လီယိုပိုး နှင့် လိုဘ် တရားခွင် (၄)
၁၉၂၄ ဩဂုတ်လ ၂၄ ရက်တွင် ကလဲရင့်စ် ဒဲရိုးသည်၎င်း၏ မော်ကွန်း တင်မည့် အပြီးသတ် လျှောက်လှဲချက်ကို စတင်လာတော့သည်။ "တရားရုံး ခမ်းမသည် အမျိုးသား၊ အမျိုးသမီး ရာပေါင်းများစွာနှင့် အသက်ရှု မဝအောင် မွန်းကျပ်လာနေပြီး အပြင်ဖက် ကော်ရီဒါ တွင်လည်း အထဲဝင်ခွင့်ရရန် လူများ တိုးဝှေ့နေကြသည်" ဟု ချီကာဂို သတင်းစာ တစောင်က ရေးသားထားသည်။ ထိုသတင်းထောက်ကပင် တရားရုံးတွင် ဒဲရိုး၏ လျှောက်လှဲချက်သည်သာ တရားခံ လူငယ် ကလေးများ နှင့် သွေးဆာနေသော လူအုပ်ကြီးများ အကြား တခုတည်းသော အကာအကွယ် အဖြစ် ကျန်တော့သည် ဟု ပြော၍ ရသည့် တောရိုင်း ဆန်ဆန် အနေအထား ဖြစ်လာနေသည်ဟု ရေးသားခဲ့သည်။
ဒဲရိုးက အသံနေ အသံထား အနိမ့်အကျ နှင့် ၎င်း၏ အမှုသည်များသည် ကျုးလွန်ခဲ့သော ရာဇဝတ်မှု အတွက် တာဝန်မယူသင့်ဟု စတင် လျှောက်လှဲလာခဲ့သည်။ တရားခံ များအား "ကောင်လေး" များ ဟု ခေါ်ဝေါ် သုံးစွဲလာပြီး ၎င်းတို့၏ အိမ်ခေါ်နာမည်များ ဖြစ်သည့် "ဒစ်ကီ"၊ "ဘေဘီ" ဟူ၍ ထည့်သွင်း ပြောဆိုလာသည်။
ဒစ်ကီ နှင့် ဘေဘီ တို့သည် လူငယ်ဘာဝ စိတ်ကူးယဉ် မှုများ၊ မျိုးရိုးဗီဇ အမွေ ဆက်ခံခဲ့ရမှု များ၊ တက်ကြွသော လိင်စိတ် ဆန္ဒများ၏ တွန်းအား ပေးမှုများ၊ မတောင့်မတ မကြောင့်မကြ ကြီးပြင်းလာခဲ့ရမှု များ နှင့် နီချေ အတွေးအ ခေါ် အယူအဆများ အစရှိသည်တို့၏ သားကောင် ဘဝ ကျရောက်သွားခဲ့ရသည်ဟု ဆိုသည်။
ဒဲရိုးသည် "အဆုံးမရှိသော အခွင့်အရေးများ ဆက်တိုက်ရရှိလာ မှု" ကြောင့် ဆိုသည်နှင့် စကြာဝဠာ အတွင်း ဖြစ်ပျက်သမျှ အရာအားလုံးသည် မလွဲမသွေ ဖြစ်ရမည့် အရာများ ဖြစ်ပြီး ရှေ့က ဖြစ်သည့် အကြောင်းအရာများ၏ ရလဒ် သက်သက် ဖြစ်သည် ဆိုသော Deterministic Universe ဆိုသည့် ဒသာနိက အယူအဆ ကို ရှင်းချက် ထုတ်လာခဲ့သည်။ ဒဲရိုးသည် ထိုကဲ့သို့ အပြောများကို ၎င်း၏ ယခင်အမှု များ နှင့် ထို အမှု နောက်ပိုင်းတွင်ပါ ထိုကဲ့သို့ ရှင်းလင်းပြတ်သားစွာ တင်ပြခဲ့ခြင်း မျိုး မတွေ့ရတော့ပေ။
ဒဲရိုးက ဆက်လက် လျှောက်လှဲရာတွင်...
