ရေဆုံး မြေဆုံး အမဲလိုက် ခံရသော နာဇီ ခေါင်း ‌ဆောင် များ(6)

by Hla Soewai - Nov 17 2025

ဟင်မလား သေဆုံးသွားသော်လည်း တရားဥပ‌ဒေ စက်ကွင်း မှ တိမ်းရှောင် ထွက်ပြေးနေသည့် နာဇီ ရာဇဝတ်ကောင် အမြောက်အမြား ရှိနေဆဲပင် ဖြစ်သည်။ စစ်ပြီးကာစ ဖြစ်၍ ဂျာမဏီ တွင် အနယ်နယ် မှ လူများ တနေရာမှ တနေရာသို့ ဝင်ထွက်သွားလာနေချိန်လည်း ဖြစ်၍ အခြေအနေများ ရှုပ်ထွေးကာ ဖရိုဖရဲ ဖြစ်နေချိန်လည်း ဖြစ်သည်။

 

အဒေ့ါ ဟစ်တလာ နှင့် ဟင်းနရစ်ခ်ျ ဟင်းမလား တို့ က သေဆုံးသွားကြပြီ ဖြစ်သည်။ သို့သော် ရက်စက်မှု အပေါင်း သရဖူ ဆောင်းခဲ့ကြသည့် နာဇီ လူသတ်သမား အများစုက‌ တော့ မဟာမိတ်တို့၏ ကျော့ကွင်းမှ လက်တလုံးခြား လွတ်ထွက် သွားခဲ့ကြသည်။

 

ဟစ်တလာ၏ ကိုယ်ရေး အရာရှိ မာတင် ဘောမင်း သည် ဆရာသမား ဖြစ်သူ အဆုံးစီရင်သွားပြီး နောက် သုံးရက်ကြာသည် အထိ ဘာလင် မြေအောက် ဘန်ကာထဲတွင် ခိုအောင်းနေခဲ့သည်။ ထို့နောက်တွင်‌ တော့ ဟစ်တလာ ကိုယ်တိုင် စစ်ပြီးနောက် နာဇီ ပါတီကို ဆက်၍ ကွပ်ကဲသွားရန် ရွေးချယ် ထားသည့် ဘောမင်းသည် ပျောက်ချင်းမလှ ပျောက်ကွယ်သွားခဲ့သည်။

 

အရှေ့ပိုင်းတွင်တော့ အသက် သုံးဆယ့် လေးနှစ်ရှိ သမားတော် ဂျိုးစက် မင်ဂလီး သည် ရှေ့သို့ တိုးလာနေသော ဆိုဗီယက် တပ်များ၏ ဖမ်းဆီးခံရမည့် ဘေးမှ လွတ်မြောက်ရာ လွတ်မြောက်ကြောင်း အနောက်ဖက်ခြမ်းသို့ ဦးတည် ပြေးလွှားနေသည်။ 

 

"သေမင်း၏ စေတမန်" ဟု ခေါ်ကြသော အက်စ်အက်စ်-ဟာ့ပ်စ်တမ်ဖူးရား မင်ဂလီ သည် ပိုလန်နိုင်ငံရှိ နာမည်ဆိုးဖြင့် ကျော်ကြားသော အော့ရှ်ဝစ်ဇ် မရဏစခန်းတွင် အကျဉ်းသားများကို ကြောက်မက်ဖွယ်ကောင်းသော ဆေးဘက်ဆိုင်ရာ စမ်းသပ်မှုများ ဖြင့် အပြစ်မဲ့ လူ ထောင်ပေါင်းများစွာ ကို သတ်ဖြတ်ခဲ့မှု များ ကို ကြီးကြပ် ကွပ်ကဲခဲ့သူ ဖြစ်သည်။ ၎င်းအား ဖမ်းမိလျင် ကြိုးပေး ကွပ်မျက်ခံရမည်ကို ကောင်းစွာသိနားလည် ထား၍လည်း ယခုအခါ ဂျာမဏီ နိုင်ငံ အတွင်း ရှိ လမ်းများပေါ်တွင် တိုးဝှေ့ သွားလာနေကြသော ဒုက္ခသည်များ ဟန်ဆောင်ပြီးရောထွေး သွားလာနိုင်ရန် လုံးပမ်းလာခဲ့သည်။

