ဂေါ်ကီ ၏ အမေ(32)

by Hla Soewai - Oct 13 2025

အခန်း (၈)

 

ဗလာဆော့ဗ် ၏ ညို့ညို့မှိုင်းမှိုင်း အိမ်အိုလေးအား တရွာလုံးက ယခင်ကထက် ပို၍ သတိထားမိလာကြသည်။ ထိုသို့ ဖြစ်လာရသည်မှာလည်း သံသယ ဖြစ်စရာ များ တွေ့လာရသည် နှင့် မသိစိတ်တွင် မနှစ်မြို့စရာ အဖြစ် ရန်လိုလာကြခြင်း ကြောင့် ဖြစ်သည်။

 

တချိန်တည်း မှာ ပင် သူတို့ အချင်းချင်းကြားလည်း နှစ်ကိုယ်ကြား လက်တို့ပြီး စပ်စုလာကြသည်။ မကြာခဏ ဆိုသလိုလည်း တယောက်မဟုတ် တယောက် ရောက်လာပြီး ပါဗယ်ကို အကဲခတ်သလို စေ့စေ့စပ်စပ် ကြည့်ပြီး ယခုလို ပြောလာတတ်သည်။ "ဘရားသား က စာအုပ်‌ ‌တွေ ဖတ်နေတာကိုး၊ ဥပဒေ တွေ ဘာတွေ သိရင်လည်း ရှင်းပြဦး"

 

အချို့က ပုလိပ်များ နှင့် စက်ရုံ ရှိ အုပ်ချုပ်ရေး အဖွဲ့၏ မတရားမှု များကို ရင်ဖွင့်လာသည်။ ပါ‌ဗယ်က သူ ရှင်းပြ၍ မရသည့် ကိစ္စမျိုး များတွင် မြို့ရှိ သူ၏ မိတ်‌ ‌ဆွေ ရှေ့နေထံ စာရေးပေးပြီး သွားတွေ့ခိုင်းတတ်သည်။ ရှင်းပြ၍ ရနိုင်သည့် အခါမျိုး တွင် သူကိုယ်တိုင် နားလည်အောင် ပြောပြတတ်သည်။

 

တဖြေးဖြေး နှင့် လူများသည် လေးနက် တည်ကြည်သော လူငယ်လေးအား လေးစားသမှု ရှိလာကြသည်။ ထိုလူငယ်လေးသည် မည်သည့် အခါမျှ ရီမောခြင်း မျိုး မ‌တွေ့ရဘဲ အရာရာ တိုင်းကို ရိုးရိုးရှင်းရှင်း နှင့် ရဲရဲဝန့်ဝန့် ပြောတတ်သည်။ လူတိုင်း ပြောသမျှ ကို ဂရုတစိုက် နှင့် နားထောင်တတ်ပြီး ပြဿနာ၏ အရင်းအမြစ် ကို မရမက စူးစမ်း ရှာဖွေ တတ်သည်။ ထိုသို့ ရှာဖွေခဲ့ခြင်းကြောင့်လည်း လူများအား ကြိုးထုံးပေါင်း တထောင် ဖြင့် တင်းကျပ်စွာ ချည်နှောင်ထားသည့် သက်ဆိုင်သော ကြိုးတချောင်းကို အမြဲလို တွေ့ရှိခဲ့စမြဲလည်း ဖြစ်သည်။

 

ဗလာဆော့ဗ်သည် သားဖြစ်သူ လူကြီးအရာ ရောက်လာပြီကို မြင်လာရ၍ သူလုပ်နေသည်များကို နားလည်အောင် ကြိုးစားလာခဲ့သည်။ နားလည်လာသည့် အခါ ကလေးငယ် တဦး အလား အူမြူးမိသည်။

 

နောက်ပိုင်းတွင် ပါဗယ်သည် "ရွှံ့‌တောထဲက ပင်နီ" ဆိုသော ဇာတ်လမ်း ဖြင့် လူများအကြား တဟုန်ထိုး လေးစားခြင်း ခံလာရသည်။

