အင်္ဂလိပ်-မြန်မာ စစ်ပွဲများ (၁၈၂၄-၁၈၈၆)(12)

by Hla Soewai - Jan 26 2026

အင်းဝဘုရင်၏ ရက်စက်ကြမ်းကြုတ်သော အုပ်ချုပ်မှုကြောင့် ဗြိတိသျှတပ်များ ရန်ကုန်သို့ ခြေချလိုက်သည်နှင့် တစ်ပြိုင်နက် ကျွန်ပြုခံထားရသော မြန်မာတို့က ၎င်းတို့အား လွတ်မြောက် အောင် လုပ်‌ ပေးသူများ အဖြစ် ဝမ်းမြောက်ဝမ်းသာ ကြိုဆိုကြလိမ့်မည်ဟု ဘုရင်ခံချုပ် လော့ဒ်အင်းမတ်စ် က ခပ်ပေါ့ပေါ့ ယူဆခဲ့သည်။ ထို့အပြင် မြန်မာတို့သည် ဗြိတိသျှတို့ လိုအပ်သမျှ ရိက္ခာ၊ ကျွဲနွား၊ လှေနှင့် လှေထိုးသားများကိုလည်း နှောင့်နှေးကြန့်ကြာမှုမရှိဘဲ သက်သာသောဈေးနှုန်းများဖြင့် ကူညီထောက်ပံ့ပေးကြလိမ့်မည်ဟု လည်း ထင်မှတ်ခဲ့လေသည်။

 

ဗြိတိသျှစစ်တပ်၏ အတိတ်သမိုင်းတွင် ယခုကဲ့သို့သော မျှော်လင့်ချက်မျိုးမှာ မှားယွင်းကြောင်း အတွေ့အကြုံများစွာ ရှိခဲ့ဖူးပြီးလည်း ဖြစ်သည်။ အနီးစပ်ဆုံး သာဓကတစ်ခုမှာ ၁၇၉၉ ခုနှစ်တွင် ဆာ ရက်ဖ် အာဘာခရွန်ဘီ ဟော်လန်နိုင်ငံသို့ ဝင်‌ ရောက် ကျူးကျော်စဉ်က ဖြစ်သည်။ ထိုစဉ်ကလည်း အော်ရိန့်စ်ပါတီ (Orange party) သည် ၎င်းတို့အား ကူညီရန် ပုန်ကန် ထကြွလာလိမ့်မည်ဟု ယုံကြည်ခဲ့ကြသည်။ သို့သော် အမှန်စင်စစ်တွင်မူ ပြည်ပကျူးကျော်သူများ ရောက်ရှိလာခြင်းသည် ပြည်တွင်းပဋိပက္ခများကို အဆုံးသတ်စေပြီး ပြည်သူများကို တစ်စိတ်တစ်ဝမ်းတည်းဖြစ်အောင် စုစည်းပေးလိုက်သကဲ့သို့ ဖြစ်ကာ စည်းလုံးသော ခုခံတွန်းလှန်မှုနှင့်သာ ရင်ဆိုင်ရလေ့ရှိသည်။ ထိုစဉ်ကလည်း အော်ရိန့်စ်ပါတီထံမှ မည်သည့်ထောက်ခံမှုမျှ မရရှိခဲ့သည့်အပြင် ရိက္ခာနှင့် သယ်ယူပို့ဆောင်ရေး အကူအညီများလည်း လုံးဝမရရှိခဲ့ဘဲ ရန်လိုမုန်းတီးမှုနှင့်သာ ရင်ဆိုင်ခဲ့ရလေသည်။

 

ထိုသို့သော သင်ခန်းစာများ ရှိနေသည့် ကြားမှပင် ကမ်းဘဲလ်သည် သူ၏ အကောင်းမြင် ခဲ့မှု ၏ ဒုက္ခပေးခြင်းကို လှလှကြီး ခံခဲ့ရလေပြီ၊ မြို့နေလူထု က ၎င်းတို့အား ကြိုဆိုမည်ဟု မျှော်လင့်ထားသော်လည်း ယခုအခါတွင်တော့ လူသူကင်းမဲ့ ပြီး ဟာလာဟင်းလင်း ဖြစ်နေသည့် နှင့် ကြုံခဲ့ရသည်။

