ရိုင်ဘင်သည် ပါဗယ် အနား ကပ်လာပြီး "ဟေ့..မင်းသူတို့ကို သပိတ်မှောက်ဖို့ ပြောလို့တော့ မရဘူးနော်၊ ဒီလို လူမျိုးတွေက တပြားလောက်နဲ့ လောဘ ကြီးကြပေမယ့်၊ တကယ်တမ်းကျ သူရဲဘောကြောင်တဲ့ ကောင်တွေချည်းပဲ၊ မင်း အနေနဲ့ လူသုံးရာ လောက်ကို သွေးဆောင်လို့ ရကောင်းရမယ်၊ ဒီထက် မပိုဘူး၊ နွားချေးပုံကြီးကို ခက်ရင်း နဲ့ တချက်တဲ့ ကော်လိုက်သလို ဖြစ်နေမယ်"
ပါဗယ်က ဘာမှ ပြန်မပြောဘဲ နှုတ်ဆိပ်နေသည်။ သူ့ ရှေ့တွင်တော့ မီးသွေးများ ပေကျံနေ၍ မဲနက်နေသော လူအုပ်ကြီးက ဂဏာမငြိမ် ဖြစ်နေသည်။ သူ့ကိုလည်း လှည့်ကြည့် လှည့်ကြည် လုပ်နေကြသည်။ ပါဗယ်လည်း သူတို့ကို ကြည့်ပြီး နှလုံးခုန် မြန်လာသည်။ သူစိတ်ထဲတွင် သူပြောလိုက်သည့် စကားသည် အရာမထင်ပဲ ပတ်ကြားအက်နေသော မြေပေါ်ကျ လာသော မိုးရေစက်များလို ပျောက်ကွယ်သွားပြီ ဟု ထင်နေသည်။
တယောက်ပြီး တယောက် သူ့အနား ရောက်လာပြီး သူ ပြောခဲ့သည့် စကားများ အတွက် ချီးမွမ်းကြသော်လည်း သပိတ်မှောက်၍ အောင်မြင်ပါ့မလား ဆိုသည် အပေါ် သံသယ ရှိနေကြသည်။ လူများက ကိုယ့်အကျိုးစီးပွားကိုလည်း နားမလည်၊ ကိုယ့်အားကိုယ် ရမှန်း လည်း မသိကြဆိုပြီး ညည်းညူ နေ ကြပြန်သည်။
ပါဗယ်ကတော့ ဖြစ်ပျက်နေသည်များကို ကြည့် ကာ သူ၏ လုပ်နိုင်စွမ်း အပေါ် စိတ်ပျက်လာပြီး စိတ်တွင်လည်း အနာတရ ဖြစ်လာသည်။ ခေါင်းလည်း ကိုက်လာနေပြီး အားငယ်လာသည်။ ယခုတိုင်အောင် သူ၏ အမှန်တရားက အောင်ပွဲ ခံလာမည့် ပုံကို မြင်ယောင်မိတိုင်း ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားခဲ့ရခြင်း သည် သူ၏ နှလုံးသား ကို ဖမ်းဆုပ်လာ၍ ငိုချင်စိတ်ပင် ပေါက်ခဲ့ရစမြဲ ဖြစ်သည်။
ယခုအခါ သူသည် လူများအား အမှန်တရားကို ထုတ်ဖေါ် ပြောဆိုခဲ့ပြီး ဖြစ်သည်။ အံ့ဩစရာကောင်းသည်မှာ၊ ထိုအမှန်တရားသည် စကားလုံးများအဖြစ် ဖော်ပြလိုက်သည့်အခါ ဖျော့တော့၊ အားနည်းပြီး၊ မည်သို့မျှ မထိရောက်နိုင်အောင် ဖြစ်နေခဲ့သည်ကို တွေ့လိုက်ရခြင်းပင်။
သူ့ကိုယ်သူပဲ အပြစ်တင်မိခဲ့သည်။ သူ၏ အိမ်မက်များကို ခပ်ညံ့ညံ့ ဝတ်ရုံ နှင့် ဖုံးကွယ်ထားမိ၍ လူများက အတွင်းက အလှတရားကို မမြင်နိုင်ကြခြင်း ဖြစ်မည်ဟု တွေးထင်မိပြန်သည်။
ပါဗယ်သည် စိတ်လက် မကြည်မသာ မောမောပန်းပန်း နှင့် အိမ်ပြန်လာခဲ့သည်။ အမေ နှင့် ဆီဇော့ တို့ နောက်က လိုက်လာပြီး၊ ရိုင်ဘင်က ဘေးချင်းယှဉ်ကာ တတွတ်တွတ် ပြောလာသည်။
"မင်းပြောတာ ကောင်းတယ်၊ ဒါပေမယ့် သူတို့ ရင်ထဲထိ မရောက်ဘူး ဖြစ်နေတယ်၊ အဲ့တာ ပြဿနာ၊ မီးပွားတွေကို နှလုံးသားထဲ နက်နက်ရှိုင်းရှိုင်း ရောက်အောင် ပစ်ပေါက် နိုင်မှ ဖြစ်မယ်"
