ကျွနုပ်တို့ ရှိ စိတ်ခံစားမှု ခလုတ်များကို နှိပ်နိုင်စွမ်း ရှိသည့် ဇီဝ ဒရာမာများ၏ စာရင်းတွင် ဂန္တဝင် မြောက် ဖြစ်ခဲ့သည့် 'ဘယ်သူက ခေါင်းဆောင်ဖြစ်မလဲ'၊ 'သူတို့နဲ့ ငါတို့'၊ နဲ့ 'ကောင်းခြင်းနဲ့ ဆိုးခြင်း' လိုမျိုး အကြောင်းအရာများလည်း ပါဝင်နေသည်။
ယင်းတို့ကို ရာမယာန တွင် အထင်အရှား တွေ့မြင်နိုင်သည်။ ထိုကဲ့သို့ အကြောင်းခြင်းရာများက မြေခွေး အုပ်များ၊ ချင်ပန်ဇီများ နှင့် လူ့အစည်းအရုံးများ တွင်လည်း ရှိနေခဲ့ပြီး ဖြစ်သည်။ ထို ဇီဝ ဒရာမာ များသည် လူသားအားလုံး၏ အနုပညာ နှင့် ဒဏ္ဍာရီ ဇတ်ကြောင်းများ အတွက် ကျောရိုး များ ဖြစ်တည်လာကြသည်။
သို့သော် အနုပညာ သည် ဇီဝ ဒရာမာများ အပေါ် မှီတည်နေရ၍ အနုပညာရှင် များ အနေဖြင့် ဗျူရိုကရေစီ ယန္တရား အကြောင်း ရှင်းပြဖို့ အတော် အခက်အခဲတွေ့လာရသည်။ ရာမယာန ဇာတ်တော်သည် ရှေးဟောင်း လယ်ယာစိုက်ပျိုးရေး လူ့အစည်းအရုံးကြီးထဲမှ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။ ထိုဇာတ်တော်ကြီးထဲတွင် အိမ်မြေယာ ပိုင်ဆိုင်မှုများ မှတ်ပုံတင်မှု၊ အခွန်ကောက်ခံမှု၊ အမျိုးအစား အလိုက် မှတ်တမ်းပြု သိမ်းဆည်းထားမှု၊ စစ်ပွဲများအား မည်သို့ မည်ပုံ ရံပုံငွေ ပံ့ပိုးပေးခဲ့မှုများ အပေါ် စိတ်ဝင်စားမှု အနည်းငယ် မျှသာ ပြခဲ့သည်ကို တွေ့လာခဲ့ရသည်။ တမိပေါက် တအူတုံ ဆင်းများ အကြား အားပြိုင်မှု၊ သုံးပွင့် ဆိုင် အချစ်ဇာတ်လမ်းများသည် ထိုကဲ့သို့ ဘဝမျိုး မရှိသည့် မှတ်တမ်းမှတ်ရာ များ ရွေ့လျား ပြောင်းလဲနိုင်မှု အတွက် လမ်းပြကောင်း ဖြစ်မလာခဲ့ပေ။
ဖရန့် ကာဖကာ ကဲ့သို့ ဇာတ်ကြောင်း ပြောသူများသည် လူသားများ၏ ဘဝ များအား အစိုးရ ယန္တရား ဖြစ်သည့် ဗျူရိုကရေစီ၏ ထူးဆန်းသည့်နည်းများဖြင့် ပုံဖေါ် ခံခဲ့ရမှု များ အပေါ် အာရုံစိုက်ပြီး ဇီဝဗေဒ နှင့် မသက်ဆိုင်သည့် ဇာတ်လမ်းများ အား စမ်းသပ် ဖန်တီးလာကြသည်။
