နုရင်ဘတ် ခုံရုံးတွင် အပြစ်ပေး ခံရသည့် နာဇီများ ထဲတွင် SS အဖွံ့ဝင် ဟူ၍ ဗိုလ်ချုပ်ကြီး အန့်စ် ခေါ့လ်တန်ဘရူးနားသည်သာ ပါဝင်ခဲ့သည်။ ကျန်သူများက ပုံနှိပ် ထုတ်ဝေသူများ၊ စက်မှု လုပ်ငန်းရှင်များ၊ နိုင်ငံရေး သမားများ၊ သံအမတ်ကြီးများ နှင့် စစ်သားများ သာ ဖြစ်သည်။ နာဇီ ဂျာမဏီ တွင် ရာဇဝတ်မှု အများအပြားအား သွေးအေးအေး ဖြင့် ကျုးလွန်ခဲ့ကြသော စစ်သားများအစား တာဝန်ရှိသူများ အပေါ် သာ စွဲချက်များ တင်ခဲ့သလို ဖြစ်လာသည်။
SS ဗိုလ်ချုပ်ကြီး ခေါ့လ်တန်ဘရူးနား အား ၁၉၄၆ အောက်တိုဘာ ၁၆ ရက်နေ့ သန်းကောင်ယံ လွန်ပြီး မကြာမီမှာပင် ကြိုးပေး ကွပ်မျက်ခဲ့ကြသော်လည်း အခြား ထောင် ပေါင်းများစွာသော SS အရာရှိများ နှင့် စစ်သားများသည် လူသတ်မှု ဖြင့် စွဲချက်တင်ခံရခြင်း မှ လွတ်ကင်းနေဆဲ ဖြစ်သည်။
တကယ်တမ်းတွင် ဂျုးများကို သတ်ဖြတ်ခဲ့ရာတွင် ဂိုဏ်းဆရာကြီး ဖြစ်ခဲ့သူ အဒေါ့ဖ် အိုက်ခမန်းအား စစ်ကြီး အပြီးမှာပင် ဖမ်းဆီးရမိခဲ့ပြီး ဖြစ်သည်။ သို့သော် ၎င်းအား ဖမ်းဆီး ထိန်းသိမ်းထားခဲ့သည့် မဟာမိတ် တပ်များသည် အိုက်ခမန်း ဖြစ်သည် ဆိုသည်ကို ရိပ်စားမိခဲ့ကြခြင်း မရှိပေ။
ဤသို့ဖြင့် အိုက်ခမန်းသည် ဘာဗေးရီယား ရှိ အမေရိကန် သုံ့ပန်းစခန်းမှ ထွက်ပြေး လွတ်မြောက်သွားပြီး အစအန ရှာမရအောင် ပျောက်ကွယ်သွားခဲ့သည်။ ၎င်း မည်သည့်နေရာတွင် ရောက်နေပြီ ဆိုသည်နှင့် ပတ်သက်၍ တကမ္ဘာလုံး တွင် ထင်ကြေး အမျိုးမျိုး နှင့် ပဟေဠိ လို ဖြစ်လာခဲ့ပြီး ကာလ အတန်ကြာအောင် စုန်းစုန်း မြုပ်နေခဲ့သည်။
*****************************
အခန်း (၃)
December 24, 1946
Rome, Italy
9:00 P.M
ဘင်နီ ဖရင့်ဇ်သည် ဥရောပ သို့ နောက်တခေါက် ခြေချခဲ့ရပြန်သည်။
ထိုအချိန်တွင် နုရင်ဘတ် စစ်ခုံရုံးသည်လည်း အဆုံးသတ်လု နီး ဖြစ်လာနေသည်။ သတိုးသား ဖရင့်ဇ် နှင့် သတိုးသမီး ဂါးထရုဒ် တို့ ဥရောပသို့ ဟန်နီးမွန်း ထွက်လာကြခြင်း ဖြစ်သည်။
