ရေဆုံး မြေဆုံး အမဲလိုက် ခံရသော နာဇီ ခေါင်း ‌ဆောင် များ(5)

by Hla Soewai - Nov 10 2025

ယခု အခါတွင်တော့ အမှားအတွက် ပထမဆုံး ပေးဆပ်လိုက်ရသူက ၎င်း၏ သက်တော်စောင့် ကီယာမိုင်ယာ ပင် ဖြစ်သည်။ ဗြိတိသျှ ကင်းတပ်က ၎င်းအား ထပ်၍ စစ်ဆေး မေးမြန်းစရာ ရှိသည် ဆိုကာ ထိမ်းသိမ်းလိုက်သည်။

 

သို့သော် ထိုသို့ စစ်ဆေးစရာ ရှိ၍ ထိန်းသိမ်းခံလိုက်ရသည်ကို ဟင်းမလားသည် ရိပ်စားမိခြင်း မရှိဘဲ စစ်ဆေးရေး ဂိတ်ကို ကျော်ဖြတ်သွားနိုင်ပြီဟု မှားယွင်းစွာ ယုံကြည်နေသည်။ ထိုယုံကြည်မှု နှင့် အတူ ဟင်းမလား နှင့် အဖွဲ့သည် စစ်ဆေးရေး ဂိတ်ကို တဖြေးဖြေး ချဉ်းကပ်လာကြသည်။ ၎င်းတို့ အားလုံး စစ်မြေပြင်သုံး ရဲယူနီဖောင်းများ နှင့် ဖြစ်သည်။

 

ထိုစစ်ဆေးရေး ဂိတ်တွင် ရုရှား စစ်သုံ့ပန်း ဟောင်းများလည်း ရှိနေသည်။ ၎င်းတို့ အားလုံးက မသင်္ကာဖွယ်ရာ အမူအရာ များ တွေ့လာရ၍ ဟင်မလား တို့ အုပ်စုအား ချက်ခြင်းလို ဖမ်းဆီးကာ ဗြိတိသျှ တို့ထံ လွှဲပြောင်းပေးလိုက်ကြသည်။

 

ဟင်မလားသည် ယခုအခါ ဗြိတိသျှ တို့ လက်တွင်း ရောက်သွားပြီ ဖြစ်သော်လည်း ၎င်း မည်သူမည်ဝါ ဖြစ်သည် ဆိုသည်ကို သိသူ မရှိ ဖြစ်နေသည်။

 

************

 

ကက်ပတိန် တွန် ဆဲဗက်စတာသည် စစ်တပ် ဖက်နှင့် ရဲဖက်တွင် သူ၏ လူငယ် ဘဝ တလျှောက်လုံး မြုပ်နှံထားခဲ့သူ ဖြစ်သည်။ စကော့တလန် ရှိ အီဒင်ဘတ်ခ် တွင် မွေးဖွားကြီးပြင်းခဲ့သူ ဖြစ်ပြီး စကော့ အမည်းရောင် အစောင့် ကြည်းတပ်ရင်း တွင် ခုနှစ်နှစ်ကြာမျှ ဝင်ရောက် အမှု ထမ်းခဲ့သည်။ ထိုမှတဆင့် ‌စကော့ ရဲတပ်ဖွဲ့သို့ ဝင်ရောက်ခဲ့ပြီး အရပ်ဝတ် ရဲအမှုထမ်း ဖြစ်လာခဲ့သည်၊ စစ်ကြီ ဖြစ်လာပြီး မကြာမီ မှာပင် မူလ တပ်ရင်းသို့ လက်ဖတင်နင် ရာထူး ဖြင့် ပြန်လည် ဝင်ရောက်သွားခဲ့သည်။

 

ဆဲဗက်စတာ သည် နော်မန်ဒီ D-Day ကမ်းတက်တိုက်ပွဲ တွင် ပါဝင်ခဲ့သည်။ ယခု အခါ ဂျာမဏီရှိ လူးနဲဘူခ် မြို့ ပြင် အရပ်ဖက် စစ်ကြောရေး စခန်းကို ကြီးကြပ်ကွပ်ကဲ နေရသည်။

 

လော်ရီ ကား တစီးစာ အပြ ည့် သံသယ ဖြစ်စရာ ကောင်းတဲ့ လူတွေ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ရောက်လာကြတယ်၊ ပါလာတဲ့ လူတွေ ဘယ်သူ ဘယ်ဝါတွေလဲ ဆိုတာ ကျွန်တော် ဂရုမထားမိခဲ့ဘူး" ဟု ဆဲဗက်စတာ က ပြန်ပြောပြခဲ့သည်။

 