ကာဖကာ ၏ Trial (တရားခွင်) ဆိုသည့် ဇာတ်လမ်းတွင် ဘဏ်စာရေး K ဆိုသူသည် မည်သည့် အကြောင်း မှန်း မသိရသော ပြစ်မှု အတွက် အမည်မဖေါ်လိုသော လျို့ဝှက် အေဂျင်စီ အရာရှိများ၏ ဖမ်းဆီးခြင်း ခံခဲ့ရသည်။ ၎င်း၏ အမှု အတွက် အတတ်နိုင်ဆုံး ကြိုးစားကာကွယ် ခဲ့သော်လည်း ဘာတွေ ဖြစ်နေသည် ဆိုသည်နှင့် ၎င်း၏ ဘဝကို ရိုက်ချိုး ဖျက်ဆီးနေကြသည့် အေဂျင်စီ ၏ ရည်ရွယ်ရင်းကိုလည်း နားမလည်နိုင် ဖြစ်နေသည်။
တခါတရံ ယင်းဇာတ်လမ်းကို စကြာဝဠာထဲက လူသားအခြေအနေနှင့် ဘုရားသခင်ကို နားမလည်နိုင်မှုတို့ကို ရည်ညွှန်းသည့် ဖြစ်တည်မှုဆိုင်ရာသို့မဟုတ် ဓမ္မပညာဆိုင်ရာ အကိုးအကားအဖြစ် ယူဆကြ သော်လည်း၊ ပိုပြီး ရိုးရှင်းတဲ့အဆင့်တွင်တော့ ၎င်းဇာတ်လမ်းအား အစိုးရယန္တရား (ဗျူရိုကရေစီ) ၏ ကြောက်မက်ဖွယ်ကောင်းသည့် သဘောသဘာဝကို မီးမောင်းထိုးပြခြင်း ဖြစ်သည်ဟု ဆိုသည်။ အာမခံရှေ့နေတစ်ဦး ဖြစ်သော Kafka သည် ထိုအကြောင်းများကို ကောင်းစွာ သိရှိနားလည်ခဲ့သူ ဖြစ်သည်။
ဗျူရိုကရေစီ လူ့အဖွဲ့အစည်း များတွင် သာမန် လူတန်းစားများသည် ၎င်းတို့ နားလည် နိုင်စွမ်း မရှိ သော အကြောင်းရင်းများ ဖြင့် လက်လှမ်း မမှီနိုင်သော အစိုးရ ဌာနများ ရှိ အမျိုးအမည် မသိသော အရာရှိများ၏ ဒုက္ခပေးခြင်းကို မကြာခဏ ဆိုသလို ခံရတတ်သည်။
တဖက်တွင်တော့ ရာမယာန မှသည် စပိုက်ဒါမင်း အထိ ဇာတ်လမ်းများတွင် သားကောင်ရှာ အနိုင်အထက် ပြုနေသူများ၊ အချစ် ဗီလိန်များ နှင့် ရင်ဆိုင်ရသော သူရဲကောင်းများ အကြောင်း ဇီဝ ဒရာမ များ အဖြစ် အသက်သွင်းထားသော်လည်း ကာဖကာ ၏ ဇာတ်ကောင်သည် ၎င်းမည်သို့မျှ စဉ်းစားတွေးခေါ်၍ မရသည့် ခြိမ်းခြောက် မှု မျိုး နှင့် ရင်ဆိုင်ရသည့် အဖြစ်က တမူထူးခြားပြီး ကြောက်မက်ဖွယ် ကောင်းနေသည်။
ဆင့်ကဲ ပြောင်းလဲမှု ဖြစ်စဉ်သည် ကျွနူပ်တို့အားကျားမြင်လျင် ကြောက်စိတ်ပေါ်လာအောင် ပြုလုပ်ပေးထားသော်လည်း မှတ်တမ်းမှတ်ရာများ ကြောင့် အသက် အန္တရာယ် ရှ်ိသည်ဟု သိနားလည် နိုင်ဖို့က လွန်စွာ ခက်ခဲနေပေသည်။