ယခုလည်း ရောမ ရှိ အထင်ကရ လမ်းမကြီး ဖြစ်သော ဗီယာ ဗစ်တိုရီယိုး ဗေနဲတိုး ပေါ် လျှောက်လာရင်း အအေးထဲ အနေကြာလာ၍ တည်းခိုမည့် အစ်ဇ်ဆဲလ်စီယာ ဟိုတယ်ကြီး ဆီ သွားပြီး အနားယူဖို့ စိတ်စောနေကြသည်။ သူတို့ နှစ်ဦးစလုံးသည် ဂျူးများ ဖြစ်သော်လည်း ဖရင့်ဇ် အလုပ်ရှိရာ ဘာလင် သို့ မပြန်မီ ပုပ်ရဟန်းမင်းကြီး ပိုင်ယပ်စ် ၁၂ ၏ ဗာတီကန် တွင် ပြောမည့် သန်းကောင်ယံ ဆုတောင်းပွဲ မိန့်ခွန်းကို နားထောင်ဖို့လည်း စိတ်အားထက်သန် နေကြသည်။
လက်ရှိတွင် စစ်ရာဇဝတ်မှု များကို တရားစွဲဆိုမှု များသည် စစ်ဖက်မှ အရပ်ဖက် အရာရှိများထံ ရောက်လာနေချိန် ဖြစ်သည်။ အထူးသဖြင့် ကရိုနီ စက်မှု လုပ်ငန်းရှင်များအား နိုင်ငံတကာ ဥပဒေများကို ချိုးဖောက်မှု ဖြင့် တရားစွဲနေပြီ ဖြစ်သည်။
ဖရင့်ဇ်သည် ဗိုလ်မှူးချုပ် တဲလ်ဖို့ တေလာ အောက်တွင် အလုပ်လုပ်ရဖို့ ရှ်ိနေသည်၊ ပင်တဂွန် မှ တရားစွဲဆိုရန် စီစဉ်ထားသည့် အမှု ဆယ်နှစ်မှု အတွက် တေလာအား တရားလို ရှေ့နေ အဖွဲ့ ဖွဲ့စည်းပြီးသက်သေ အထောက်အထားများ စုဆောင်းထားရန် ညွှန်ကြား ထားခဲ့သည်။
ဖရင့်ဇ် ၏ အလုပ်သည် ဘာလင်ရုံးခွဲ၏ အကြီးအကဲ အဖြစ် နာဇီ တို့ တရားဝင် သိမ်းဆည်းထားသော မှတ်တမ်းမှတ်ရာများကို ရှာဖွေပြီး သက်သေ အထောက်အထား အဖြစ် ယခင် ပဲရစ် နှင့် ဖရန့်ဖွတ်တို့ တွင် ရရှိထားခဲ့သည်များ နှင့် ပေါင်းစပ်ပေးရန် ဖြစ်သည်။
ဤသို့ဖြင့် ဖရင့်ဇ် နှင့် အဖွဲ့သည် တနေ့ပြီး တနေ့ နာဇီတို့ ဘဏ္ဍာငွေကြေး ပိုင်းတွင် အကြီးအကျယ် မတော်မတရား လုပ်ခဲ့မှုများကို ရရှိထားသည့် မှတ်တမ်းများထဲ မှ အသေးစိတ် ရှာဖွေလာခဲ့ကြရသည်။ ဤသည်က လွန်စွာ အရေးပါသည့်အပြင် လုပ်ငန်းသဘောလည်း သက်ဝင်နေသည်။
စစ်ပွဲကြီး ပြီးဆုံးသွားသည် နှင့် နုရင်ဘတ် တရားခွင်တွင် အမှုများကို တခုပြီး တခု စီရင်ချက် ချလာနိုင်ပြီး ကွပ်မျက်ခြင်းများ လည်း ထွက်ပေါ်လာနေသည်။ နောက်ထပ် စစ်ဖက်ဆိုင်ရာ မှ တာဝန်ရှိသူ များ ရုံးတင် စစ်ဆေးဖို့ မကျန်သလောက် ဖြစ်လာခဲ့သည်။
ယခုအချိန်အထိ ဘင်နီ ဖရင့်ဇ် နှင့် ဂါးထရုဒ် တို့၏ ပျားရည်ဆမ်း ခရီးသည် ဂျာမဏီ၊ ဆွစ်ဇာလန်၊ အီတလီ တို့ သွားရောက်လည်ပတ်ခဲ့ကြ၍ အမှတ်ရစရာ များ နှင့် ပြည့်နှက်ခဲ့ရသည်။ သူ တို့ နှစ်ဦး သည် မီလန် မြို့ပြင်ရှိ ဓါတ်ဆီဆိုင်သို့လည်း သွားကြည့်ဖြစ်ခဲ့သည်။ ထိုဓါတ်ဆီဆိုင် ရှေ့ ဓါတ်တိုင်တွင် အီတလီ အာဏာရှင် ဘင်နီတို မူဆိုလိုနီ နှင့် မယားငယ် ဖြစ်သူအား ဒေါသ ထွက်နေသော လူအုပ်ကြီးက ကြိုးပေး ကွပ်မျက်ခဲ့သည့် နေရာလည်း ဖြစ်သည်။