 

ပြင်သစ်တွင်တော့ "လီယွန် သားသတ်သမား" ဟု နာမည်ဆိုး ထွက်နေသည့် ကလော့စ် ဘာဘီ ရှိနေသည်။ ၎င်းသည် ပြင်သစ် နိုင်ငံသား ထောင်ပေါင်းများစွာကို သတ်ဖြတ်ခဲ့သည့် အပြင် ကလေး သူငယ် များစွာကိုလည်း အော့ရှ်ဝဇ် မရဏ စခန်းသို့ ပို့ဆောင်ပေးခဲ့သူလည်း ဖြစ်သည်။ ယခု အခါတွင်တော့ ၎င်းကို ကွပ်မျက်ရန် အပူတပြင်း လိုက်လံ ရှာဖွေနေသော ပြင်သစ် တော်လှန်ရေး သမား များ လက်မှ လွတ်ထွက်သွားခဲ့သည်။

 

ဩစတီယား တွင်တော့ နာဇီအားလုံးထဲ တွင် ရက်စက်မှု အပေါင်း သရဖူ ဆောင်းနိုင်ခဲ့သည့် အဒေါ့ဖ် အိုက် ခမန်း ရှိနေသည်။ ထိုပုဂ္ဂိုလ်သည် လူ သန်း ပေါင်း များစွာကို သေမင်းထံ ပို့ဆောင်ပေးခဲ့သူ ဖြစ်ပြီး ယခုအခါ လူကြားထဲ ပုန်းအောင်း နေသည်။ ၎င်းသည် အေးအေးလူလူပင် စစ်ကြီးက ၎င်းနှင့် မဆိုင်ခဲ့သည့်အလား မိသားစု ရှိရာ လင့်ဇ် သို့ပြန်လာခဲ့သည်။

 

ဘော်မင်း၊ မင်ဂလိ၊ ဘာဘီ၊ အိုက်ခမန်း တို့ လေးဦးသည် မှောင်ရိပ်ခို လွတ်မြောက်သွားသော ထောင် နှင့် ချီ သည့် SS စစ်ရာဇဝတ်ကောင်များထဲတွင် ပါဝင်သွားခဲ့သည်၊ ထိုသို့ လက်မတင်လေး ထွက်ပြေး နိုင်အောင် နှင့် ၎င်းတို့အား လိုလားသည့် နိုင်ငံများ တွင် ဘဝသစ် ကို စတင် နိုင်အောင် စစ်ပြီးခေတ် နောက်ပိုင်း ဖွဲ့စည်းထားသည့် နာဇီ ယန္တရားကြီးက နိုင်ငံကူး လက်မှတ်များ အတု များ နှင့် နယ်ခြား ဖြတ်ကျော် နိုင်အောင် အကူအညီ ပေးခဲ့ကြသည်။

 

ထိုလုပ်ရပ်များ ကို တန်ပြန် နိုင်ရန် အတွက် "နာဇီ အမဲလိုက် သမားများ" ဆိုသည့် အမည်ဖြင့် လုပ်ကြံသတ်ဖြတ်ခြင်း၊ ပြန်ပေးဆွဲခြင်း များ လုပ်နိုင်ရန် အဖွဲ့ငယ်များ ဖြန့်ကျက် ဖွဲ့စည်းလာခဲ့ကြသည်။

 

ဤသို့ဖြင့် SS တို့အား ယမမင်းထံ ပို့ဆောင်ပေးမည့် လုပ်ငန်းများ ကျားကုတ်ကျားခဲ စတင်လာခဲ့ ပေတော့သည်။

 

*************

 

These real stories will unravel in the following chapters.