အချို့သော ဗျူရိုကရေစီကို ပုံဖော်ခဲ့မှု များက သရော်လှောင်ပြောင်မှု ဖြစ်လာသည်။ ၁၉၆၂ တွင် ထင်ရှား ကျော်ကြားခဲ့သော ဂျိုးစက် ကယ်လား၏ Catch-22 ဝတ္ထု တွင် စစ်ပွဲ တွင် ဗျူရိုကရေစီသည် အဓိက ကျသော အခန်းမှ ပါဝင်ခဲ့သည်ကို သရုပ်ဖော်ထားသည်။
စာပေးစာယူ အခန်းထဲရှိ တပ်သားဟောင်း ဖြစ်သူ ဝင်တားဂရင်းသည် မည်သို့သော စာကို မည်သူထံ ပို့ရမည်ကို ဆုံးဖြတ်ရသူ ဖြစ်၍ ဗိုလ်ချုပ်ကြီး တဦးထက်ပင် အာဏာပါဝါ ရှိသူ ဖြစ်နေသည်။
၁၉၈၀ ကျော် ကာလများက ထုတ်လွှင့်ခဲ့သော ဗြိတိသျှ Sitcom ခေါ် အခြေအနေ တခု ဖန်တီးပြီး ဟာသ မြောက်အောင် တင်ဆက်သော ရုပ်သံ ဇာတ်လမ်းတွဲ များထဲမှ Yes Minister နှင့် Yes Prime Minister တို့မှ အစိုးရ အရာရှိများသည် လျို့ဝှက် ဆန်းကြယ်သော စည်းမျဉ်း စည်းကမ်းများ၊ မထင်မရှား ဆပ်ကော်မတီများ၊ စာရွက်စာတမ်း တထပ်ကြီးကို သုံး၍ ၎င်းတို့၏ နိုင်ငံရေး ဆရာသမားများကို ထိန်းချုပ် ကြိုးကိုင် ခဲ့ကြပုံ များကို သရုပ်ဖော်ထားခြင်း ဖြစ်သည်။
မိုက်ကယ် လူးဝစ်၏ စာအုပ်ကို အခြေခံ ထားသည့် ၂၀၁၅ တွင် ထွက်ရှိသော The Big Short ဟာသ ရုပ်ရှင်သည် ၂၀၀၇-၀၈ တွင် ဖြစ်ပွားခဲ့သော ဘဏ္ဍာရေး အကျပ်အတည်း ကြီး၏ ဗျူရိုကရေစီ ဇစ်မြစ်ကို တူးဆွထားသည်။ ထိုရုပ်ရှင် တွင် အဓိက ဗီလိန် ခန်းမှ ပါရသူ များသည် လူသားများ မဟုတ်ကြဘဲ အခြား မည်သူ တဦးတယောက်မှ နားမလည် နိုင်သည့် ရင်းနှီး မြုပ်နှံပိုင်း အကျိုးဆောင် ပေးနေသော ဘဏ် လုပ်ငန်းရှင်များ တီထွင်ထားသည့် "အပေါင်ခံထားသော ကြွေးမြီ ဆိုင်ရာ တာဝန် ဝတ္တရားများ" ဖြစ်နေသည်။ ထို ဗျူရိုကရက် ဂေါ်ဇီလာကြီး များသည် ငွေချေးငှားထားကြသူ များ၏ အချက်အလက်များ စုစည်းထားသော ဖိုင်တွဲ များ ကြားတွင် အိပ်မော ကျ နေကြရာမှ ၂၀၀၇ တွင် ရုတ်ခြည်း နိုးထလာကြပြီး ဘဏ္ဍာရေး အကျပ် အတည်း ကြီးများ ဖြစ်အောင် လှုံ့ဆော်လာကြသဖြင့် ဘီလီယံ နှင့် ချီသော လူများ၏ ဘဝ သည် ဇောက်ထိုးမိုးမျှော် ဖြစ်ခဲ့ကြပေတော့သည်။