ရောမ တွင်တော့ သူတို့ တည်းခိုမည့် အစ်ဇ်ဆဲလ်စီယာ ဟိုတယ်တွင် အခန်းလွတ် မရှိသည့် အဖြစ်နှင့် ကြုံခဲ့ရ၍ အဆင်မပြေ ဖြစ်ခဲ့ရသည်။ နောက်ဆုံးတွင် ကုတင်ပေါ်ရှိ မျက်နှာကြက်တွင် မီးလေး တပွင့်သာ ထွန်းပေးထားသည့် ခပ်စုပ်စုပ် ဟိုတယ်တခုတွင် တည်းခဲ့ကြရသည်။ ၎င်းတို့ အဖို့ ပင်ပန်း နွမ်းနယ်နေပြီး အချိန်ကလည်း ည ဆယ်နာရီ ထိုးနေပြီ ဖြစ်သည်၊ ညဆယ့်နှစ်နာရီ သန်းကောင်ယံ တွင် ပုပ်ရဟန်းမင်းကြီး၏ ဆုတောင်းဝတ်ပြုပွဲသို့ သွားဖို့လည်း ရှိနေသည်။ အခန်းမီးလည်း မပိတ်တော့၊ အပူဓါတ်ကလည်း မရှိ၍ အဝတ်အစားပင် လဲမနေတောပဲ ကုတင်ပေါ် လှဲချလိုက်ကြသည်။
မကြာမီမှာပင် ဇနီးဖြစ်သူ၏ "အမ်မယ်လေး နှစ်နာရီ တောင် ရှိနေပါပကောလား" ဟု အလန့်တကြား အော်ဟစ်လိုက်သံကြောင့် ဖရင့်ဇ်သည် လန့်နိုးသွားခဲ့သည်။ ပုပ်ရဟန်းမင်းကြီး၏ သန်းကောင်ယံ ဆုတောင်း ဝတ်ပြုပွဲ နှင့် လွဲသွားခဲ့ရချေပြီ၊ ဘာမှလည်း လုပ်၍မရတော့၍ ဘုရားသခင်၏ အလိုတော် အတိုင်း ဖြစ်သွားရတာ ဆိုကာ ဆက်အိပ်လိုက်ကြရသည်ဟု ဖရင့်ဇ်က သူ၏ မှတ်တမ်းထဲတွင် ရေးသားထားခဲ့သည်။
ဘင်နီ ဖရင့်ဇ်သည် ပုပ်ရဟန်းမင်း၏ ဆုတောင်း ဝတ်ပြုသည်ကို နောင်လည်း မကြားခဲ့ရတော့၊ သို့သော် နာဇီ အမဲလိုက်သမား သူ နှင့် ပုပ်ရဟန်းမင်းတို့ ပြန်၍ အကြောင်းဆုံဖို့ ဖြစ်လာခဲ့ရသည်။
နှစ်သစ်ကူး အကြို့နေ့တွင် ဖရင်းဇ် တို့ ဇနီးမောင်နှံသည် ဘာလင်သို့ ပြန်ရောက်လာခဲ့ကြသည်။ ၁၉၄၇ သည် အာရုံကျင်း အလင်းရောက်တော့မည် ဖြစ်သည်။ ထိုနှစ်ကိုကား ဘင်နီ ဖရင်းဇ်သည် မည်သည့် အခါမျှ မေ့နိုင်တော့မည် မဟုတ်ပေ။
******************
ဘင်နီ ဖရင့်ဇ် အား အမေရိကန် အစိုးရ မှ ဂျာမဏီ သို့ ပြန်သွားရန် "ဖြောင်းဖျ နားချခဲ့၍'" ရောက်လာသည်မှာ ၁၉၄၇ နွေဦး တွင် တနှစ် ပြည့်လာခဲ့ပြီ ဖြစ်သည်။ ဖရင့်ဇ် ၏ စက်မှု လုပ်ငန်းရှင် ကရိုနီ များ ၏ ရာဇဝတ်မှု များအား စုံစမ်း ဖေါ်ထုတ်နေမှု များက အရှိန်ရလာခဲ့သည်။ တဆက်တည်းမှာပင် အခြားသော စစ်ရာဇဝတ်မှု ကျုးလွန်ခဲ့ကြသူများကိုလည်း အာရုံ စိုက်နေခဲ့ရသည်။ ထိုအထဲတွင် နှစ် နှစ်မျှ အကျဉ်းချ ခံထားရပြီး လွတ်ရန် လ ပိုင်းသာ လိုတော့သည့် အော်တို အိုလင်းဒေါ့ဖ် (ပုံတွင် တွေ့နိုင်) လည်း ပါသည်။ ဖရင့်ဇ်သည် ထိုကဲ့သို့ အဖြစ် အရောက်မခံ နိုင်သူ ဖြစ်သည်။