 

တကယ်တမ်း တွင် မြန်မာတို့ဘက်မှ ခုခံမှုများသည် ဒေသခံပြည်သူများအား ၎င်းတို့၏ အဖိုးတန်ပစ္စည်းများကို ယူဆောင်ကာ မြို့တွင်းမှ ထွက်ခွာနိုင်ရန် အချိန်ဆွဲပေးခြင်းသာ ဖြစ်သည်မှာ မကြာမီမှာပင် ထင်ရှားလာခဲ့သည်' ဟု ဒိုဗီတန် က ရေးသခဲ့သည်။ အင်္ဂလိပ်တို့ဘက်မှ ဒေသခံများအနေဖြင့် မိမိတို့နှင့် ပူးပေါင်းပါက မြန်မာ ဘုရင်၏ လက်အောက်မှ လွတ်မြောက်စေမည်ဟူသော မျှော်လင့်ချက်များ၊ သို့မဟုတ် ကတိကဝတ်များကို ပေးထားခဲ့ကြားမှ ဖြစ်လာခဲ့ခြင်း ဖြစ်သည်။

 

ရန်ကုန် မြို့နေ ‌ယောက်ျား၊ မိန်းမ ကလေးသူငယ်များ ပါမကျန် ထိုသို့ အိုးအိမ်များ စွန့်ခွာပြီး အနီးအနားရှိ တောတန်းကြီးများဆီသို့ မိုးရာသီ ဝင်ကာစ တွင် ဒုက္ခ ဆင်းရဲခံပြီး ထွက်ပြေး ပုန်းအောင်းခဲ့ကြရခြင်းသည် ထိတ်လန့် စိုးရိမ်စရာ အချက် နှစ်ချက် ရှိနေ၍ ဖြစ်သည်။ ပထမ တချက်က ထိုသို့ ထွက်ပြေးရန် အမိန့်ကို မနာခံပါက ကွပ်မျက်ခံရမည် ကို ကြောက်ကြ၍ ဖြစ်သည်။ နောက်တချက်က ‌‌ရွှေနန်းရှင် ဘုရင်မင်းမြတ်၏ တပ်များက မိစ္ဆာ ကုလားဖြူများကို အလျင်အမြန် ချေမှုန်းကြမည်လည်း ဖြစ်၍ အကယ်၍ ဆက်‌ ‌နေမည်ဆိုက တိုက်ပွဲ များ အကြား ပိတ်မိကာ အသက် ဆုံးရှုံး သွားနိုင်သည့် အရေးကြောင့်ပင် ဖြစ်သည်။

 

ဗိုလ်ချုပ်ကြီး ကမ်းဘဲလ်၏ စစ်ဘက်အတွင်းဝန် ဖြစ်သူ ဗိုလ်မှူး စနော့ဒ်ဂရပ်စ် အဖို့တော့ အရာအားလုံးက အနည်းငယ် မတရားသလို ခံစားနေရသည်။ ‘ကျွန်ုပ်တို့အား ရိက္ခာထောက်ပံ့နိုင်မည့် တစ်ဦးတည်းသောသူများဖြစ်ကြသည့် ဒေသခံပြည်သူများက ကျွန်ုပ်တို့ကို စွန့်ခွာသွားကြသည်။ ကုန်းကြောင်းဖြင့်ဖြစ်စေ၊ ရေကြောင်းဖြင့်ဖြစ်စေ ရွှေ့ပြောင်းနိုင်မည့် နည်းလမ်းများလည်း မရှိ၊ မိုးရာသီကလည်း စတင်ဝင်ရောက်နေပြီဖြစ်သည်။ ကျွန်ုပ်တို့အတွက် ရှေ့တွင် ရန်ကုန်၏ ညစ်ပတ်စုတ်ပြတ်လှသော တဲစုတ်များထဲ၌ ရေရှည်နေထိုင်ရန်မှတစ်ပါး အခြားမျှော်လင့်ချက် မရှိတော့ချေ။ ရိက္ခာအတွက် သင်္ဘောများကိုသာ အားကိုးနေရပြီး၊ ကျန်သည့်ရိက္ခာအနည်းငယ်ကိုမူ ကျွန်ုပ်တို့၏ ရိက္ခာရှာဖွေရေးတပ်ဖွဲ့များက တိုင်းပြည်အတွင်းပိုင်းအထိ ပင်ပန်းကြီးစွာ ခရီးရှည်ချီတက် ရှာဖွေရယူရပေလိမ့်မည်။’ ဟု ရေးသားခဲ့သည်။

