နှစ်ဆယ်ရာစုနှစ် အကျော်ကြားဆုံး တရားခွင်များ(5)

by Hla Soewai - Oct 13 2025

တရားခံ အကျိုးဆောင်များက မိတ်ဆွေများ၊ ဆွေမျိူးများ၊ လုပ်ဖေါ်ကိုင်ဖက်များ၏ ထွက်ဆိုချက်များကို အားပြု ချေပခဲ့ကြသည်။ တရားခံပြ သက်သေများက အခင်း ဖြစ်ပွားချိန်တွင် ၎င်းတို့နှင့် အတူ ရှိနေကြောင်း နှင့် တရားခံများ၏ ကိုယ်ကျင့် စာရိတ္တ ကောင်းမွန်ကြောင်း အစရှိသဖြင့် ထွက်ဆိုခဲ့ကြသည်။ အချို့ တရားခံများက ကိုယ်တိုင်ကိုယ်ကျ အစစ်ခံခဲ့သည်။

 

ဘတ် ဂျပ်စတစ် ဆိုသူက အခင်း ဖြစ်ပွားချိန်တွင် ၎င်းသည် အိမ်တွင် ရှိနေပြီး အိပ်ယာထဲသို့ ပင် ရောက်နေပြီဟု ဆိုသည်၊ ၎င်း၏ ထွက်ဆိုချက်ကို ဇနီး နှင့် သမီး ဖြစ်သူက ‌မှန်ကန်ကြောင်း ပြောဆိုခဲ့ကြသည်။ လူသာ ဝီလျံကမူ လူအုပ်ကြီးထဲ ရောက်‌နေကြောင်း ဝန်ခံခဲ့ပြီး ပွဲ့ကြည့်ပရိသတ် အဖြစ်သာ ရပ်ကြည့် နေခဲ့သည် ဟု ဆိုသည်။

 

ရှယ်ရစ် ဂျိုးဆက် ရှစ်ပ် အား တရားခံ အကျိုးဆောင်များက သက်သေ အဖြစ် အစစ်ခံရန် နောက်ဆုံးမှ ခေါ်ယူခဲ့သည်။ "ကျွန်တော်သည် မည်သူ တဦးတယောက် နှင့်သော်၎င်း၊ လက်ထောက် ဝန်ထမ်း များ နှင့် သော်၎င်း၊ မည်သည့်အခါကမျှ ပူးပေါင်း ကြံစည်ခဲ့ခြင်း မရှိ၊ ဂျွန်ဆင် အမှု အား ဝင်ရောက် စွက်ဖက်ရန် ကျွန်တော်ဖက်က ကြိုးစားခဲ့ခြင်းလည်း မရှိ၊ အခြားလူများ ထိုသို့ လုပ်မည်ကိုလည်း အနည်းငယ်မျှပင် သိရှိခဲ့ခြင်း မရှိ" ဟု ထွက်ဆိုသွားခဲ့သည်။

 

ဂျွန်ဆင်အား လူစုလူဝေး နှင့် ဝိုင်းဝန်းသတ်ဖြတ်နေကြပြီ ဆိုသည်ကို ကြားလျင် ကြားချင်း အကျဉ်း ထောင် ရှိရာသို့ သုတ်ခြေတင်ပြီး အပြေးကလေး လာခဲ့ကြောင်း၊ အကျဉ်းထောင်သို့ ရောက်သည့် အခါ ၎င်းအား လူများက နောက်မှနေ၍ ဝိုင်းချုပ်ခဲ့ကြ ကြောင်း၊ ဂျွန်ဆင်အား သတ်ဖြတ်‌ နေကြစဉ်တွင် ၎င်းအား မျက်ခြေမပြတ် စောင့်ကြည့် နေဖို့ အစောင့်တယောက် ချထားကြောင်း အစရှိသဖြင့် ထွက်ဆိုသွားခဲ့သည်။

 

အစိုးရ ရှေ့နေများက ပြန်လှန် မေးခွန်းထုတ်ရာတွင် ရှစ်ပ်က ထောင်သို့ ရောက်လာသော လူအုပ်ကြီးထဲမှ တဦးတလေ ကိုမျှ အမှတ်ထားမိခြင်း မရှိဟု ဆိုသည်။ ရှစ်ပ် သည် ထောင်တွင် မျက်နှာကို အဝတ်စည်းထားခြင်းလည်း မခံရပဲ မိနစ် သုံးဆယ်ခန့် ကြာအောင် ရှိနေခဲ့သူ ဖြစ်သည်။ လူအုပ်ကြီး ကို ဟန့်တားရန် အဘယ်ကြောင့် သေနတ်ကို ထုတ်မသုံးလဲ ဟူသော အမေးကို သေနတ် ဆွဲထုတ်လည်း အကျိုး ရှိလာစရာ မရှိဟု သိထားသော ကြောင့် ဟု ပြန်ဖြေသွားခဲ့သည်။

