အင်္ဂလိပ်-မြန်မာ စစ်ပွဲများ (၁၈၂၄-၁၈၈၆)(1)

by Hla Soewai - Nov 10 2025

#အင်္ဂလိပ်-မြန်မာ စစ်ပွဲများ (၁၈၂၄-၁၈၈၆)

********************

 

၁၈၂၄ မှ သည် ၁၈၈၅ အထိ နှစ်ပေါင်း ၆၀ အတွင်း အင်္ဂလိပ်-မြန်မာ စစ်ပွဲကြီး သုံးကြိမ်တိုင်တိုင် ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။

 

ပထမ စစ်ပွဲ သည် အပြင်းထန်ဆုံး နှင့် အရှည်ကြာဆုံး ဖြစ်သည်ဟု ဗြိတိသျှ နှင့် အိန္ဒိယ သမိုင်း ပညာရှင်များက တညီတညွတ်တည်း မှတ်ချက်ချခဲ့ကြသည်။ ဒုတိယ စစ်ပွဲကိုကား ဗြိတိသျှ တို့ဖက်မှ စစ်သင်္ဘောပြ ဒစ်ပလိုမေစီ ကြောင့် ဖြစ်ပွားခဲ့ရခြင်း ဖြစ်သည်ဟု ဝေဖန်ခဲ့ကြသည်။ တတိယ စစ်ပွဲအပြီး တွင် တော့ မြန်မာတို့၏ ကုန်းဘောင်မင်းဆက်ကို အပြီး အပိုင် ဖယ်ရှားပြီး ဗြိတိသျှ တို့၏ အိန္ဒိယ ကိုလိုနီ တစိတ်တပိုင်း အဖြစ် သွတ်သွင်းခံခဲ့ရသည်။

 

ထိုစစ်ပွဲ များသည် နှစ်ဖက်စလုံးတွင် စစ်ရေး ဆိုင်ရာ အမှားများ၊ အရည်အချင်း မပြည့်မီမှု များ နှင့် ပြည့်နှက်နေခဲ့သည်။

 

တင်းမာမှုများ မည်သို့မည်ပုံ အစပျိုးခဲ့သနည်း၊ တိုက်ပွဲများ အဘယ်ပုံ စတင် ဖြစ်ပွားလာခဲ့ရသနည်း။ မြန်မာတပ်များသည် ၎င်းတို့ထက် အဆမတန် အင်အားကြီးသော ဗြိတိသျှ တပ်များကို အဘယ်ကြောင့် ကာလကြာမြင့်စွာ ခုခံနိုင်ခဲ့သနည်း။

 

ထိုသို့ အငြင်းပွားဖွယ် ပေါ်ပေါက်ခဲ့ရသော စစ်ပွဲသည် ဗြိတိသျှ တို့ အတွက် မည်သို့မည်ပုံ သက်ရောက်မှု ရှိလာခဲ့ရသနည်း။

 

စစ်သမိုင်း ပညာရှင် George Bruce သည် ၎င်း၏ The Burma wars စာအုပ်ဖြင့် အဆိုပါ မေးခွန်းများကို ဖြေဆိုထားသည့် အပြင် တိုက်ပွဲများကိုလည်း အသေးစိတ် ပုံဖေါ်ရေးသားထားသည်။ ခက်ခဲသော အခြေအနေများ အတွင်း နှစ်ဖက်စလုံး မှ ဇွဲသတ္တိရှိရှိဖြင့် တိုက်ခိုက်ခဲ့ကြပုံများကို မီးမောင်းထိုးပြထားခဲ့ပြန်သည်။

 

၁၉၇၃ တွင် ထုတ်ဝေခဲ့‌ သော အဆိုပါ စာအုပ်အားလန်ဒန် ထုတ် တိုင်းမ် သတင်းစာကြီးမှ သမိုင်းဆိုင်ရာ အသေးစိတ် အချက်အလက်များကို မျက်စိရှင်ရှင် နားရှင်ရှင်ထား၍ ကောင်းစွာ သုတေသန ပြု ရေးသားထားသော စာအုပ် ဖြစ်သည်ဟု မှတ်ချက်ချခဲ့သည်။

 