 

သူ၏ တည်ငြိမ်လှသော စိတ်နေသဘောထားနှင့် ဆန့်ကျင်ဘက်ဖြစ်နေသည့် ပါးသိုင်းမွှေး နီနီရဲရဲ နှင့် ကမ်းဘဲလ်သည် ညည်းညူပြစ်တင်တတ်သည့် အလေ့အထ မရှိသလောက်ပင် ရှားသည်ဟု ဆိုရမည် ဖြစ်သည်။ သို့သော် အရာရာကို သေချာကျနအောင် လုပ်ဆောင်တတ်သည့် မိမိ၏ အစဉ်အလာကို လျစ်လျူရှုကာ၊ ကံတရားနှင့် ကျူးကျော်ခြင်းခံရသည့် မြန်မာတို့၏ ဟန်ဆောင်ခင်မင်မှုကိုသာ အားကိုးမိခဲ့သည့်အတွက် သူသည် သူကိုယ်သူ အပြစ်တင် ကျိန်ဆဲ နေမည်မှာ အသေအချာပင် ဖြစ်သည်။

 

ယခုအခါတွင်တော့ မိုးဦးကျချိန် ဘုရားပုထိုးများ နှင့် ဝါးတဲ များသာ ကျန်ရှိတော့သည့် မြို့ကြီးတွင် ဗြိတိသျှ နှင့် အိန္ဒိယ စစ်သား ၁၁,၀၀၀ အတွက် ရိက္ခာဟူ၍ မဆိုသလောက်သာ ကျန်တော့သည့် အဖြစ် နှင့် ကြုံလာရပြီ ဖြစ်သည်။ မကြာမီ တောနက်ကြီးများ နှင့် ရေကန်ကြီးများသဖွယ် ဖြစ်သွားတော့မည့် ရွှံ့နွံအိုင်ကြီးများကလည်း မည်သို့မျှ လှုပ်ရှား၍ မရနိုင်အောင် တားဆီးထားတော့မည် ဖြစ်သည်။ မြန်မာစစ်တပ် မည်သည့်နေရာတွင် ရှိနေသည်ကိုလည်း လုံးဝ ခန့်မှန်း၍ မရအောင် ဖြစ်နေသည်။

 

ထိုသို့ လွန်စွာ စိုးရိမ်စရာကောင်းသော အကျပ်အတည်းတစ်ခု ဖြစ်နေသော်လည်း၊ ပို၍ဆိုးရွား သွားခဲ့သည်က ထိုညတွင် ကုန်းပေါ်သို့ တက်ရောက်လာသည့် အင်အား သုံးထောင်နှင့် လေးထောင်ကြားရှိသော ဗြိတိသျှတပ်ဖွဲ့ဝင်များ အကြား ထိန်းမနိုင်သိမ်းမရ အောင် စည်းမဲ့ကမ်းမဲ့ ပြုကျင့်လာကြ၍ ကမ်းတက် စစ်ဆင်ရေး တစ်ခုလုံးကို အန္တရာယ်ကျရောက်စေခဲ့ခြင်းပင် ဖြစ်သည်။

 