တပ်ကြပ်ကြီး ဟစ်ဇင်ဂါ အယောင်ဆောင်ထားဆဲဖြစ်သော ဟင်းနရစ်ခ်ျ ဟင်းမလားသည် ကက်ပတိန် ဆဲဗက်စတာ ကို လှမ်းမြင်လိုက်၍ ဗြိတိသျှ အရာရှိ တယောက်နှင့် စကား ပြောချင်သည်ဟု တောင်းဆိုလာ၍ စစ်ဆေးသူများက ၎င်းအား သွားခွင်တောင်းရာ "အလုပ်များနေတယ်" ဟု ပြောပြီး ငြင်းဆန်ခဲ့သည်။

 

သို့သော် ဟင်မလားက မရမက ပြောလာသည်၊ သူမည်သူ မည်ဝါ ဖြစ်သည်ကို ထုတ်ပြောလိုက်က မဟာမိတ် တပ်မှ အာဏာပိုင်များ ရှိန်သွားလိမ့်မည်ဟု ယုံကြည်နေဆဲ ဖြစ်သည်၊ ထိုအချိန် အထိလည်း သူ့အား ဖီးမာရှယ် မွန်ဂိုမာရီက ဆက်သွယ်လာလိမ့်မည်ဟု မျှော်လင့်နေဆဲ ဖြစ်သည်။ ယင်းသည် လွဲမှားသည့် စိတ်ကူးယဉ်မှုသာ ဖြစ်သော်လည်း ဟင်မလား အဖို့က သူ့တသက်တာလုံး ထိုသို့ နေထိုင်တွေးခေါ်လာခဲ့သူ ဖြစ်သည်။

 

နာရီပေါင်း အတန်ကြာအောင် စောင့်ဆိုင်းခဲ့ရပြီးနောက် ဆဲဗက်စတာက စိတ်ဆိုးမာန်ဆိုး ဖြင့် မျက်လုံးတဖက် ကို သားရေပြား နှင့် အုပ်ထားသော အကျဉ်းသား ကို တွေ့ခွင့်ပေးခဲ့သည်။ ဟင်းမလား၊ ဗိုလ်မှုး မာချာ နှင့် ဗိုလ်မှုးကြီး ဂရော့မင်း တို့ကို ဆဲဗက်စတာ ရုံးခန်းထဲ ခေါ်လာခဲ့သည်။

 

"သုံးယောက် ဝင်လာတယ်၊ သူ့ကိုယ်သူ ဟစ်ဇင်ဂါ လို့ ပြောတဲ့လူက ရုပ်ခပ်ဆိုးဆိုးနဲ့ ခပ်စုပ်စုပ် ဖြစ်နေတယ်၊ သူ့ နဲ့ အတူ လက်ထောက်လို့ ယူဆရတဲ့ ခန္ဓာကိုယ် ထွားထွား လူနှစ်ယောက်လည်း ပါလာတယ်" ဟု ဆဲဗက်စတာ က ပြန်ပြောပြခဲ့သည်။

 

ဟင်မလားသည် အခန်းထဲသို့ အားလုံးရောက်လာသည် အထိ စောင့်နေသည်။ လူစုံသည်နှင့် မျက်လုံးပေါ် အုပ်ထားသော သားရေပြားကို ခွာကာ သူ၏ ဝိုင်ယာကြိုး နှင့် ကိုင်း လုပ်ထားသည့် မျက်မှန် ကို တပ်လိုက်သည်။

 

"ကျုပ်က ဟိုင်းဒရစ်ခ်ျ ဟင်မလား ပဲ" ဟု ဂုဏ်ယူ ဝင့်ကြွား ဟန် ဖြင့် ပြောလိုက်သည်။

 

သူ မျက်မှန် ကောက်တပ်လိုက်ချိန်မှာပင် ဘယ်သူဘယ်ဝါ ဖြစ်သည်ကို ဆဲဗက်စတာက ချက်ခြင်း ဆိုသလို သိလိုက်သည်။

 

၎င်းအား ဖမ်းဆီးမိသည့် နေ့ ည ခုနှစ်နာရီ တွင် ဟင်မလား အား လက်နက်ကိုင် အစောင့်များ ရှေ့တွင် တကိုယ်လုံး ချွတ်ပြီး နှံ့နှံ့စပ်စပ် ရှာတော့သည်။ ဆိုင်ယင်နိုက် အဆိပ်ပုလင်းကို တွေ့သွားသည့် အခါတွင်တော့ ဟင်မလားထံမှ ကန့်ကွက် ပြောဆိုသံ ထွက်လာသည်။ "ဒါ ကျုပ် ဗိုက်အောင့်ရင် သောက်တဲ့ဆေး" ဟု ပြောသည်။

 

