နိုင်ငံတော် သီချင်း ဆိုပြီး သွားသည့် အခါတွင်တော့ လူအုပ်ကြီးက စင်ပေါ်တက်လာကြပြီး ကွန်ဂရက် အမတ်မင်းအား ကောင်းချီး ဩဘာ ပြုကြသည်။ အချို့ကျတော့ မာန်မာန ရှိသည့် ဟန်ဖြင့် ထိုင်ရာက မထဘဲ ရှိနေကြသည်။ ဆိုနီ ကို ရှာဖို့ လှည့်ကြည့်လိုက်သည့် အခါ မှတ်စုစာအုပ် နှင့် ဖောင်တိန်ကိုင် ပြီး မစ္စက် မိုရီ အနီးတွင် ရပ်နေသည်ကို တွေ့လိုက်ရသည်။ ကွန်မြူနစ် ပါတီ သုံးသည့် ကြွေးကြော်သံ အတိုင်းပါလားဟု ပြောသည်။ မစ္စက် မိုရီက ပုခုံးတွန့်ပြရင်း ကြွေးကြော်သံ ဆိုတာ အနှစ်သာရ ကင်းတဲ့ သူလို ကိုယ်လို ဝတ်စုံမျိုး၊ ဘယ်သူမဆို ဝတ်လို့ရတယ်၊ ဆန်နီက အဲ့စကားတော့ ကျွန်တော် ကြိုက်သွားပြီ၊ ထဲ့သုံးလို့ ရတယ် မဟုတ်လား။
ကျွန်တော်က သူတို့ နှစ်ယောက်ကို မိတ်ဆက် ပေးလိုက်ပြီး အနီးကပ်ပြီး ဓါတ်ပုံ မရိုက်ဘူးလားဟု မေးလိုက်သည်၊ ဆန်နီက ပြုံးရင်း သတင်းစာက အခြေအနေ ကောင်းလာတော့ ဓါတ်ပုံဆရာ ငှားထားလို့ ရပြီ၊ ကျွန်တော့် အတွက်က ကွန်ဂရက် အမတ်ကို ကောင်းကောင်း အင်တာဗျုးပြီးသွားပြီ၊ ကျည်ကာ အင်္ကျီ တောင် ဝတ်ထားရမလိုဘဲ၊ တချိန်လုံး ပစ်နေတာ။
မစ္စက် မိုရီက အဖြူတွေ လုပ်နေကျ အမူအကျင့်ပါ။ အဖြူ တယောက် က အာရှဘာသာစကားတစ်ခုခုက စကားလုံး နည်းနည်း လောက်ကို သင်ယူလိုက်တာနဲ့၊ ကျမတို့ ဘယ်လိုမျိုး အားရပါးရ သဘောကျနေလဲဆိုတာကို သတိထားမိဖူးလား။ ရေတခွက်လောက် သောက်ချင်တယ် ပြောလိုက်တာနဲ့ အိုင်းစတိုင်း ကျနေတာပဲ ဆက်ဆံခဲ့ကြတာ၊ ခင်ဗျား ဒီရောက်နေတာ ကျွန်တော် တို့ထက် စောတယ် မဟုတ်လား ဟု ဆန်နီက တလေးတစား မေးလိုက်သည်။
ခင်ဗျား သတိထားမိလား၊ ကျွန်တော်တို့ အာရှသားတွေ အင်္ဂလိပ်စကား ပြောရင် အတော်လေး ကို အပြစ်အနာ အဆာ ကင်းနိုင်မှ တော်ယုံကျတာ၊ နင့်မို့ဆို အလှောင်ခံရဖို့ များတယ်၊ မစ္စက်မိုရီ က ဒီရောက်နေတာ ဘယ်လောက်ကြာကြာ အဖြူတွေက ကျမတို့ကို နိုင်ငံခြားသား လို့ သဘောထားပြီးသား။ အဲ့တာကို အခြား တဖက်က မြင်လို့ရသေးလား ဟု သွေးကြောထဲတွင် ကော့ညက်များ စီးဝင်လည်ပတ် နေသည့် ကျွန်တော်က ဗလုံးဗထွေး နှင့် ပြောလိုက်သည်။ ကျွန်တော်တို့ အင်္ဂလိပ်စကားကို ပိုင်ပိုင်နိုင်နိုင် ပြောနိုင်မယ်ဆိုရင် အမေရိကန်တွေက ကျွန်တော်တို့ကို ယုံကြည်လာလိမ့်မယ်။ အဲဒီအခါကျ ကျွန်တော်တို့ကို သူတို့ထဲက တစ်ယောက်လို့ သတ်မှတ်ဖို့ ပိုပြီး လွယ်ကူသွားနိုင်တယ်။