ရန်ကုန်မြို့သည် ရွှေ၊ ငွေနှင့် ကျောက်သံပတ္တမြားများ ပြည့်နှက်နေသည့် 'အလာဒင်၏ ရတနာဂူ' ကြီးသဖွယ် ဖြစ်သည်ဟူသော သတင်းမှာ တစ်နည်းနည်းဖြင့် ပျံ့နှံ့သွားခဲ့သည်။ မြို့ထက် အမြင့်ပေ လေးရာခန့်တွင် လန်ဒန်ရှိ စိန့်ပေါလ် ဘုရားကျောင်းကြီး ကဲ့သို့ ထီးထီးမတ်မတ် မြင့်မားစွာ တည်ရှိနေသော ရွှေတိဂုံ စေတီတော်ကြီးကို ကြည့်ခြင်းအားဖြင့်လည်း ထို သတင်းသည် ဟုတ်မှန်နိုင်သည်ဟု ထင်မှတ်စရာ ဖြစ်ခဲ့သည်။

 

ထို့နောက်တွင်တော့ စစ်သားများသည် အုပ်စုများ ခွဲ၍ လူသူ ကင်းမဲ့နေသော လမ်းများ တွင် ရတနာ ရွှေငွေများ အရှာ ထွက်လာကြတော့သည်။ သို့သော် ဗမာ တို့က ၎င်းတို့ရှိ အဖိုးတန် ရွှေငွေ များကို တပါတည်း ယူသွားကြ၍ ဘာတခုမျှ ရလာခဲ့ကြခြင်း မရှိပေ။ ၎င်းတို့ ရှာတွေ့ သွားကြသည်က ဥရောပ ကုန်သည်ကြီး တဦး နေထိုင်ရာ အိမ် မြေအောက် ထပ်တွင် ကျွန်းတံခါးကြီး ဖြင့် အခိုင်အခံ ပိတ်လှောင်ထားသော အခန်းတခန်း ကို တွေ့သွားကြ၍ သော့ခလောက်အား သေနတ်များ ဖြင့် ပစ်ခတ်ဖျက်ဆီးပြီး တံခါးကို တွန်းဖွင့် ကြည့်လိုက်ကြရာ ပြင်သစ် လုပ် ဘရန်ဒီ အရက် စည်များ အတန်းလိုက် စီရီ ထားသည်ကို တွေ့လိုက်ကြရသည်။

 

မိနစ် အနည်းငယ် အတွင်း ဗြိတိသျှ တပ်သား များ မူးရူး ကုန်ကြတော့သည်။ အရက်များက ၎င်းတို့ ကမ်းတက် တပ်ဖွဲ့ တဖွဲ့လုံး သောက်၍ မကုန် နိုင်လောက် အောင်ပင် များပြားနေသည်။ ချက်ခြင်းလိုပင် သတင်းပျံ့သွားပြီး ထိုနေရာသို့ အားလုံး စုဝေး ရောက်လာကြသည်။ ပုံမှန်အားဖြင့် စည်းကမ်းစနစ် ကျလှပါသည်ဟု ကျော်ကြားခဲ့သော ဗြိတိသျှ စစ်သည်များသည် လမ်းမများ ပေါ်တွင် မူးရူးပြီး ပိုးလိုးပက်လက် ဖြစ်ကုန်ကြပေတော့သည်။

 

လမ်း ကောင်းကောင်း လျှောက်နိုင်ကြသေးသူများ က အခြားနေရာများကို ဆက်ရှာလျင် ဒီထက် တန်ဖိုးကြီးကြီး တွေ့နိုင်သည်ဟု ဆိုကာ ရှေ့ဆက်ကြပြန်သည်။ ကျဉ်းမြောင်းသော လမ်းများ တလျောက် လက်ထဲတွင် မီးတုတ်များ ကိုင်ကာ ယိုင်တိယိုင်ထိုး ဖြင့် လျောက်လာရာမှ လမ်းဘေးရှိ အိမ်တအိမ် ကို မတော်တဆ လော၊ သို့မဟုတ် တမင်ရည်ရွယ်၍ လော မသိ မီးစွဲ သွားခဲ့သည်။