 

တရားခံ အကျိုးဆောင်များ သက်သေ ထပ်မခေါ်ပဲ ရပ်ဆိုင်းလိုက်သည်။ အမှု သည် ဝါရှင်တန်ရှိ တရားလွှတ်တော်ချုပ်သို့ ရောက်မလာမီ အထိ တနှစ်ကျော်ကျော် ကြာသွားခဲ့သည်။ တရားလွှတ်တော် ချုပ်တွင် နှစ်ဖက်စလုံး က အပြီးသတ် လျှောက်လှဲချက်များပေးခဲ့ကြသည်။ တရားလိုဖက်မှ ရှေ့နေချုပ် ချားလ် ဘိုနာပတ်က ခြောက်နာရီ ကျော် ကြာအောင် လျှောက်လှဲခဲ့သည်။ ၎င်းက "နိုင်ငံ၏ အမြင့်ဆုံး နှင့် ဩဇာ အရှိဆုံး တရားရုံးချုပ်အား အရေးထားစရာ မလိုဟု သတ်မှတ်လာလျင် တရားရေးသည် အဆုံးသတ်သွားပြီ ဖြစ်သည်" ဟု ထည့်သွင်း ပြောဆိုသွားခဲ့သည်။

 

နောက်နေ့တွင် တရားခံ အကျိုးဆောင်ဖက်က လျှောက် လှဲ ခဲ့ကြသည်။ ၎င်း၏ အမှုသယ် ရှယ်ရစ် ရှစ်ပ် သည် အခြေအနေကို သင့်တင်လျှောက်ပတ်စွာ ကိုင်တွယ်ခဲ့မှု မရှိသည်ကို ဝန်ခံခဲ့ပြီး "အခင်းဖြစ်သည့် ညက ရှယ်ရစ် ရှစ်ပ်သည် ဆုဲးဖြတ်ချက် မှန်မှန်ကန်ကန် ချနိုင်ခြင်း မရှိဘဲ ပြုမူခဲ့ကြောင်း၊ အကျဉ်း ထောင်ကို အစောင့်အရှောက်များ ချပေးထားပြီး ရောက်လာမည့် လူအုပ်ကြီး၏ ရန်မှ ကာကွယ်ထားဖို့ ဆိုသည်က လူတကာ သိနိုင်သည့် လုပ်ထုံး လုပ်နည်း သာ ဖြစ်သည်။ ဟာမွန်က "သိုပေသိကက်ပတိန် ရှစ် သည် တာဝန်ကို ထမ်း‌ ဆောင် ခဲ့သည့် အပေါ် တရားလွှတ်တော်ချုပ် အား မထီမဲ့မြင် ပြုမှု ဖြင့် အပြစ်မပေးနိုင်ကြောင်း ၊ ၎င်းအနေဖြင့် မှားမှားယွင်းယွင်း ဆုံးဖြတ်ခဲ့ခြင်းသာ ရှိသည်"၊ သို့ဖြစ်၍ ကမ္ဘာပေါ်ရှိ ဤအမြင့်ဆုံးနှင့် အကြီးမြတ်ဆုံး တရားရုံး" အား ရှစ်ပ် အား "ဤ သစ္စာရှိသော၊ ဥပဒေကို လေးစားသော၊ ဂုဏ်သရေရှိ လူကြီးလူကောင်း" အဖြစ် သတ်မှတ်ပေးရန် တိုက်တွန်းခဲ့သည်။

 

တရားလွှတ်တော်ချုပ် ၏ ဆုံးဖြတ်ချက်ကို ၁၉၀၉ မေလ တွင် ကြေညာခဲ့သည်။ တရားသူကြီးချုပ် ဖူလားက ဆုံးဖြတ်ချက်ကို ဖတ်ကြားရာတွင် "ရှယ်ရစ် ရှစ်ပ်သည် ယခု တရားရုံးတော်၏ အမိန့်ကို ပြင်ပ မှ ဝင်ရောက်စွက်ဖက်သည် ဆိုကာ မကျေမနပ် ဖြစ်ခဲ့ကြောင်း၊ သို့ဖြစ်၍ ရှစ်ပ်သည် လူအုပ်ကြီး လုပ်မည့် အလုပ်ကို လွယ်ကူအောင် ပြုလုပ်ပေးခဲ့ယုံမက ပူးပေါင်းပြီး အားပေးအားမြှောက် ပြုခဲ့ကြောင်း၊ ထို့အတွက် ရှစ်ပ်သည် တရားရုံးအား မထေမဲ့မြင် ပြုမှု ဖြင့် အပြစ်ရှိကြောင်း၊ အကျဉ်းထောင် အစောင့် ဂျယ်ရယ်မိုင်ယား ဂစ်ဘွန်၊ အခြား လူလေးဦး သည်လည်း အပြစ်ရှိကြောင်း၊ သို့သော် ကျန်တရားခံများနှင့် ပတ်သက်၍ ပြစ်မှု ကျုးလွန်‌ ကြောင်း ဆုံးဖြတ်ရန် လုံလောက်သော သက်သေ အထောက်အထား မရှိခဲ့ဟု" ပါရှိသည်။ 