ထိုသို့ မှတ်ချက်ချခံအောင်လည်း စာရေးသူသည် လန်ဒန်ရှိ ဗြိတိသျှ စာကြည့်တိုက်ကြီး တွင် India Office Records (IOR) အဖြစ် ထိန်းသိမ်းထားသော ၁၆၀၀ ပြည့်နှစ်မှ ၁၉၄၇ ခုနှစ်အတွင်း အိန္ဒိယကို စီမံအုပ်ချုပ်ခဲ့သော တရားဝင် မှတ်တမ်းမှတ်ရာများကို ဗြိတိသျှ နိုင်ငံခြားရေး နှင့် ဓနသဟာယ ဝန်ကြီး၏ ခွင့်ပြုချက် ဖြင့် ‌ဖတ်ရှုလေ့လာခဲ့သည်။ ထို့အပြင် အင်္ဂလိပ်-မြန်မာ စစ်ပွဲ များ နှင့် ပတ်သက်၍ ဗြိတိသျှ ပါလီမန်သို့ တင်ပြခဲ့သော စာရွက်စာတမ်းများကိုပါ ကိုးကားပြုစုထားခြင်း ဖြစ်၍ ဝါဒ ဖြန့်ချီမှု ကင်းသော သမိုင်း မှတ်တမ်း များ အဖြစ် ထွက်ပေါ်လာခဲ့သည်။

 

”******************

 

 

အခန်း (၁)

 

#မည်သူကစစ်ကိုလိုလားနေသနည်း

 

၁၈၂၄ ခုနှစ်၊ ဇန်နဝါရီလ အစောပိုင်း နံနက်ခင်းတစ်ခုတွင် အင်းဝ ရွှေမြို့တော်ရှိ ဘကြီးတော် မင်းတရားကြီး ၏ ညီလာခံ ခမ်းမထဲသို့ သို့ မင်းညီမင်းသား မူးမတ် ဗိုလ်ပါများ တစုံတခု ထူးခြားတော့မည် ဟူသော အတွေးဖြင့် စိတ်အားထက်သန်စွာ စုဝေးရောက်ရှိနေကြသည်။

 

ရွှေရောင်သစ်ဆေးသုတ် ကျွန်းလုံး တိုင်ကြီး ဆယ်တန်းသည် ခမ်းမ၏ အနီရောင် တောက်တောက် လှေကားထစ် ပုံ အမိုး ပြဿဒ် ခုနှစ်ဆင့်ကို ထမ်းမထားသည်။ ဝန်ကြီး ဝန်ကလေး များ၊ စစ်ကဲကြီးများနှင့် အမတ်များသည် ရွှေခြည်ထိုး ပန်းပွင့်များ ရက်ထားသော အဖြူရောင်၊ အချို့က အနီရောင် ပိုးသားရှည် ဝတ်ရုံများကို ဝတ်ဆင်လျက်၊ ဓလေ့ထုံးတမ်းအရ ၎င်းတို့၏ ဖိနပ်မပါသည့် ခြေအစုံကို ကိုယ်အောက်တွင် ထားကာ ခပ်ကျုံ့ကျုံ ဝပ်တွား နေကြသည်။ အားလုံး၏ မျက်လုံး အစုံသည်လည်း ကနုတ် ပန်းခက်များ နှင့် လှပစွာ ပုံဖေါ်ထုဆစ်ထားသည့် ပိတ်ထားသော တံခါးရွက်ကြီး နှင့် ‌ရွှေပလ္လင် တော် ဆီသို့ စူး စိုက်ကြည့်နေကြသည်။

 

တံခါးရွက်သည် ရုတ်ခြည်းဆိုသလိုကျယ်လောင်သော အသံနှင့် အတူ ပွင့်လာပြီး ဘဝရှင် မင်းတရားကြီးသည် ‌ရာဇပလ္လင် ပေါ်သို့ တလှမ်းချင်း လှမ်းတက်လာခဲ့သည်။ ဦးခေါင်းထက်တွင် စေတီပုထိုး ကဲ့သို အချွန် ပုံသဏ္ဍန် ထုလုပ်ထားသည့် ရွှေစင် သရဖူ ကို ဆောင်းထားသည်။ ထိုသရဖူကို ပတ္တမြားများ၊ မြ ကျောက်များ နှင့် စီခြယ်ထားသည်။

 

ပုခုံးထက်တွင် ကြီးမားသော ရွှေရောင် အတောင်ပံ့များ တပ်ဆင်ထားပြီး ရွှေခြည်ထိုး သံကွင်းဆက် ဝတ်စုံ ရှိ ခါး နေရာ တွင် ဧရာမ ရွှေခါးပတ်ကြီး တခု ကို ပတ်ထားသည်။