ထို့နောက် သူ့အား လဲရမည့် အဝတ်အစားများ ထုတ်ပေးသည်၊ ဟင်မလားက ဗြိတိသျှ စစ်ယူနီ ဖောင်း နှင့် ကြိုးမပါ‌‌ သော ဘွတ်ဖိနပ် ကို ဝတ်ရန် အကြောက်အကန် ငြင်းဆန်ခဲ့သော်လည်း လက်မခံ၍ နောက်ဆုံးတွင် ဝတ်ခဲ့ရသည်၊ သူ့အား ညစာ အဖြစ် ပေါ့ပေါ့ပါးပါးဖြစ်သည့် လ္ဘက်ရည်၊ ပေါင်မုန့်၊ ချိစ် တို့နှင့် ကျွေးသည်။ သို့သော် တို့ကနန်း ဆိတ်ကနန်း မျှသာ စားသည်။

 

အကျဉ်းသား၏ မည်သူမည်ဝါ ဖြစ်ကြောင်း အတိအကျ အတည်ပြုနိုင်ရန် ဆဲဗက်စတာ က လက်မှတ် နမူနာ ထိုးခိုင်းခဲ့သည်။ ထို့နောက် အနီးအနားရှိ ဗြိတိသျှ စစ်ဌာနချုပ်မှ ‌ပို့ပေးသော ဟင်မလား ကိုယ်တိုင် လက်မှတ်ထိုးထားခဲ့သည့် စာရွက်စာတမ်းများ နှင့် တိုက်ဆိုင် စစ်ဆေးခဲ့သည်။ထိုအခါကျမှ ဆဲဗက်စတာသည် လူများ အား အစုလိုက် အပြုံလိုက် သတ်ခဲ့သည့် နာမည်ဆိုးဖြင့် ကျော်ကြားနေသော လူသတ်ကောင်ကြီးသည် သူ့ရှေ့တည့်တည့်တွင် ရောက်နေပါပကောလားဟု အတိအကျ သိလိုက်ရတော့သည်။

 

"သူ့မှာ မာန်မာနကြီးပြီး အနိုင်ကျင့်တတ်တဲ့ နာဇီ ပုံစံမျိုး လုံးဝမရှိဘူး—သားရေ မော်တော်ကားကုတ်အင်္ကျီ ဝတ်ထားပြီး နွမ်းနွမ်းနယ်နယ် ဖြစ်နေတဲ့ သာမန်လူတစ်ယောက် သက်သက်ပဲ" ဟု ဆဲဗက်စတာ က ပြောပြခဲ့သည်။

 

ည ၉:၃၅ တွင် ဟင်မလား အမှု ကို ကိုယ်တိုင်ကိုယ်ကျ ကိုင်တွယ်ရန် ဗြိတိသျှ စစ်ထောက်လှမ်းရေး ဒုတိယ အဖွဲ့၏ အကြီးအကဲ ဖြစ်သူ ဗိုလ်မှုးကြီး မိုက်ကယ် မာဖီ ရောက် ရှိလာခဲ့သည်။ ဟင်မလားအား ၎င်း၏ ဌာနချုပ် ရှိရာ သို့ ခေါ်ယူလာခဲ့ပြီးနောက် တနာရီ ခန့် အကြာတွင် ဟင်မလား အား နောက်တကြိမ် ကိုယ်လုံးတီး ချွတ်ခိုင်းကာ စေ့စေ့စပ်စပ် ရှာဖွေ ခဲ့ပြန်သည်။ ဟင်မလား ကိုယ် ပေါ်တွင် ခြေအိပ် နှင့် ဖိနပ်မှ လွဲ၍ အဝတ်အစား များ မရှိတော့။ 

 

ဘုရင့် ဆေးတပ်မှ ကက်ပတိန် စီ ဂျေ ဝဲစ်လ် က စစ်ဆေးခဲ့သည်။ ၎င်းက ဟင်မလား၏ နား၊ နှာခေါင်းပေါက်အတွင်း၊ ခြေသည်း၊ လက်သည်း များ အပြင် တင်ပါးဆုံအကြား ပါမကျန် စေ့စေုစပ်စပ် စစ်ဆေးခဲ့သည်။

 

ဟင်းမလားသည် အခြားသူတဦးမှ ၎င်း၏ ကိုယ်အင်္ဂါ အစိတ်အပိုင်းများကို ပယ်ပယ်နယ်နယ် ကိုင်တွယ် စစ်ဆေးနေသည် အဖြစ် သည် အရှက်ရစရာ ဖြစ်နေသော်လည်း တစုံတရာ ကန့်ကွက် ပြောဆိုခြင်း မရှိဘဲ ငြိမ်သက်စွာ ခံယူနေသည်။ စစ်ဖက် အရာရှိ သုံးဦးက မျက်မြင်သက်သေ အဖြစ် ရပ်ကြည့်နေကြသည်။