မောင်ရင် အဲ့လို လူမျိုး ဖြစ်နေတာ မဟုတ်လား၊ ဆန်နီ၏ မျက်လုံးများသည် အမည်းရောင် ထဲ့ထားသည့် ကားပြတင်းပေါက် မှန်များလို မကြည်လင်ဘဲ ခပ်မှိုင်းမှိုင်း ဖြစ်နေသည်။ သူ အတော်လေး ပြောင်းလဲသွားပြီဟု ကျွန်တော် ထင်မြင်ခဲ့မှု က မှားယွင်းသွားခဲ့သည်။ ကျွန်တော်တို့ နှစ်ဦး ပထမဆုံး အကြိမ် တွေ့ပြီးကတည်းက နောက်ပိုင်း သိပ်မတွေ့ဖြစ်ခဲ့။ တကယ်တော့ သူသည် သူ၏ ပင်ကိုယ် စရိုက်လက္ခဏာ ကို အသံ အတိုးအကျယ် လုပ်သလိုမျိုး တိုး ထားခဲ့ခြင်းသာ ဖြစ်သည်။ ဆန်နီက အခု ကွန်ဂရက် အမတ်ကိုကော ဘယ်လိုမြင်လဲ။
ကျွန်တော့် နာမည် သုံးပြီး ထည့်ရေးမှာလား။
အမည် မဖေါ်လိုသော လူတဦးက ပေါ့ဗျာ။
သူက ကျွန်တော် တို့ ဖြစ်ပျက် ကြုံတွေ့ ခဲ့ရသမျှ ထဲမှာ တော့ အကောင်းဆုံးလို့ ပြောလို့ရပါတယ် ဟု ကျွန်တော်က ပြောလိုက်သည်။ ဤသည်က လိမ်ပြောခြင်း မဟုတ်။ အကောင်းဆုံး အမှန်တရား၊ အနည်းဆုံးတော့ အဓိပ္ပါယ် နှစ်မျိုး ရှိသည့် အမှန်တရားသာ ဖြစ်သည်။
*****************
နောက် သီတင်းပတ် အကုန်တွင်တော့ ကွန်ဂရက် အမတ်၏ အလားအလာ ကို သုံးသပ်နိုင်မည့် အခွင့်အလန်း ထွက်ပေါ်လာခဲ့သည်။ နေသာသော တနင်္ဂနွေ နံနက်ခင်းတွင် ကျွန်တော်သည် ဗိုလ်ချုပ်ကြီး နှင့် မဒမ်ကို ဟော်လီဝုဒ် မှ ဟမ်တင်တန် ကမ်းခြေ ဖက်သို့ ကားမောင်း ပို့ပေးခဲ့ရသည်။ ထိုနေရာ တဝိုက် တွင် နေသော ကွန်ဂရက် အမတ်သည် ဗိုလ်ချုပ်ကြီး နှင့် ဇနီးအား နေ့လည်စာ စားရန် ဖိတ်ကြားထား၍ ဖြစ်သည်။
ဗိုလ်ချုပ်ကြီးတွင် ယာဉ်မောင်းရှိသည်ဆိုသော ဂုဏ်ထူးဘွဲ့ထူးက ချက်ဗလက် နိုဗာ ကားအသစ်ထက်ပင် အထင်ကြီးစရာ ဖြစ်နေသည်။ ကျွန်တော် အလုပ်က သူတို့၏ အတိတ်ဘဝ နှင့် ဖြစ်နိုင်ခြေ ရှိသော အနာဂတ် လမ်းကြောင်းတွင် ထောင် ချောက်တခု အဖြစ် ရှိနေဖို့ပင် ဖြစ်သည်။
တနာရီလောက် ကားမောင်းခဲ့ရသည့် လမ်းတလျောက် ပြောလာသည်များက ကွန်ဂရက် အမတ် အကြောင်းများသာ ဖြစ်နေသည်။ ကျွန်တော်က လာနာ အကြောင်း မေးလိုက်သည်။ သူမသည် အလွန်ရင့်ကျက်ပြီး ကြီးပြင်းလာပြီဟု ကျွန်တော့်အမြင်ကို ပြောခဲ့သည်။ ကားနောက်ကြည့်မှန်ထဲတွင်၊ မဒမ်၏ မျက်နှာသည် ဒေါသကို မနည်းချုပ်တီးထားရဟန်ဖြင့် မဲမှောင်သွားသည်ကို မြင်လိုက်ရသည်။