"သဘာဝတရားဟာ အင်အားကြီးမားပြီး သနားညှာတာမှုမရှိပါဘူး။ သူဟာ နက်နဲဆန်းကြယ်တဲ့နည်းလမ်းတွေနဲ့ အလုပ်လုပ်ပြီး၊ ကျွန်တော်တို့ကတော့ သူ့ရဲ့သားကောင်တွေပါ။ ဒီကိစ္စတွေမှာ ကျွန်တော်တို့ ဘာမှလုပ်ပိုင်ခွင့် မရှိကြပါဘူး။ သဘာဝတရားက သူ့အလုပ် သူ လုပ်ပြီး၊ ကျွန်တော်တို့ကတော့ ကိုယ့်အပိုင်းကို ကိုယ် သရုပ်ဆောင်ရုံပါပဲ။ အိုမာ ခေယမ် ရဲ့ ရှေးစကားအတိုင်းဆိုရင်၊ ကျွန်တော်တို့ဟာ ‘ညတွေနဲ့ နေ့တွေရဲ့ စစ်တုရင်ခုံပေါ်မှာ ကစားတဲ့ ကစားပွဲထဲက အင်အားမရှိတဲ့ အရုပ်တွေသာဖြစ်ပြီး၊ ဟိုရွှေ့၊ ဒီရွှေ့၊ ဒိုင်ခံတိုက်ခိုက်၊ အစားခံရပြီး၊ တစ်ရုပ်ပြီးတစ်ရုပ် ပြန် သိမ်းခံရသူများ’ သာ ဖြစ်ပါတယ်။ ဒီကောင်လေး တွေ က ဒီကိစ္စတွေမှာ ဘာလုပ်ခဲ့ရလို့လဲ။ သူက သူ့အဖေလည်း မဟုတ်ဘူး၊ သူ့အမေလည်း မဟုတ်ဘူး...။ ဒီအရာအားလုံးက သူ့လက်ထဲကို အပ်နှင်းခံခဲ့ရတာပါ။ သူ့ကိုယ်သူလည်း အိမ်စောင့်ဆရာမတွေ၊ချမ်းသာကြွယ်ဝမှုတွေနဲ့ ဝန်းရံထားခဲ့တာ မဟုတ်ဘူး။ သူက သူ့ကိုယ်သူ ဖန်တီးခဲ့တာ မဟုတ်ဘူး။ ဒါပေမဲ့ အခုတော့ သူဟာ ဒီအတွက် ပေးဆပ်ဖို့ အတင်းအကျပ် ခိုင်းစေခံရတော့မယ်။”
"ပြောပါ လေ —ကံကြမ္မာရဲ့ အမျက်ဒေါသ၊ အခွင့်အရေး၊ ဘဝနဲ့ ထာဝရ တရား ကို အသက် ဆယ့်ကိုးနှစ်အရွယ် ကောင်လေးတစ်ယောက်အပေါ် ပုံချနိုင်တယ်လို့ ကျွန်တော့်ကို ပြောပြပါ!” ဟု ဒဲရိုးက စကား ပရိယယ် ကြွယ်ဝစွာဖြင့် အဆုံးသတ်သွားသည်။
ဒဲရိုးသည် သေဒဏ် စီရင်မှုကိုလည်း တိုက်ခိုက် ပြောဆိုလာခဲ့သည်။ ၎င်းက သေဒဏ် ဆိုသည်က "ရှေးကျသည့် ထုံးတမ်းဓလေ့" ဖြစ်ပြီး လူ့အဖွဲ့အစည်း အား သားရဲများ ကျက်စားရာ တောရိုင်း ကမ္ဘာအတွင်း ပြန်လည် ခေါ်ယူသွားခြင်းဟု ဆိုသည်။ မကြာခဏ ဆိုသလိုလည်း "မျက်လုံးတလုံး အတွက် မျက်လုံးတလုံး ပေးဆပ်ရမည်" ဟူသော အယူအဆ ကိုလည်း စိန်ခေါ် ပြောဆိုခဲ့သည်။
"ကျွန်တော်နေထိုင်တဲ့ ပြည်နယ်ဟာ ဒီကောင်လေးနှစ်ယောက်ရဲ့ ရူးသွပ်တဲ့ လုပ်ရပ်ထက် ပိုပြီးတော့ ကြင်နာမှု၊ ပိုပြီးတော့ လူသားဆန်မှု၊ ပိုပြီးတော့ အလေးထား စာနာမှု မရှိဘူးဆိုရင်၊ ကျွန်တော် ဒီလောက်ကြာကြာ ရှင်သန်နေထိုင်ခဲ့ရတာကိုပဲ နောင်တရမိတယ်။"
