ်ျ နိုင်ငံတော်၏ ရန်သူများ အတွက် အိမ်မက်ဆိုးများ ဖြစ်လာခဲ့ရသည်။ ဒုတိယ ကမ္ဘာစစ်ကြီး ဖြစ်ပွားလာသည့် ၁၉၃၉ စက်တင်ဘာလ မှစ၍ ဂျူးများကို ဖိနှိပ်ဆက်ဆံမှု များသည် မကြုံဖူး လောက်အောင် မြင့်တက်လာခဲ့သည်။ ထောင်ပေါင်းများစွာသော ဂျူး များသည် ဂျာမဏီ၊ ဩစတီယား နှင့် ချက်ကိုစလို ဗက်ကီယား တို့မှ အတင်းအကျပ် ရွှေ့ပြောင်းခံခဲ့ရသည်။
ထိုအချိန်တွင် ဂျာမန် စစ်တပ်သည် ဥရောပ ကုန်းမြေကြီး တွင် မီးကုန်ယမ်းကုန် တိုက်ခိုက်နေကြချိန် ဖြစ်သည်။ သို့သော် SS သည် ထိုအရေး တွင် မပါဝင်ဘဲ ၎င်းတို့၏ သီးခြား တာဝန်များ ဖြစ် သော ဟစ်တလာ ၏ ရန်သူများ၊ လူမျိုး ရေး သန့်စင်မှု မရှိသူများကို ရှာဖွေ သုတ်သင် နေကြသည်။
ထိုနှစ် အစမှာပင် ဂျာမန် တနိုင်ငံလုံးရှိ ကိုယ်လက်အင်္ဂါ မသန်စွမ်းသူများကို ဟင်မလား အမိန့်အရ အဆိပ်ဓါတ် ငွေ့ သုံး၍ သတ်ဖြတ်လာကြသည်။
၁၉၄၂ ဇန်နဝါရီ တွင်တော့ အဆိပ်ဓါတ်ငွေ့ သုံး၍ သတ်ဖြတ်သည့် နည်းကို Final Solution ဂျူးပြဿနာကို အပြီးသတ် ဖြေရှင်းရေး နည်းလမ်းအဖြစ် စတင် အသုံးပြုလာခဲ့သည်။
ဟင်မလား သည် တန်ဖိုးမရှိဟု သတ်မှတ်ခံရသူများကို သယ်ယူပို့ဆောင်ခြင်း၊ နှိပ်စက်ညှဉ်းပန်းခြင်းနှင့် သတ်ဖြတ်ခြင်းတို့အတွက် ရက်စက်ကြမ်းကြုတ်သည့် နည်းလမ်းများကို ကြံစည် ဖန်တီးနိုင်သည်ကို ဂုဏ်ယူခဲ့သည်။ သေဆုံးသွားသူများ၏ အလောင်းများကိုလည်း ဖျောက်ဖျက်ပစ်ခဲ့သည်။
"ဂျူးလူမျိုးများကို သုတ်သင်ရှင်းလင်းရန် အစီအစဉ်ကို စနစ်တကျနှင့် သေသေချာချာ အကောင်အထည်ဖော် နိုင်ခဲ့သောကြောင့် ဂျာမနီ စစ်ရှုံးပြီး နာဇီများ ကျဆုံးသွား ခဲ့သော်လည်း၊ နာဇီ ရည်မှန်းချက်သည် များစွာ အောင်မြင်ခဲ့ပါသည်။" ဟု ၁၉၄၅ နုရင်ဘတ် စစ်ခုံရုံး အဖွင့် လျှောက်လှဲချက် တွင် အမေရိကန် ရှေ့နေ ရော်ဘတ် အိပ်ခ်ျ ဂျက်ဆင်က ပြောဆိုခဲ့သည်။
ဥရောပတွင် ဂျူး လက်ကျန်များသည် ဂျာမဏီ နှင့် ၎င်းတို့ သိမ်းပိုက်ထားသည့် နိုင်ငံများ နှင့် ဩဇာခံ အဖြစ် ပူးပေါင်းဆောင်ရွက်သည့် နိုင်ငံများတွင် ကျန်ရှိနေဆဲ ဖြစ်သည်။ နာဇီတို့ လွှမ်းမိုးထားသည့် ဥရောပ တွင် ရှိသည့် ဂျူး ၉,၆၀၀,၀၀၀ တွင် ၆၀ ရာနှုန်းသည် အမိန့်ပေး ကွပ်မျက်ခံရ၍ သေဆုံးခဲ့ကြသည်။
ငါးသန်း ခုနှစ်သိန်းသည် ၎င်းတို့ မူလ နေရင်း အရပ်မှ ပျောက်ဆုံးသွားခဲ့သည်။ လေးသန်းခွဲသည် ပုံမှန် သေစာရင်း၊ သို့မဟုတ် ရွှေ့ပြောင်းသွားသည့် လူဝင်မှု စာရင်းများ တွင် မတွေ့ရ၊ နေရာ ရွှေ့ပြောင်းခံရသူ များ စာရင်းတွင်လည်း ပါဝင်ခြင်း မရှိပေ။
သမိုင်းတလျောက်တွင် ထိုမျှလောက် အရည်အတွက် အမြောက်အမြားကို ကျုးလွန်ခဲ့သည့် ရာဇဝတ်မှု မျိုး မရှိခဲ့၊ ယခုလို စနစ်တကျ အကွက်ချပြီး ရက်ရက်စက်စက် ကျူးလွန်ခဲ့သည် မျိုးလည်း မရှိခဲ့ပေ။
အဒေါ့ဖ် ဟစ်တလာ၏ တိုက်တွန်းမှု ဖြင့် ဟင်းဒရစ်ခ်ျ ဟင်းမလားသည် အဆိုပါ လူသတ်မှုများကို ကြံစည် ကျုးလွန်ခဲ့ခြင်း ဖြစ်သည်။
လန်ဒန် တိုင်းမ် သတင်းစာကြီးက "ဥရောပတွင် အရက်စက် အယုတ်မာ ဆုံး လူ" အဖြစ် ရည်ညွှန်း ဖေါ်ပြခဲ့သည်။
အခြားသူများကမူဟင်မလားအား "မကောင်းဆိုးဝါး ဝင်စားသူ" ဟု သမုတ်ခဲ့ကြသည်။