"ကျွန်တော်တို့တွေ ကျိုးကြောင်းဆင်ခြင်တုံတရားနဲ့ နေ ထိုင်ပြီး လမ်းညွှန်မှု ခံယူရမယ့် အချိန်ရောက်ပြီ" လို့ ပါဗယ်က အသံတိုးတိုးနဲ့ ပြောလိုက်သည်။
"ဖိနပ်က ခြေထောက်နဲ့ မတော်ဘူး၊ အရမ်းပါးပြီး ကျဉ်းနေတယ်။ ခြေထောက်က ဝင်မှာမဟုတ်ဘူး! ဝင်သွားခဲ့ရင်တောင် ဖိနပ်က မြန်မြန် ဆွေးသွားလိမ့်မယ်။ အဲဒါက ပြဿနာပဲ။"
ဆီဇော့ကလည်း အမေနှင့် အတူ ယှဉ်လျောက်လာရင်းက "အခုအချိန်က ကျွန်တော်တို့လို အသက်အရွယ် ရလာတဲ့ လူတွေအဖို့ သင်္ချိုင်း ကို မျက်စောင်းထိုးနေရပြီ၊ လူသစ် တွေ ရောက်လာကြပြီ၊ ကျွန်တော်တို့ ဘယ်လို ဘဝ တွေ ဖြတ်သန်းခဲ့ကြရလဲ၊ ကျွန်တော်တို့ မြေကြီးပေါ် လေးဖက်ထောက် တွားသွားခဲ့ကြရတယ် မဟုတ်လား၊ အခု လူတွေက အသိတရား ရလာနိုင်တယ်၊ ဒါမှမဟုတ်လည်း ကျွန်တော်တို့ထက် ပိုပြီး အမှား တွေ ကျူးလွန်ချင် ကျူးလွန် လာနိုင်တယ်၊ ဒါပေမယ့် ကျွန်တော်တို့လို တော့ မဟုတ်ကြဘူး၊ အခုကြည့်လေ လူငယ် ပိုင်းက မန်နေဂျာ ကို သူတို့ နဲ့ တန်းတူလို သဘောထားပြီး ပြောနေကြတယ်။ ကျွန်တော့်သား မက်ဗေး အသက်ရှင် နေဦးမယ် ဆိုရင်၊ သွားမယ်ဟေ့ ပါဗယ်၊ လူတွေအတွက် မင်းရပ်တည်ချက် မှန်ပါတယ်၊ ဘုရားသခင်က မင်း အလို အတိုင်း ဖြစ်အောင် စောင့်ရှောက်ပါစေကွာ၊ ဒါမမဟုတ်လည်း ဘယ်လို လုပ်ရမလဲ ဆိုတာ မင်း ရှာရတော့မှာပဲ၊ သွားမယ်ဟေ့၊" ဆိုကာ ပြော ပြော ဆိုဆို နှင့် လမ်းခွဲသွားသည်။
"ဟုတ်တယ်၊ မင်းလည်း သေဖို့ပဲ ကောင်းတယ်" ဟု ရိုင်ဘင် က ခပ်တိုးတိုး ရေရွတ်လိုက်သည်။ "မင်းတို့ကိုလည်း လူလို မသတ်မှတ်တော့ဘူး၊ အက်ကြောင်းတွေ ဖာဖို့ ပူတင်း တွေ လို သဘောထားနေကြတာ၊ မင်းကို ကိုယ်စားလှယ် လုပ်ဖို့ အော်ဟစ်နေတဲ့ လူတွေကို မြင်တယ် မဟုတ်လား ပါဗယ်၊ မင်းကို ဆိုရှယ်လစ် တို့၊ ဆွပေးနေတဲ့လူ တို့ ခေါ်တာတွေလည်း ရှိသေး၊ မင်း အလုပ်ထုတ် ခံရ၊ အပြစ်ပေးခံရရင် ကောင်းမယ်လို့ တွေးနေတဲ့လူတွေ"
"သူတို့ ဖက်က ကြည့်ရင်လည်း မှန်တာပေါ့ဗျာ" ဟု ပါဗယ်က ပြန်ပြောလိုက်သည်။
"အချင်းချင်း အပိုင်းပိုင်း ပြတ်တဲ့အထိ ကိုက်ကြခဲကြ လုပ်နေတဲ့ ဝံပုလွေ တွေလည်း မှန်နေတာပဲလေ" ဟု ပြန်ပြောလိုက်သည့် ရိုင်ဘင် အသံသည် ပုံမှန် မဟုတ်ဘဲ တုန်ယင်နေသည်။ မျက်နှာကလည်း သုံမှုန်နေသည်။
ပါဗယ်သည် သူပိုင်ပစ္စည်း တခု ပျောက်သွားသလို၊ သို့ မဟုတ်ကလည်း ဘာမှန်းညာမှန်း မသိ၊ တခုခု ဆုံးရှူံးသွားတော့ မည်လား ဆိုသည့် အတွေးဖြင့် တနေ့လုံး စိတ်ထဲ မအီမသာ ဖြစ်နေသည်။