 

ခန္ဓာကိုယ် ပေါ်ရှ် ရွှေသား အလေးချိန်သည် ပေါင် ခြောက်ဆယ် ခန့် ရှိနေသည် ဆို၍ ငယ်ရွယ် နုပျိုဆဲ ဖြစ်သော ဘကြီးတော် မင်းသည် ပလ္လင် ပေါ် တက်ရန် လှေကား လက်ရမ်း ကို ဆုတ်ကိုင်ထားရပြီး ဖြေးညှင်းစွာ တက်လာခဲ့ရသည်။ ပလ္လင် ထိပ် အရောက်တွင် မူးကြီးမတ်ကြီး များ နှင့် စစ်ကဲကြီးများအား တချက် ဝှေ့ကြည့်လိုက်သည်။ အားလုံး က မျက်နှာ နှင့် ကြမ်းပြင်ထိ၍ သုံးကြိမ်တိုင် ဦးခိုက်ပြီး ပြားပြားဝတ် ခစားနေကြသည်။

 

ဘကြီးတော် မင်းသည် အသက်တချက် ရှုသွင်းလိုက်ရင်း လေး‌ လေး ပင်ပင် နှင့် ပိုးဖဲ ကတ္တီပါ များ ခင်းထား‌ သော ပလ္လထိုင် ပေါ် ထိုင် ချလိုက်ပြီး ညီလာခံ ခမ်းမ သို့ စူးစူးစိုက်စိုက် ကြည့်လိုက်သည်။ ထိုအချိန်တွင် နန်းတွင်းသား လေးဦး မှ ဘုရင့် ဘုန်းတော်ဘွဲ့များ ကို ဖတ်ကြားလိုက်သော အသံသည် ခမ်းမဆောင် အတွင်း လင်ကွင်းများ တပြိုင်တည်း တီးခတ်လိုက်သည့်အလား မြည်ဟီး ထွက်ပေါ်လာခဲ့တော့သည်။

 

"သက်ဦး ဆံပိုင် တမျှ ဂုဏ်ကျေးဇူးကြီးမား၍ တန်ခိုး အရာ တွင် ကြီးမားသည့် စွမ်းအားရှင် ဘုရင်မင်းမြတ်သည်၊ သောနဖရွန်ဒါ၊ တုပ်ဒေဝါ၊ ကမ္ဘောဇ နိုင်ငံများ၏ အရှင်သခင်ဖြစ်ပြီး၊ ဗမာနိုင်ငံတော်၊ ယိုးဒယား နိုင်ငံတော်၊ ဟူဂင်နိုင်ငံတော် နှင့် ကသည်းဘုရင် နိုင်ငံ တို့၏ အချုပ်အခြာအာဏာပိုင်လည်း ဖြစ်တော်မူသည်။

 

ထို့ပြင် ပတ္တမြား၊ ရွှေ၊ ငွေ၊ ကြေးနီ၊ သံ၊ ပယင်း တွင်းထွက်များ၏ အရှင်၊ ဆင်ဖြူ၊ ဆင်နီနှင့် ဆင်ပြောက်တို့၏ အရှင်သခင်၊ အသက်ရှင်စေသော ရွှေလှံတော်၏ အရှင်၊ ရွှေနန်းတော်များစွာ၏ အရှင်၊ ထိုနိုင်ငံများ၊ ဂုဏ်ကျက်သရေများနှင့် စည်းစိမ်ဥစ္စာအားလုံး၏ အရှင်သခင်လည်း ဖြစ်တော်မူသည့်အပြင်၊ နေမျိုးနွယ်မှ ဆင်းသက်လာသော တော်ဝင်ပုဂ္ဂိုလ်လည်း ဖြစ်တော်မူသည်။"

 