 

ကက်ပတိန် ဝဲစ်လ် က ၎င်း၏ အစီရင်ခံစာကို တတိယ နာမ်စားဖြင့် ရေးသားခဲ့ရာတွင် "အကျဉ်းသားကို တကိုယ်လုံး နေရာလပ် မကျန် အောင် စေ့စေ့စပ်စပ် ရှာဖွေခဲ့ပြီးနောက် အာခေါင်ကို နှိုက်ရှာသည့် အခါ တွင်တော့ သူ၏ ဘယ်ဖက်ပါး၏ အောက်ဖက် မြှောင်းထဲမှ အပြာရောင်ရှိ အရာဝတ္ထုလေး တခု ထိုးထွက်နေသည်ကို သတိထားမိလိုက်သည်။

 

ဝဲလ်စ်သည် သူ၏ လက်ချောင်းများဖြင့် ဟင်မလား၏ ပါးစပ်ထဲသို့ ထိုးထည့်ပြီး ထိုအရာဝတ္ထုလေး အား ကော် ထုတ်လိုက်သည်။ သို့သော် ဟင်းမလားက ပါးစပ်နှင့် ကိုက်ချလိုက်၍ လက်ကို ကမန်းကတမ်း ပြန်ဆွဲထုတ်လိုက်သော်လည်း ဟင်းမလားသည် သူ၏ အံသွားများဖြင့် ဖန်ပုလင်းလေး ကို ကိုက် ချေ လိုက် နိုင်သည်။

 

ပရက်ဆစ် အက်ဆစ် ခေါ် ဟိုက်ဒရိုဂျင် ‌ဆိုက်ယာနိုက်၏ ကြောက်မက်ဖွယ် ကောင်းလှသည့် အနံ့ဆိုးကြီးသည် စစ်ဆေးနေသော အခန်းကျဉ်းထဲတွင် ချက်ခြင်းလို ပျံ့နှံ့သွားသည်။ ဟင်းမလားထံတွင် နောက်ထပ် ဆိုက်ယာနိုက် အဆိပ်ပုလင်း ရှိ‌နေသည်ကို ရိပ်စားသွားမိပြီး ချက်ခြင်းလို ဟင်းမလား ၏ ခေါင်းကို ကိုင်ကာ ရေပုံးထဲသို့ နှစ်ချလိုက်သည်။ နောက်ထပ် အဆိပ်များ မြို မချ နိုင် အောင် ဟင်မလားကလည်း ဝဲစ်လ် ၏ လက်ချောင်းများကို ကိုက်နေသည် ကြားမှ ဟင်မလား၏ လျှာကို ကိုင်ထားသည်၊ 

 

စောင့်ကြည့်နေသူများထဲတွင် တဦးအပါအဝင် ဖြစ်သည့် ဗိုလ်မှုး နော်မန် ဝစ်တိတ်ကာ သည် ဝဲစ်လ် နှင့် အတူ ဟင်မလားကို ထိန်းချုပ်နိုင်ဖို့ ဝင်ကူ ပေးခဲ့သည်။ "ဝက်လို ကောင်ကြီးရဲ့ ပါးစပ်က အော်သံ၊ ညည်းသံ တွေ ထွက်လာနေတယ်" ဟု ၎င်းက ပြန် ပြောပြခဲ့သည်။

 

မကြာမီမှာပင် ဟင်မလား၏ ခန္ဓာကိုယ်သည် ပျော့ခွေ ကျသွားခဲ့သည်။ ဟင်မလားအား အသက်ရှင်ဖို့ ဆယ့်ငါးမိနစ် ခန့် ကြိုးစားခဲ့ကြသည်။ ဝဲစ်လ် သည် ၎င်း၏ အသက်ကိုပင် မမှုပဲ ပါးစပ်‌ခြင်းတေ့ကာ ,အသက် ပြန် ရှုလာ‌ အောင် လေမှုတ်သွင်းပေး ခဲ့သော်လည်း အကြောင်းထူးမလာခဲ့။ ဟင်းနရစ်ခ်ျ ဟင်မလားသည် သေဆုံးသွားခဲ့ပြီ ဖြစ်သည်။

 

၎င်းအား လူးနဲဘတ်ဂ် မြို့ပြင်ရှိ တောထဲတွင် မည်သည့် အမှတ်အသားမှ မထားပဲ တွင်းတူး၍ မြုပ်နှံပစ်ခဲ့ကြသည်။

 

ဟင်မလား ဆိုသည့် မကောင်းဆိုးဝါးကြီးက သူနှင့် ထိုက်တန်သည့် အပြစ်ဒဏ်ကို ခံသွားခဲ့ရပြီ ဖြစ်သည်။

 

***************