ချေ ၏ ပြောက်ကျားစစ် လက်စွဲ(14)

by Hla Soewai - Nov 17 2025

မြို့ပြ ပြောက်ကျားစစ် 

 

စစ်ပွဲ အတွင်း ပြောက်ကျား တပ်ဖွဲ့များသည် မြိုကြီးများ အတွင်း လှုပ်ရှားလာကြသလို အနီးအနား ရှိ ကျေးလက်ဒေသများသို့ ပါ လုံခြုံ စိတ်ချရသည့် အခြေအနေများ ဖန်တီးရန် အလို့ငှာ ထိုးဖောက် ဝင်ရောက်ခဲ့မည် ဆိုလျှင် အဆိုပါ တပ်ဖွဲ့များအား သင်တန်းများ ပို့ချပေးပြီး အထူးတပ်ဖွဲ့ အဖြစ် ဖွဲ့စည်း ပေးဖို့ မရှိမဖြစ် လိုအပ်သည်။

 

မြို့ပြ ပြောက်ကျား တပ်ဖွဲ့သည် ၎င်းတို့ သဘော နှင့် ၎င်းတို့ မည်သို့မျှ ထွက်ပေါ် မလာနိုင်၍ ၎င်းတို့ ရှင်သန် လှုပ်ရှား နိုင်ဖို့ အချို့သော အခြေအနေများ ဖန်တီး ပေးဖို့ မရှိမဖြစ် လိုအပ်သည်။

 

ထို့အတွက် အဆိုပါ ပြောက်ကျား တပ်ဖွဲ့သည် အခြားသော ‌ဇုံနယ်မြေ ရှိ အကြီးအကဲ များ၏ တိုက်ရိုက် ကွပ်ကဲမှု အောက်တွင် ရှိနေရမည်။ ၎င်းတို့ လုပ်ငန်း တာဝန်များကို မိမိသဘော နှင့် မိမိ မဆောင်ရွက်ဘဲ အခြားဒေသတစ်ခုရှိ ပိုမိုကြီးမားသော အဖွဲ့အစည်းများ၏ လုပ်ရပ်ကို ထောက်ပံ့နိုင်စေမည့် မဟာဗျူဟာမြောက် အစီအစဉ်များနှင့် ဆက်စပ်မိရန် ညှိနှိုင်းဆောင်ရွက်ရန်ဖြစ်သည်။ ၎င်းတို့သည် အခြားသော ပြောက်ကျားတပ်ဖွဲ့ အမျိုးအစားများကဲ့သို့ စစ်ဆင်ရေးဆိုင်ရာ လွတ်လပ်မှု မရှိ၍ တိကျသော နည်းဗျူဟာပိုင်းဆိုင်ရာ ရည်မှန်းချက်တစ်ခု အောင်မြင်ရန်အတွက် သီးခြား ပံ့ပိုးကူညီပေးရမည် ဖြစ်သည်။

 

ဥပမာ ဆိုရက မြို့ပြ ပြောက်ကျား တပ်ဖွဲ့သည် တယ်လီဖုန်း လိုင်းများကို ဖြတ်တောက်ခြင်း၊ နယ်မြေတခု အတွင်း ဝင်ရောက်တိုက်ခိုက်ခြင်း၊ မြို့ပြ နှင့် ခပ်လှမ်းလှမ်း လမ်းပေါ်တွင် ကင်းလှည့်နေသော စစ်သားများကို တိုက်ခိုက်ခြင်းကဲ့သို့ သော စစ်ဆင်ရေး မျိုးကို ‌၎င်းတို့ သဘောဖြင့် ရွေးချယ် လုပ်ဆောင်၍ မရ၊ ၎င်းတို့ အနေဖြင့် ပြောထားသည့် အတိုင်းသာ လုပ်ရမည် ဖြစ်သည်။ အကယ်၍ ၎င်းတို့အား တယ်လီဖုန်း တိုင်များ၊ ဓါတ်ကြိုးများကို ဖြတ်တောက်ခြင်း၊ မိလ္လာပိုက်များ၊ ရေပိုက်များ၊ မီးရထားလမ်းများ ကို ဖျက်ဆီးဖို့ ညွန်ကြားလာမှသာလျင် ထိုတာဝန်များကို သာ စွမ်းဆောင်ရေ အပြည့် နှင့် လုပ်နိုင်ရမည် ဖြစ်သည်။

 