ဘွဲ့ထူး ဂုဏ်ထူးများက ထိုမျှ နှင့် ပြီးမသွားပဲ ဆက်၍ ရေရွတ်နေဆဲ ဖြစ်သည်၊ ညီလာခံသို့ ရောက်ရှိလာသူ များ အားလုံးက ယခု အခိုက်အတန့်သည် မည်မျှအထိ အရေးပါ အရာရောက်လာတော့မည်ကို ကောင်းစွာ သတိပြုမိနေကြပြီးလည်း ဖြစ်သည်။ ဘကြီးတော် မင်းတရားသည် သူ၏ အတိုင်ပင်ခံ ဝန်ကြီး ၆ ပါး နှင့် ညှိနှိုင်း တိုင်ပင်ကာ ဗြိတိသျှ တို့ နှင့် အိန္ဒိယ ပြည် အရှေ့ဖက်ခြမ်းတွင် ကာလကြာမြင့်စွာ ယှဉ် ပြိုင် နေရမှုကို စစ်ပွဲ ဖြင့်သာ အဆုံးသတ်ရတော့မည် ဆိုသည်ကို ဆုံးဖြတ်ပြီးလည်း ဖြစ်သည်။

 

အမိန့်ပြန်တမ်းကို ထုံးတမ်းစဉ်လာ နှင့် အညီ ထုတ်ပြန် ကြေညာခဲ့ပြီး မှ ညီလာခံကို ခေါ်ယူခဲ့ခြင်း ဖြစ်သည်။ သို့မှသာ စစ်သူကြီး ဗိုလ်ချုပ်ကြီး မဟာဗန္ဓုလ ကို ညွှန်ကြားနိုင်မည် ဖြစ်သည်၊ မဟာဗန္ဓုလ ကိုယ်တိုင်လည်း ထိုအစီအစဉ် ကို ဦးဆောင်ရေးဆွဲခဲ့သည်ဟုလည်း ပြောနိုင်ပေသည်။ မြောက်ပိုင်းရှိ ဗမာတပ်များက အာသံ နှင့် မဏိပူရ ရှိ ဗြိတိသျ-အိန္ဒိယ တပ်များကို တိုက်ခိုက်နေစဉ် အတွင်း မဟာဗန္ဓုလ မှ ရခိုင်သို့ စစ်ချီရန်။ ထိုမှ တဆင့် စစ်တကောင်း ကို တိုက်ခိုက်ပြီး ကာလကတ္တား အထိ အရောက်သွားကာ ဘုရင်ခံချုပ်ကို သုံ့ပန်း အဖြစ် ဖမ်းဆီးခေါ်ဆောင်လာရန် ဖြစ်သည်။

 

ဘကြီး‌ တော် မင်းသည် ဤကိစ္စ၏ အရေးကြီးပုံကို အလေးအနက် ရှိစေရန် အတွက်၊ ဘုရင်ခံချုပ်ကဲ့သို့ ဂုဏ်သရေရှိ ပုဂ္ဂိုလ် တဦးအား အချုပ်သားအဖြစ် အင်းဝနန်းတော်သို့ ပြန်လည်ခေါ်ဆောင်လာနိုင်စေရန် သင့်လျော်သော ရွှေခြေချင်းတစ်စုံကို ဗန္ဓုလ အား ပေးအပ်ခဲ့သည်။

 

ညီလာခံသည် ပြီးဆုံးသွားခဲ့သည်၊ ဘကြီးတော် မင်းလည်း ဝတ်ဆင်ထားရသော ချပ်ဝတ် တန်ဆာ များ ကြောင့် ‌ဖြေးညှင်းစွာ ထလိုက်ရသည်။ မင်းပရိသတ် အားလုံးလည်း နောက်တကြိမ် ဝပ်တွားပြီး ဦးသုံးကြိမ် ချလိုက်ကြသည်။

 

ထိုစဉ်က အင်္ဂလန်သည် ကမ္ဘာပေါ်တွင် အင်အား အကြီးဆုံး နိုင်ငံ ဖြစ်သော်လည်း ဘကြီးတော်မင်း၏ ဆုံးဖြတ်ချက်ကို မည်သို့မျှ ပြောဆိုခဲ့ကြခြင်း မရှိ၊ ၎င်းတို့အဖို့က ဘကြီးတော်သည် နတ်ဘုရားများ ပေးသော အခွင့်အာဏာဖြင့် အုပ်ချုပ်နေသော သက်ဦးဆံပိုင် မင်းတပါးလည်း ဖြစ်နေသော ကြောင့်ပင်။ ရွှေများဖြင့် မွမ်းမံထားသော ရွေ့လျား ကျောက်ရုပ်ကြီးအလား ဘကြီးတော်မင်းသည် လှေကား အတိုင်း ခြင်္သေ နန်း ရာဇပလ္လုင် ပေါ်မှ ဆင်းလာပြီး ခမ်းမကြီးထဲ ဝင်ရောက် ပျောက်ကွယ်သွားတော့သည်။