ဒဲရိုးသည် သူ၏ လျှောက်လှဲချက်များတွင် တိကျသည့် အချက်အလက်များ၊ မြင်သာထင်သာသည့် ပုံရိပ်များကို သုံး၍ တရားသူကြီး ကယ်ဗာလီ အား သေဒဏ်ပေးမယ့်နေ့ဆီသို့ ဆွဲခေါ်သွားပြီး၊ ၎င်း၏ ဆုံးဖြတ်ချက်ကနေ ဖြစ်လာနိုင်သည့် အကျိုးဆက်များကို သတိပေးလာခဲ့သည်။
"ကျွန်တော် သူတို့ရဲ့ပုံရိပ်ကို မြင်ယောင်နေပါတယ်။ မနက် မိုးမလင်းတလင်း လာ နှိုးကြပြီး၊ အစိုးရက ပေးတဲ့ အဝတ်အစားတစ်စုံကို ဝတ်ဆင်ကြရတာ၊ ခြေထောက်တွေ ကို သံကြိုးနဲ့ ချည်ပြီး ကြိုးစင်ဆီကို ဦးဆောင်ခေါ်သွားခံရတာ၊ ခေါင်းပေါ်မှာ အနက်ရောင် အစွပ် တွေဆောင်း ပေး တာ၊ အောက်ကို ပွင့်ထွက်သွားမယ့် တံခါးပြားပေါ်မှာ မတ်တပ်ရပ်နေတာ၊ ကြိုးသမားက စပရိန်ကို ဖိလိုက်တဲ့အခါ သူတို့အောက်က တံခါးပြား ပွင့်သွားပြီး၊ လည်ပင်းကို ကြိုးနဲ့ ဆွဲဆိုင်းခံလိုက်ရတဲ့ အတွက် လေထဲမှာ တန်းလန်း ဖြစ်နေတဲ့ မြင်ကွင်းတွေကို ကျွန်တော် မြင်နေရပါတယ်။"
ဒဲရိုး က နောက်ဆုံးပိတ် အနေဖြင့် ရက်စက်ကြမ်းကြုပ်မှု တရားဖြင့်၎င်း၊ မုန်းတီးမှု ကို ချစ်ခြင်း မေတ္တာ တရားဖြင့်၎င်း လွှမ်းခြုံနိုင်ကြပါစေဟု တောင်းပန် တိုးလျိုးသွားခဲ့သည်။
သူ့၏ မာရသွန်လို ရှည်လျားသည့် နိဂုံးချုပ် စကားကိုပင် အိုမာ ခေယမ်၏ စာသားများနှင့် ယခုလိုအဆုံးသတ်သွားခဲ့သည်။ “ချစ်ခြင်းမေတ္တာ စာအုပ်ထဲမှာ ငါ့ကို ရေးသွင်းထားမယ်ဆိုရင် အပေါ်က ကောင်းကင်ဘုံ စာအုပ်ကို ငါ ဂရုမစိုက်ဘူး။ ငါ့နာမည်ကို ဖျက်ပစ်ပါ ဒါမှမဟုတ် မင်းဆန္ဒအတိုင်း ရေးပါ၊ ချစ်ခြင်းမေတ္တာ စာအုပ်ထဲမှာ ငါ့ကို ရေးသွင်းထားသရွေ့။”
ဒဲရိုး၏ လျှောက်လှဲချက် အဆုံးတွင် တရားသူကြီး ကယ်ဗာလီ ပါးပြင်ပေါ်တွင် မျက်ရည်များက တသွင်သွင် စီးကျလာသည်။ တရားခွင်သို့ လာရောက် နားထောင်သူများလည်း ထို့အတူပင် ဖြစ်သည်။ သတင်းစာတစောင်က "ဒဲရိုး ဘယ်အချိန်မှာ ပြီးသွားသည်၊ ဘယ်အချိန်တွင် အားလုံးတိတ်ဆိတ်သွားခဲ့သည် ဆိုသည်ကို ခွဲခြား၍ပင် မရအောင် ဖြစ်ခဲ့သည်။ တမိနစ်၊ နှစ်မိနစ် ခန့် ကြာမြင့်မည်ဟု ယူဆရသည်" ဟု ရေးသားခဲ့သည်။