 

တရားသူကြီး ဖူလား၏ ဆုံးဖြတ်ချက် အား တရားသူကြီး ဟုမ်း၊ တရားသူကြီး ဟာလန်း၊ တရားသူကြီး ဘရူးယာ၊ တရားသူကြီး ဒေး တို့က ထောက်ခံခဲ့ပြီး၊ တရားသူကြီး တဦးက ကြားနေခဲ့ပြီး၊ ကျန် သုံးဦးက တရားခံ အားလုံးအား လွှတ်ပေးရန် သဘောတူခဲ့သည်။

 

၁၉၀၉ ၊ နိုဝင်ဘာ ၁၅ ရက်နေ့တွင် တရားလွှတ်တော်ချုပ် တရားသူကြီး ကိုးဦး ရှေ့မှောက်တွင် ရှယ်ရစ် ရှစ်ပ် နှင့် ကျန် တရားခံများ ငြိမ်သက်စွာ မတ်တတ်ရပ်ရင်း စီရင်ချက်ချမည့် ပြစ်ဒဏ်ကို နာခံလျက် ရှိသည်။

 

တရားသူကြီးချုပ် ဖူလားက စီရင်ချက်ကို ယခုလို ဖတ်ကြားသွားခဲ့သည်။

 

"ရုံးတော် ရှေ့ ရောက်ရှိ‌ နေကြသော ရှယ်ရစ် ဂျိုးစက် ရှစ်ပ်၊ ဂျယ်ရယ်မိုင်ယား ဂစ်ဘွန်၊ လူသာ ဝီလျံ၊ နစ်ခ် နိုလန်၊ ဟင်နရီ ပက်ဂက်၊ ဝီလျံ မေ့စ် တို့ အားလုံးသည် ရုံးတော်၏ အမိန့်ကို မထီမဲ့မြင် ဖေါက်ဖျက် ခဲ့မှု အတွက် အပြစ်ရှိသည်။

 

ထို့အတွက် ရှယ်ရစ် ရှစ်ပ်၊ လူသာ ဝီလျံ၊ နစ်ခ် နိုလန် တို့အား ရက်ပေါင်း ကိုးဆယ်တိတိ ထောင်ဒဏ်ကျခံစေရန်၊ ဂျယ်ရယ်မိုင်ယား ဂစ်ဘွန်၊ ဟင်နရီ ပက်ဂက် နှင့် ဝီလျံ မေ့စ်တို့အား ရက်ပေါင်း ၆၀ တိတိ ထောင်ဒဏ် ကျခံစေရန် နှင့် ပြစ်ဒဏ်များကို ကိုလံဘီယာ ခရိုင်၊ အမေရိကန် ပြည်ထောင်စု အကျဉ်းထောင်တွင် ကျခံရမည်ဟု စီရင်ချက် ချမှတ်လိုက်သည်။

 

တရားခွင် အား ရပ်နားလိုက်သည်။"

 

အတ္တလန်တစ် အင်ဒီပင်းဒင့် သတင်းစာက ရေးသားရာတွင် နိုရာ ပါဒင်းသည် တရားရုံး၏ ဆုံးဖြတ်ချက်ကို ယခုလို ပြောဆိုချီးကြူးခဲ့သည်ဟု ဖေါ်ပြထားသည်။

"ဤနိုင်ငံကို တည်ထောင်ခဲ့သည့်၊ ထို့ပြင် ဤနိုင်ငံ၏ အနာဂတ်တည်မှီရာဖြစ်သည့် ဥပဒေ၏ အစိုးရ မှု ကို ကျွန်ုပ်တို့၏ အမြင့်ဆုံးတရားရုံးချုပ်၏ စွမ်းအားဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး ဖြစ်သည်"၊ ယခုအခါ လူစုလူဝေး ဖြင့် နှိပ်စက် သတ်ဖြတ်လိုသူ များ မကျုးလွန်မီ အကြိမ်ကြိမ် စဉ်းစား ရဖို့ ဖြစ်လာသည်။

 