 

စက်ရုံ ၏ အနောက်ဖက်အား လက်စွပ်သဖွယ် ဝန်းရံထားသည့် ဗွက်တော ကြီး ရှိ‌ နေသည်၊ ထိုဗွက်တောကြီးသည် အနံ့ဆိုးများ ထွက်‌နေပြီး ပုတ်သိုးဆွေးမြေ့နေသော တမျှော်တခေါ် ကြီး ရှည်လျားစွာ ရှိနေသည်။

 

နွေရာသီ တွင် ရွှံနွံများသည် ထူထဲသော အစိမ်းရောင်၊ အဝါရောင် အဖတ်များ အဖြစ် ကူးပြောင်းသွားပြီး ခြင်များ ပေါက်ဖွားကာ ရွာဖက်ဆီသို့ နယ်ချဲ့လာကြသဖြင့် ရောဂါဘယ များ ဖြစ်ပွားလာသည်။ ထို ရွှံ့တောကြီးသည် စက်ရုံပိုင် နယ်နမိတ် အတွင်း တွင် ရှိ‌နေသည်။ အသစ်ရောက်လာသော မန်နေဂျာသည် ထိုရွှံ့‌တောကြီးမှ အကျိူးအမြတ် တစုံတရာ ရအောင် လုပ်ချင်လာ၍ ရေများ စုတ်ထုတ်ပြီး မြေဆွေးများ ရနိုင်မည် ‌ဆိုက အသုံးတည့်လို တည့်ငြ စုဆောင်းထားရန် ကြံစည်လာသည်။

 

သို့သော် ကုန်ကျမည့်ငွေကိုတော့ စက်ရုံမှ စိုက်ထုတ်မည်တော့ မဟုတ်၊ ၎င်း၏ အစီအစဉ် ကြောင့် အနီးအနား ရှိ လူနေဒေသများ အတွက် ကျန်းမာရေး အားဖြင့် မည်မျှ အကျိုး ရှိမည် ‌ဆိုသည်ကို အလုပ်သမား များ အား ရှင်းပြပြီး ၎င်းတို့ လစာငွေထဲမှ တရူဘဲ ရလျင် တပြားနှုန်း ဖြတ်တောက်ရန် အမိန့်ပေးလာခဲ့သည်။

 

အလုပ်သမား များက မခံမရပ်နိုင် ဖြစ်လာပြီး ဆန့်ကျင် ကန့်ကွက် ပြောဆိုလာကြသည်။ အထူးသဖြင့် ရုံးစာရေး ဝန်ထမ်းများ၏ လစာငွေ မှ မဖြတ်တောက် ဟူသည် ကို သိလာကြ၍ ဒေါသ အမျက်ချောင်းချောင်း ထွက်လာကြခြင်းလည်း ဖြစ်သည်။

 

မန်နေဂျာ ၏ အမိန့်စာကို ကြော်ငြာ သင်ပုန်း တွင် ကပ်သည့်နေ့ စနေနေ့တွင် ပါဗယ်သည် နေထိုင်မကောင်း၍ အလုပ်မဆင်းဖြစ်၊ အလုပ်ထဲတွင် ဘာတွေ ဖြစ်နေသည်ကို မသိလိုက်၊ နောက်တရက် ဝတ်ပြု ဆုတောင်းပွဲ အပြီး လူကောင် ခပ်သေးသေး အသက်ကြီးကြီး သံရည်ကြို သမား ဆီဇော့ဗ်၊ ခပ်ဆိုးဆိုး မျက်နှာပေါက် နှင့် သော့ပြင်သမား မာကော့တင် တို့ ပါဗယ် ဆီ ရောက်လာပြီး မနေ့က သိခဲ့ရသည့် မန် နေဂျာ၏ အမိန့် အကြောင်း ပြောပြခဲ့သည်။

 