မြို့ပြ ပြောက်ကျား တပ်ဖွဲ့ဦးရေသည် လေးငါးဦး ထက် မပိုသင့်ပေ၊ ထိုသို့ ကန့်သတ်ထားဖို့ အရေးကြီးသည်။ အဘယ်ကြောင့် ဆိုသော မြို့ပြ ပြောက်ကျား များသည် ၎င်းတို့ အတွက် လုံးဝ တပန်းမသာသော အနေအထား တွင် လှုပ်ရှားရဖို့ ရှိနေသည့် အတွက် ဖြစ်သည်။ ရန်သူဖက်က အထူး သတိဝိရိယ နှင့် ရှိနေကြမည့် အပြင် သစ္စာဖေါက်ခံရမှု နှင့် တုန့်ပြန် လက်စားချေလာနိုင်သည့် အလားအလာများ များပြားစွာ ရှိနေပြီးသား ဖြစ်နေသောကြောင့်ပင်။

 

နောက်ထပ် အခြေအ နေ တခုက ပြောက်ကျား တပ်ဖွဲ့သည် ၎င်းတို့ လှုပ်ရှားရမည့် နယ်မြေမှ ဝေးဝေးလံလံ သွား၍ မဖြစ်၊ အလျင်အမြန် လှုပ်ရှားပြီး ဆုတ်ခွာ နိုင်ရမည် ဖြစ်သည်။ စစ်ဆင်ရေး လုပ်မည့် နယ်မြေ မှ ဆုတ်ခွာရမည့် နေရာ သည်လည်း နေ့ဖက် တွင် ခို‌ အောင်း‌ နေရဖို့ လိုအပ်‌ နေ၍ လည်း အကန့်အသတ် ရှိနေသည်။

 

ညဖက်များ တွင် အစွမ်းကုန် လှုပ်ရှားရသည့် ပြောက်ကျား အဖွဲ့မျိုး ဖြစ်၍ စစ်ရေး အရှိန် အလွန် အမင်း မြင့်တက်လာပြီး မြို့ကို တိုက်ခိုက်လာသည့် အချိန် ရောက်လာသည့် အခါ တက်တက်ကြွကြွ ပါဝင် လာနိုင်သည့် အချိန် မရောက်မချင်း လက်ရှိ စစ်ဆင်ရေး ပုံစံကို ပြောင်းလဲရန် ဖြစ်နိုင်ခြေ လုံးဝ မရှိသေး‌။

 

ထိုကဲ့သို့ မိမိတို့ အတွက် တပန်းရှုံးနေသည့် နေရာမျိုး တွင် လှုပ်ရှားနေရသည့် ပြောက်ကျား တဦး အတွက် စည်းကမ်းသည် မရှိမဖြစိ လိုအပ်သည်။ စည်းကမ်းကို တိတိကျကျ ဖြစ်အောင် လိုက်နာရမည့် အပြင် သိုသို သိပ်သိပ် နေတတ်ရမည်။ အစားအသောက် အတွက် မိတ်ဆွေ ရင်းခြာ နှစ်ဦး သုံးဦး ထက် ပို၍ အားမကိုးသင့်၊ ထိုသို့သော အနေအထား တွင် အဝိုင်းခံရပါက အသက်ဆုံးရဖို့သာ ရှိသည်။

 

လက်နက် အမျိုးအစား သည်လည်း အခြားအုပ်စုများက သုံးနေသည်နှင့် တူချင်မှ တူပေလိမ့်မည်။ မိမိကိုယ် မိမိ ကာကွယ်နိုင်ဖို့ထက် အလျှင်အမြန် ထွက်ပြေး နိုင်ရန်၊ လုံခြုံစွာ ပုန်းအောင်း နိုင်ရန် ရန်သူဖက်က သဲလွန်စ မရ နိုင်သည့် နေရာမျိုးကို ရွေးချယ်သင့်သည်။ လက်နက်ပိုင်းတွင်လည်း တ‌ယောက် သို့မဟုတ် နှစ်ယောက် လက်တွင် ပြောင်းတို အော်တိုမက်တစ်များ ရှိသင့်ပြီး ကျန် အဖွဲ့ဝင်များ အတွက်မူ ပစ္စတို သေနတ်များသာ ကိုင်ဆောင်သင့်သည်။

 

မြို့ပြ ပြောက်ကျား တပ်ဖွဲ့ များသည် ၎င်းတို့အား တာဝန် ပေးထားသည့် ဖေါက်ခွဲ ဖျက်ဆီးရေး အလုပ်ကိုသာ အာရုံစိုက်ဖို့ ပို၍ လိုသည်။ ထိ‌ တွေ့ တိုက်ပွဲ များ ဖေါ်ဆောင်ရန် မည်သို့မျှ လုပ်၍ မဖြစ်၊ တခါတရံ ရန်သူ့ တပ်သား တယောက်စ နှစ်ယောက်စ ကို အလစ်အငိုက် တိုက်ခိုက်ကြခြင်းမျိုးသာ ရှိတတ်သည်။