၎င်းနှင့် ပတ်သက်၍ အရေးပါသော အလှည့် အပြောင်း တခုက ထွက်ပေါ်လာခဲ့၍ စက်မှု လုပ်ငန်းရှင်များအား စုံစမ်းစစ်ဆေးနေမှု များမှ ရုတ်တရက် လမ်းကြောင်း ပြောင်းလိုက်ရသည်။ ဘာလင် ရှိ တမ်ပယ်ဟော့ဖ် လေဆိပ် နှင့် အလှမ်းဝေးသည့် တိုးချဲ့အဆောက်အအုံတခု အတွင်း ဝှက်ထားသော အစီရင်ခံစာများ ထဲမှ သတင်းအချက်အလက်များ ရှာဖွေ တွေ့ရှိလာခဲ့သော ကြောင့်ပင် ဖြစ်သည်။
အဆိုပါ ဖိုင်များထဲတွင် ဂက်စတာပို လျို့ဝှက် စစ်ပုလိပ် အဖွဲ့မှ အော်လင်းဒေါ့ဖ် ဦးစီး ကွပ်ကဲနေသည့် ရွှေ့ပြောင်း သုတ်သင်ရှင်းလင်းရေး အဖွဲ့ အုပ်စု (D) ၏ လှုပ်ရှားနယ်မြေများ အတွင်း နေ့စဉ် ဆောင်ရွက်ချက်များ ကို ပြုစုထားသော မှတ်တမ်းများ ပါဝင်နေသည်။
နုရင်ဘတ် စစ်ခုံရုံးမှ SS၊ ဂက်စတာပို နှင့် SS လက်အောက်ခံ ထောက်လှမ်းရေး နှင့် လုံခြုံ ရေး အဖွဲ့ Sicherheitsdienst (အတိုကောက် SD) တို့အား အီတလီ မာဖီယား ဂိုဏ်းများ နှင့် တန်းတူ ရာဇဝတ် ဂိုဏ်းများ အဖြစ် သတ်မှတ်ထားပြီးလည်း ဖြစ်သည်။ ၎င်းတို့၏ ဆောင်ရွက်ချက် မှတ်တမ်းများက ရက်စက်ကြမ်းကြုပ်မှု များ နှင့် ပြည့်နှက်နေသည်။ နာဇိ အဖွဲ့ကြီး ၏ အလွန် တိကျစွာ ပြဋ္ဌာန်းထားသော ရည်မှန်းချက်များကို မြှင့်တင်နိုင်ရန် လုပ်ဆောင်ခဲ့ကြသည်မှာ ထင်ရှားလှသည်။ ထို့အပြင် သတ်လို ဖြတ်လိုစိတ် သက်သက်ဖြင့် အကြောင်းပြချက် တစုံတရာ မရှိဘဲ အစုလိုက် အပြုံလိုက် သတ်ဖြတ်နေကြသည် ဆိုသည်မှာ လည်း သိသာ ထင်ရှားစွာ ထွက်ပေါ်လာခဲ့ပြန်သည်။
"ဂဏန်းပေါင်းစက်လေးတစ်လုံး နဲ့ အသတ်ခံခဲ့ရတဲ့ လူအရေအတွက်တွေကို ကျွန်တော် ထဲ့ ထဲ့ပေါင်းကြည့်ခဲ့တယ်” လို့ ဖရင်းဇ်က ရေးသားခဲ့သည်။ “သေဆုံးသူ အရေအတွက်က တစ်သန်းကျော်သွားတဲ့အခါမှာတော့ ကျွန်တော် ဆက်မပေါင်းတော့ဘူး။ အဲဒီပမာဏ နဲ့ပင် ကျွန်တော့်အတွက် လုံလောက်သွားပြီ ဖြစ်လို့ ကျွန်တော် နုရင်ဘတ်ကိုသွားမယ့် နောက်ဆုံးလေယာဉ်ကို အပြေးအလွှား တက်လိုက်ခဲ့တော့တာပါပဲ။"