"ငါတို့လို အသက်ကြီးကြီး ပိုင်းတွေ စုပြီး ပြောကြမှ ဖြစ်မယ်" ဟု ဆီဇော့ဗ်က လေးလေးတွဲ့တွဲ့ ပြောလာသည်။ "ကျုပ်တို့ လုပ်ဖေါ်ကိုင်ဖက် ရောင်းရင်းတွေကလည်း မောင်ရင် နဲ့ သွားတွေ့ပါဆိုလို ရောက်လာရသာပ၊ မောင်ရင်က ကျုပ်တို့ထဲမှာ နှံ့စပ်တဲ့ လူ ဆိုတော့ကာ၊ ကျုပ်တို့ သိချင်တာက ကျုပ်တို့ဆီက ခြူးပြားတွေ နှိုက်ထုတ်ပြီး မန်နေဂျာက ခြင်တွေ အပေါ် စစ်ပွဲ ဆင်နွှဲလို့ရတဲ့ ဥပဒေမျိုး ရှိသလား ဆိုတာပဲ"

 

မာကော့တင်၏ ကျဉ်းမြောင်းသော မျက်လုံး အစုံသည် အရောင်လက်လာပြီး "စဉ်းစား ကြည့်လေ၊ ပြီးခဲ့တဲ့ သုံး နှစ်ကလည်း ဒီကလိန်ကကျစ် ကောင်တွေပဲ ရေချိုးခန်း ဆောက်ဖို့ဆိုပြီး အခွန်ကောက်ကြသေးတယ် မဟုတ်လား၊ ရူဘဲလ် သုံးထောင့် ရှစ်ရာတောင် ရသွားကြတယ်လေ၊ အဲ့တာ‌ တွေ ဘယ်ရောက်ကုန်ပြီလဲ၊ ပြီးတော့ ဘယ်မှာလဲ ရေချိုးခန်း ဆိုတာ"

 

ပါဗယ်က ထိုသို့ ကောက်ယူမှု သည် တရားမျှတမှု မရှိကြောင်း နှင့် ထိုလုပ်ရပ်သည် စက်ရုံ ပိုင်ရှင်များ အကျိုးရှိရာ ရှိကြောင်း ဖြစ်လာသည်ဟု ရှင်းပြခဲ့သည်။ သူ့ဆီ လာသည့် လူ နှစ်‌ယောက်စလုံးလည်း မက်ျေနပ် နှင့် ပြန်သွားကြသည်။။

 

ဧည့်သည်များအား တံခါးဝ အထိ လိုက်ပို့ပြီး ပြန်လှည့်လာရင်း အ‌မေက ရယ်ရယ်‌မောမော ဖြင့် "အဖိုးကြီးတွေတောင် သားဆီက အကြံဉာဏ် တွေ လာပြီး ဆည်းပူး နေရပါလားကွဲ့"

 

ပါဗယ်က ဘာမှ ပြန်မပြောဘဲ အလုပ်များနေပုံ ဖြင့် စားပွဲတွင် ထိုင်လိုက်ပြီး တခုခု ကို ရေးခြစ်နေသည်။ တအောင့်လောက် အကြာတွင် 'အမေ ကျေးဇူးပြုပြီး မြို့ကို အခုချက်ခြင်းသွားပြီး ဒီ စာ ကို ပေး ပေးပါလား"

 

"အန္တရာယ်များ ရှိနေမလား ကွယ်"

 

"ရှိတယ် အမေ၊ အဲ့ဒီမှာ ကျွန်တော်တို့ သတင်းစာ တစောင် ထုတ်နေတယ်၊ အခု "ရွှံတောထဲက ပင်နီစေ့" ဆိုတာ နောက်ထုတ်မယ့် သတင်းစာမှာ ပါမှ ဖြစ်မှာမို့"

 

"အဲ့တာ ဆိုလည်း အမေ အခုပဲ သွားလိုက်မယ်" ဟု ဆိုကာ တဘက်စောင်ကို ပတ်ပြီး ထ ထွက်သွားသည်။