 

ထိုသို့သော အရေးများ အတွက် မြို့ပြ ပြောက်ကျား တပ်ဖွဲ့တွင် ကိရိယာ မျိုးစုံ ရှိနေဖို့ လိုသည်။ ကောင်းစွာ အသုံးပြု၍ ရသော လွှ များ၊ ဒိုင်းနမိုက် များ၊ သံချွန်များ၊ ဂေါ်ပြားများ၊ မီးရထား သံလမ်းကို ဆွဲမ ၍ ရမည့် ပစ္စည်းများ၊ ယေဘုယျ ဆိုရလျင် ဆောင်ရွက်ရမည့် လုပ်ငန်းများ အတွက် ပစ္စည်း အမျိုး မျိုး ရှိထားရပေမည်။ ထိုပစ္စည်းများကို လိုအပ် ပါက လွယ်လင့်တကူ ထုတ်ယူနိုင်ပြီး လုံခြုံ စိတ်ချရမည့် နေရာမျိုးတွင် သိုဝှက်ထားရမည်။

 

ပြောက်ကျား တပ်ဖွဲ့ တဖွဲ့ထက် ပို ရှိနေလျင်တော့ လုပ်ရမည့် တာဝန်များ အတွက် စီမံ ကွပ်ကဲ နေသူ တဦးတည်းကိုသာ ညွှန်ကြားချက် ခံယူဖို့ ဆက်သွယ် ပြောဆိုရမည် ဖြစ်သည်။ ထိုသို့ ဆက်သွယ် ရာတွင် သာမန် အရပ်သားများ အဖြစ် နေထိုင်နေကြသော ယုံကြည်စိတ်ချရသူ များ မှ တဆင့်သာ ဆက်သွယ်ရပေမည်။

 

အချို့သော အခြေအနေများတွင် ပြောက်ကျားတို့သည် ၎င်းတို့၏ ယခင်က အလုပ်အကိုင်များကို ဆက်လက်လုပ်ကိုင်နိုင်သော်လည်း၊ ယင်းမှာ အလွန်ခက်ခဲသည်။ လက်တွေ့အားဖြင့် ပြောရလျှင် မြို့ပြပြောက်ကျားအဖွဲ့သည် ဥပဒေဘောင်ပြင်ပတွင် ရောက်ရှိနေပြီး၊ ဖော်ပြခဲ့ပြီးသည့်အတိုင်း မသင့်လျော်သော အခြေအနေများနှင့် စစ်ပွဲအတွင်း ရောက်ရှိနေသည့် ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းထား၍ ဖြစ်သည်။

 

မြို့ပြ ပြောက်ကျားစစ် သည် အလွန်တရာမှ ပင် ထူးခြား အရေးပါမှု ရှိသည်။ ထိုကဲ့သို့သော စစ်ဆင်ရေးမျိုးသည် နယ်မြေ အတိုင်းအတာ အရ ကျယ်ကျယ် ပြန့်ပြန့် လုပ်နိုင်စွမ်း ရှိသည့် အပြင် အရောင်းအဝယ် များ နှင့် စက်မှု လုပ်ငန်းများ ရပ်ဆိုင်းသွားနိုင်သည့်အထိ လုပ်နိုင်သည်။

 

ဒေသအတွင်းရှိ လူထု တရပ်လုံးသည် စိတ်ပူပန်မှု၊ စိတ်မသက်မသာဖြစ်မှုနှင့် မတည်ငြိမ်မှုများ ဖြစ်လာကြမည်။ လူများသည် ထိုသို့ စိတ်ဂယောက်ဂယက် ဖြစ်လာနေသည်မှ သက်သာရာ ရစေနိုင်မည့် ကြီးမားသည့် အပြောင်းအလဲ တခုခု ဖြစ်လာဖို့ စောင့်ဆိုင်းနေရသည်ကိုပင် စိတ်မရှည် ဖြစ်လာသည်။

 

စစ်ပွဲ ကြီး စတင်လာချိန်တွင် ထိုသို့ ဖြစ်ပေါ်လာနိုင်သည်ကို ကြိုတင် ခန့်မှန်း တွက်ချက်ထားသော မြို့ပြ ပြောက်ကျား များသည် လုပ်ငန်း ကျွမ်းကျင် နေပြီ ဖြစ်၍ ပို၍ပင် လျှင်မြန်စွာ ဆောင်ရွက်နိုင်စွမ်း ရှိလာ၍ အဖိုးတန် အချိန်များ ကို ချွေတာနိုင်ပြီး အသက်များကို ကယ်တင်နိုင်မည်လည်း ဖြစ်သည်။

 

***************