 

မီး တောက်သည် ချက်ခြင်းလို တလမ်းပြီး တလမ်း ကူးစက်သွားပြီး မြို့တဝက် နီးပါး မီးစွဲ လောင်သွားခဲ့သည်။ ၎င်းတို့ ပင် မီးထဲတွင် ပိတ်မိတော့မည့် အန္တရာယ် နှင့် ကြုံလာကြရ၍ ရေတပ် အုပ်စု မှ ကယ်တင်ပေးခဲ့ရသည်။

 

လစ်ဖီ သင်္ဘောကြီး ပေါ်ရှိ ရေတပ် အကြီးအကဲ ကွန်မိုဒိုး ဂရန့်သည် မီးငြိမ်းသတ် နိုင်ရန် အတွက် ၎င်း၏ သင်္ဘောသားများထဲမှ ရနိုင်သမျှ လူအင်အား ကို ဆွဲထုတ်၍ ကုန်းပေါ်သို့ လွှတ်လိုက်သည်။ နောက်ဆုံးတွင် တဟုန်ထိုး လောင်ကျွမ်းနေသော မီးတောက်မီးလျှံ များကို ငြိမ်းသတ် နိုင်ခဲ့သော်လည်း ရန်ကုန်မြို့ တဝက်ခန့်သည် ပြာပုံဘဝ ရောက်သွားခဲ့ရပြီ ဖြစ်သည်။

 

ထိုအတောအတွင်း အရာရှိများသည် ဘရန်ဒီ သောက်ပြီး မူးယစ်နေသော စစ်သားများကို ပစ္စတိုသေနတ်ဖြင့် ချိန်ရွယ်မောင်းထုတ်၍ ရှင်းလင်းခဲ့ကြသည်။ ထို့နောက် ဗိုလ်ချုပ်ကြီးကမ်းဘဲလ်၏ အမိန့်အရ ဘရန်ဒီ အရက်စည်ပေါင်း နှစ်ရာ၊ သုံးရာခန့်ကို မြေကြီးပေါ်သို့ စိတ်မချမ်းမြေ့စွာ သွန်ပစ် ခဲ့ကြရသည်။

 

ယခုအခါ တွင် ၎င်းတို့၏ စစ်ဆင်ရေးကား အန္တရာယ် နှင့် ကြုံလာရပြီ ဖြစ်သည်။ ဗမာ တို့ဖက်က အချိန်မရွေး တန်ပြန် တိုက်ခိုက်လာနိုင်ပြီး၊ အရက်မူးနေသော စစ်သားများအား ရန်ကုန် မြစ်ထဲသို့ မောင်းချ ပစ်ကြပေတော့မည်။ ထို့အတွက် ကုန်းပေါ်ရှိ စစ်သားများကို ကယ်တင်ပေးခဲ့သည့် ရေတပ်သားများကို သာ အားကိုးရဖို့ ရှိတော့သည်။

 

သို့သော် ဗမာတို့ဖက်က ရလာသည့်အခွင့်အရေးကို အသုံးချရကောင်းမှန်း မသိခဲကြ၊ မီးခိုး တလူလူ ထွက်နေသော ရန်ကုန်မြို့ ပေါ်သို့ နေ့အလင်းရောင်က ကျရောက်လာခဲ့ပြီ ဖြစ်သည်။ ဗြိတိသျှ သင်္ဘောသားများနှင့် အိန္ဒိယ စစ်ဗာရီ အနည်းငယ် မျှသာဖြင့် မြို့ကို ထိန်းချုပ်ထားနိုင်ခဲ့သည်။ ထိုအချိန်တွင် ဗြိတိသျှ တပ်ရင်းများမှ စစ်သားများကမူ လက်နက်ကိုပင် မြဲအောင်မကိုင်နိုင်တော့သည်အထိ အလွန်အကျွံ မူးယစ်နေကြဆဲ ဖြစ်သည်။