ဒီကောင်မ က လုံးဝ ရူးသွားပြီဟု မဒမ်က ပြန်ပြောသည်။ သူ ရူးတာ ကို မိသားစုပဲ သိစေ ဆိုပြီး ဖုံးဖိထားရတာ၊ အခု သူက လူတွေ့ ရှေ့မှာ "အဆိုတော်" ဆိုပြီး လှုပ်ရွ ပြနေတာသာ ကြည့်တော့၊ တယောက်ယောက်က အဆိုတော် ဖြစ်ဖို့ အရည်အချင်း ရှိတယ်လို့ ချီးကြူးပါလိမ့်မယ်၊ အဲ့တာ ကို အဟုတ် မှတ်သွားတာ။ ရှိတာတော့ ရှိပါတယ်၊ ဗိုလ်ကြီး လည်း သွားမစနဲ့၊ မြှောက်မပေးလေနဲ့၊ အခု သာ ကြည့်လိုက်၊ အပျက်မ လို ဖြစ်နေတာ၊ အဲ့လို ဖြစ်အောင် မွေးထားတာ ကျနေတာဘဲ၊ ဘယ်လို မိကောင်းဖခင် သားသမီးမျိုး က သူ့ ယူ မှာတဲ့လဲ၊ ဟုတ်တယ် မဟုတ်လား ဗိုလ်ကြီး၊ နောက်ကြည့် မှန် မှ တဆင့် မဒမ် နှင့် မျက်လုံးခြင်း ဆုံမိသွားသည်။ အဲ့ဒီလို မျိုးတော့ ကျွန်တော် လက်ထပ်ချင်မှာ မဟုတ်ပါဘူး မဒမ်လို့ ကျွန်တော်က ပြန်ပြောလိုက်သည်။ ပြောသည်က အမှန် ဖြစ်သော်လည်း နှစ်ဖက် ကွဲပြားနေသည့် အမှန်မျိုး ဖြစ်နေသည်။ ဘာလို့လဲဆိုတော့ သူ့ကို စင်ပေါ်မှာ မြင်လိုက်ရတဲ့အချိန်တုန်းက လက်ထပ်ဖို့ဆိုတာ ကျွန်တော့်စိတ်ထဲ ပထမဆုံး ဝင်လာတဲ့ အရာ မဟုတ်ခဲ့လို့ဘဲ။ အေးလေ ဘယ်သူ က လုပ်ချင်မှာတဲ့လဲဟု မဒမ်က စိတ်တိုသည့် လေသံ ဖြင့် ပြန်ပြောသည်။
အမေရိကား တွင် နေထိုင်ရသည့် အဆိုးဆုံး အချက်သည်ကား အကျင့်ပျက် မှု ပင် ဖြစ်သည်။ ကိုယ့် နိုင်ငံ ထဲတွင်တော့ ထိုကဲ့သို့ အကျင့် ပျက် မှု မျိုးကို ဘားတွေ၊ နိုက်ကလပ် တွေ၊ စစ်စခန်းတွေ ထဲမှာပင် ထိန်းချုပ် ထားနိုင်ခဲ့သည်။ ဒီမှာတော့ အမေရိကန်တွေ အရမ်းကြိုက်တဲ့ ညစ်ညမ်းမှု ၊ တိမ်ဖျင်းမှု နဲ့ ပေါ့ပျက်မှု များကနေ ကျွန်တော်တို့၏ ကလေးများကို ကာကွယ် ပေးနိုင်တော့မည် မဟုတ်။
သူတို့ ခွင့်ပြုထားသည်က လွန်လွန်ကျူးကျူး ပင် ဖြစ်သည်။ သူတို့တွင် 'ချိန်းတွေ့တယ်' လို့ ဆိုသည့် အရာကို ဘယ်သူမှ နှစ်ခါတောင် စဉ်းစားမနေကြ။ 'ချိန်းတွေ့တယ် (date)' ဆိုခြင်းသည် အယောင်ပြ စကားမျိုးသာ ဖြစ်သည် ဆိုတာကို ကျွန်တော်တို့ အားလုံး သိကြသည်။ ဆယ်ကျော်သက် အရွယ် သမီးကို လိင်ဆက်ဆံခွင့် ပြုရုံမကဘဲ ဆန္ဒအလျောက် အားပေးသည့် မိဘမျိုး ဘယ်မှာ ရှိပေမည်နည်း။ ဤသည်က တုန်လှုပ်စရာပင်။ ယင်းသည် ကိုယ်ကျင့်တရားဆိုင်ရာ တာဝန်ယူမှု ကို စွန့်ပစ်လိုက်ခြင်း မျိုးသာ ဖြစ်သည်။