ညရောက်၍ အမေက အိပ်မော ကျသွားသော်လည်း ပါဗယ်သည် အိပ်ယာပေါ် လဲလျှောင်းရင်း စာဖတ်နေသည်။ ထိုအချိန်တွင် ပုလိပ်သားများ ရောက်လာပြီး အိမ်ထဲ၊ အိမ်ပြင်၊ ထပ်ခိုး ပါ မကျန် နေရာအနှံ ရှာဖွေကုန်ကြသည်။ သူတို့ မျက်နှာများကလည်း သုန်မှုန် နေကြသည်။
မျက်နှာဝါဝါ နှင့် အရာရှိဆိုသူသည်လည်း ပထမတကြိမ် က ကဲ့သို့ပင် လူတယောက်၏ စိတ်နှလုံး ထိခိုက် နာကျင်သွားအောင် လှောင်ပြောင် ဆဲရေး တိုင်းထွာနေပြန်သည်။ အမေသည် ဒေါင့်တဒေါင့် တွင် တိတ်တိတ်ဆိတ်ဆိပ်ပင် ရပ်နေရင်း သားဖြစ်သူ ၏ မျက်နှာကို မမှိတ်မသုံ စိုက်ကြည့်နေသည်။ ပါဗယ်ကလည်း သူ့မျက်နှာတွင် မည်သည့် ခံစားချက် မျိုး မှ မပေါ်အောင် အတတ်နိုင်ဆုံး ဖုံးဖိ နေသည်။
အရာရှိ လုပ်သူထံမှ ရယ်သံ ထွက်လာတိုင်း သူ၏ လက်ချောင်းများ ထူးထူးဆန်းဆန်း ကောက်ကွေး သွားသယောင် တွေ့နေရသည်။ သားဖြစ်သူ သည် တစုံတရာ မတုန့်ပြန် မိအောင် ပင်ပန်းကြီးစွာ ထိန်းချုပ်နေရသည်ကို အမေ သိနေသည်။ အမေသည် ပထမ တခါ လာရှာစဉ် တုန်းကလို စိတ်ထဲတွင် ကြောက်ရွံ့စိတ် ဖြစ်မလာဘဲ ရှေ့တွင် တွေ့နေရသော မီးခိုး ရောင် အင်္ကျီဝတ် လူများကို မုန်းတီးရွံရှာစိတ်များက အမေ၏ ကြောက်စိတ်ကို ဖုံးလွှမ်းသွားခဲ့သည်။
ပါဗယ်က လေသံတိုးတိုး ဖြင့် "ကျွန်တော်ကို ဖမ်းကြလိမ့်မယ်" ကပ်ပြောလိုက်သည်။
ခေါင်းကို ပါဗယ်ဖက် ပြန်ငဲ့ရင်းက "အမေ သိတယ် သား"
ထိုနေ့က အလုပ်သမား များကို ပါဗယ် ပြောခဲ့သည့် အတွက် သားဖြစ်သူ ကို ဖမ်းချုပ်ကြတော့မည် ဆိုသည်ကို အမေ သိနားလည် ခဲ့ပြီး ဖြစ်သည်။ အားလုံးကလည်း သူပြောသည်ကို သဘောတူခဲ့ကြသည့် အတွက် သူ့ဖက် က ဝိုင်းဝန်း ရပ်တည်ပေးသင့်သည်။ သို့ဆိုက သား ကို ကြာကြာ ချုပ်နှောင်ထား၍ ရမည် မဟုတ်။
အမေသည် သား ကို ပွေ့ဖက်ပြီး ရှိုက်ကြီးတငင် ငိုချ လိုက်ချင် နေမိသည်။ အရာရှိက သူတို့ကို မလိုတမာ မျက်လုံး များ ဖြင့် စောင့်ကြည့် နေသည်။ သူ၏ နှုတ်ခမ်းက တစပ်စပ် တုန်ယင်နေသလို ဖြစ်နေ၍ နှုတ်ခမ်းမွှေးကလည်း တလှုပ်လှုပ် နှင့် ဖြစ်နေသည်။ သူ့ ကြည့်ရသည် မှာ အမေက မျက်ရည်လည်ရွဲ နှင့် သား ဖြစ်သူ အတွက် တောင်းပန် တိုးလျိုး လာလေမလားဟု စောင့်ဆိုင်းနေပုံ မျိုး ဖြစ်နေသည်ဟု ထင်မိသည်။
အမေလည်း ဘာစကား မှ မထွက်မိအောင် အတတ်နိုင်ဆုံး ကြိုးစား ထိမ်းရင်း သားဖြစ်သူ ၏ လက်ကို ဖမ်းဆုပ်ထားရသည်။ ထို့နောက် အသက်အောင့်ပြီး လေသံ တိုးတိုးဖြင့် ...
"သားကို အမေ နှုတ်ဆက်တယ်၊ သား လိုတာတွေ အကုန် ယူပြီး ပြီလား"
"အကုန်ပါတယ် အမေ၊ စိတ်မပူနဲ့"
"သား နဲ့ အတူ ခရစ်တော် အတူ ရှိနေပါစေကွယ်"
******************