ရှစ်ပ် ၏ စီရင်ချက် အပြီးတွင် တောင်ပိုင်းတွင် လူမည်းများအား လူဖြူ များ အုပ်စု ဖွဲ့၍ အနိုင်ကျင့် သတ်ဖြတ်မှုသည် ငါးနှစ်ခန့် ကြာအောင် လျော့နည်း ကျဆင်းလာခဲ့သည်။ သို့သော် ၁၉၁၉ တွင် လူမည်းများ ယခင်ကထက် ပင် ပို၍ သတ်ဖြတ်ခံလာရသည်။

 

ဂျွန်ဆင် သေဆုံးသွားမှုကြောင့် ၎င်း၏ အမှု အတွက် သက်သေပြချက်များ မဆီ‌ လျှော်တော်သလို ဖြစ်သွားခဲ့ရသည့် အတွက် အမြင့်ဆုံး တရားရုံး၏ သမိုင်းတွင်မည့် ဆုံးဖြတ်ချက် ဖြစ်လာနိုင်ဖွယ် ရှိသည့် အလားအလာ သည် အချည်းနှီး ဖြစ်သွားခဲ့ရသည်။ သို့သော် နိုရာ ပါဒင်း နှင့် စတိုင်း ဟပ်ချင်း တို့ အယူခံတွင် တင်ပြ လျှောက်လှဲ ချက်များသည် ယခုအခါ နိုင်ငံ ၏ ဥပဒေ တရပ် ဖြစ်လုနီးနီး အဆင့် ရောက်ခဲ့သည်။

 

ရှယ်ရစ် ရှစ်ပ်သည် ရာဇဝတ်မှု မြောက်သော မထေမဲ့မြင့် ပြုမှု ဖြင့် သုံးလ ကြာ အပြစ်ဒဏ် ကျခံပြီး နောက် ချာတာနူဂါ သို့ ပြန်လာရာ မြို့နေ လူထုက ၎င်းအား သူရဲကောင်း အလား ဆီးကြိုခဲ့ကြသည်။ ရထား ပေါ် မှ အဆင်း လူထု တသောင်းကျော်က "Dixie" သီချင်းကို သီဆို ခဲ့ကြသည်။ (Dixie သည် အမေရိကန် ပြည်တွင်းစစ်ကာလက တောင်ပိုင်း၏ နိုင်ငံတော်သီချင်းနီးပါး ဖြစ်ခဲ့သောကြောင့် တိုက်ပွဲဝင်ရာတွင် "Dixie" သီချင်းကို သီဆိုလေ့ရှိသည်။) ရှစ်ပ်က သူ၏ ဦးထုတ်ကို ပင့်ကာ ဘယ်ညာ ဦးညွှတ် ပြခဲ့သည်။

 

နိုရာ ပါဒင်း နှင့် စတိုင်းလ် ဟပ်ချင် တို့က ချာတာနူဂါ သို့ မည်သည့် အခါမျှ ခြေဦး မလှည့်ခဲ့ကြတော့ပေ။ မြောက်ပိုင်း ပြည်နယ်များ တွင်သာ လှည့်လည်၍ ၎င်းတို့ အမှု အကြောင်း သင်ကြားပို့ချ ခဲ့ကြပြီးနောက် အိုကလာဟိုမား ဖက်တွင် အခြေချ ခဲ့ကြသည်။ ၎င်းတို့ နှစ်ဦးစလုံး ဥပဒေ အကျိုးဆောင် အလုပ်ကိုလည်း အပြီးအပိုင် စွန့်လွှတ်လိုက်ကြသည်။

 

ရှစ်ပ်၏ အမှု အကြောင်း စာအုပ် ရေးသားပြုစုခဲ့ကြသည့် မတ်ခ် ကူရီဒင်း နှင့် လီရွိုင်း ဖီလစ် တို့ နှစ်ဦးက ထို ပုဂ္ဂိုလ်ကြီး နှစ်ဦး ၏ သတ္တိအား ဂုဏ်ပြု စိုက်ထူခဲ့သည့် အထိမ်းအမှတ် ဟူ၍ မရှိသည်ကို ထောက်ပြခဲ့ကြပြီး သမိုင်းက ၎င်းတို့ နှစ်ဦးကို မေ့လျော့သွားခဲ့ကြပြီ ဖြစ်သည်ဟု ဆိုသည်။ သူတို့ နှစ်ဦး သည်သာ ထိုက်ထိုက်တန်တန် ဂုဏ်ပြုသင့်သည့် သူရဲကောင်းများ ဖြစ်သည်ဟု ရေးသားခဲ့ကြသည်။

 

ဤသည်ကို မည်သူ သဘောကွဲလွဲစရာ ရှိနိုင်ပေမည်နည်း။