နှစ်ဆယ်ရာစုနှစ် အကျော်ကြားဆုံး တရားခွင်များ(20)

by Hla Soewai - Jan 26 2026

ရထားပေါ် ရန်ပွဲမှသည့် ကမ္ဘာကျော်သည် အထိ ဖြစ်ခဲ့ရသော အမှု (နိဂုံး)

 

လီဘိုးဝဇ် သည် အပြစ်မရှိရှာသည့် ၎င်း၏ အမှုသည်များ ထောင်ဒဏ် ကျခံရမည့် အရေးကို လက်ခံဖို့ စိတ်လက် မသက်မသာ ဖြစ်နေသည်။ သို့သော် နိုက် ဖက်က အသာစီး ရနေသည်ကိုလည်း သိနေသည်။ အပြစ်ရှိသည် မရှိသည် ဖြစ်စေ ၎င်း၏ အမှုသည်များ အဖို့ အမှု ထပ်စစ်လည်း အပြစ်ရှိကြောင်း စီရင်ချက် ချခံရမည် သာ ဖြစ်သည်။ လီဘိုးဝဇ် လည်း စိတ်လက် မချမ်းသာစွာဖြင့် နိုက် ပြောလာသည်ကို လက်ခံလိုက်ရသည်။

 

သို့သော် အလာဘားမား ရှေ့နေချုပ်သည် ၎င်းတို့ နှစ်ဦးကြား ရရှိထားသော သဘောတူ ညီချက်ကို အကောင်အထည် မဖေါ်နိုင်မီမှာပင် ရုတ်တရက် ကွယ်လွန် သွားခဲ့သည်။ နောက် တပတ် အကြာတွင် တရားသူကြီး ကလာဟန် မှ နောက်ထပ် အမှုများကို ဆက်၍ စီရင်သွားမည်ဟု ကြေညာလာခဲ့သည်။

 

စကော့တ်ဘိုရို တရားခွင် တွင် အမှု ဆိုင်နေရသော လူမည်း ကိုးဦး အနက် ခုနှစ်ဦးသည် ယခုအခါ ရုံးတင်ခြင်း မခံရဘဲ အကျဉ်းချ ခံထားရသည်မှာ ခြောက်နှစ် ကျော်လာခဲ့ပြီ ဖြစ်သည်။ ဟေးဝုဒ် ပက်တာဆန် အပြင် ၁၉၃၇ တွင် ကလဲရင့် နော်ရစ်သည် တတိယ အကြိမ် အမှု စစ်ဆေးအပြီး အပြစ်ဒဏ် စီရင်ခံခဲ့ရသည်သာ ရှိပေသေးသည်။ ယခုအခါ နောက်ထပ် သုံးဦးအား ဆက်တိုက်ဆိုသလို တရားစီရင်လာပြီး နှစ်ရှည် ထောင်ဒဏ်များ ချမှတ်ခဲ့ကြသည်။

 

ထို့နောက်တွင်တော့ သတင်းကောင်း ထွက်ပေါ်လာခဲ့သည်။ တရားလို အစိုးရ ရှေ့နေများက ကျန် လေးဦး အပေါ် စွဲဆိုထားမှု များကို ရုပ်သိမ်းလိုက်ပြီ ဆိုသော သတင်းပင် ဖြစ်သည်။ လီဘိုးဝစ်ဇ် က လွတ်လာသူများကို တရားရုံးထဲမှ ခေါ်ထုတ်လာပြီး အသင့် စောင့်ဆိုင်းနေသော ကားပေါ် တင်ပေးလိုက်သည်။ အားလုံး ကားထဲ ရောက်သည်နှင့် ချက်ခြင်းဆိုသလိုပင် တင်နက်စီ နယ်ခြား ရှိရာသို့ မောင်းထွက်သွားခဲ့သည်။ သူတို့ အားလုံး အလာဘာမား ပြည်နယ်မှ လွတ်မြောက်လာကြပြီ ဖြစ်သည်။ သို့သော် "စကော့တ်ဘိုရို လူကလေးများ" ဆိုသည့် အရိပ်မည်းကြီး နှင့် ခြောက်နှစ်တာ အကျဉ်းချ ခံခဲ့ရသည့် အိမ်မက်ဆိုးကြီးမှ တော့ လွတ်မြောက် နိုင်ခဲ့ကြခြင်း တော့ မရှိပေ။

 

၎င်းတို့ အားလုံး သည် ဘဝလမ်းခရီး အသွယ်သွယ်သို့ ဆက်လက် လျှောက်လှမ်းသွားကြသည် - အိမ်ထောင်ပြုခြင်း၊ အရက်စွဲခြင်း၊ အလုပ်အကိုင်များ၊ ဖခင်ဘဝ၊ မျှော်လင့်ချက်၊ စိတ်ပျက်အားလျော့မှု၊ ရောဂါဝေဒနာ နှင့် နောက်ဆုံးတွင် မိမိကိုယ်ကိုယ် အဆုံးစီရင်ခြင်းများဆီသို့ ပင် ဖြစ်သည်။

 

အလာဘားမား တွင် ကျန်ခဲ့သော ငါးဦးကတော့ ၎င်းတို့ ဆက်၍ အကျဉ်းချ ခံနေရခြင်းကြောင့် ကျန်လူများ လွတ်မြောက်သွားခဲ့ရသည်ဟု စိတ်ထဲတွင် စွဲ ကျန်ရစ်ခဲ့ကြရသည်။ ငရဲတမျှ ဆိုးဝါးလှသော အကျဉ်းထောင်ထဲတွင် ဆက်၍ ရုန်းကန်ကြရရှာသည်။ ၎င်းတို့သည် မိုဘိုင်းမြို့ အနီးရှိ အက်မိုး အကျဉ်းထောင်ထဲတွင် နေ ကြရသည်၊ ထို အကျဉ်းထောင်သည် အဆိပ်ပြင်းမြွေများ၊ တဖက်သားကို နှိပ်စက်ရမှ ကျေနပ်ကြသည့် ရက်စက်ကြမ်းကြုတ်သော ထောင်ဝါဒါများနှင့် အနိုင်ကျင့်ဗိုလ်ကျတတ်သည့် အကျဉ်းသားများဖြင့် ပြည့်နှက်နေသော ကြောက်မက်ဖွယ်ရာ နေရာလည်း ဖြစ်သည်။

 

ဘာမင်ဂန် မြို့ အနီးရှိ ကေလ်ဘီ ထောင်သည် လျပ်စစ် ကုလားထိုင် ဖြင့် သေဒဏ် စီရင်သော အလာဘာမား၏ တခုတည်း‌ သော နေရာ လည်း ဖြစ်သည်။ အကျဉ်းထောင်ထဲရှိ ဟေးဝုဒ် ပက်တာဆန်၏ အလုပ်များထဲတွင် သေဒဏ် စီရင်ခံရသော အကျဉ်းသားများ၏ အလောင်းများကို အပြင်သို့ သယ်ထုတ်ပေးရသည့် အလုပ်လည်း ပါဝင်သည်။ ၎င်းတို့ ငါးဦးစလုံး အသက်ကို မနည်း ရှာကြံ မွေး၍ နေ နေကြရပြီ ဖြစ်သည်။

 

နောက်ဆုံး ၁၉၅၀ ‌ရောက်လာချိန်တွင်တော့ ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့် ပေးခြင်း၊ ထွက်ပြေး လွတ် မြောက်သွားခြင်း တို့ဖြင့် စကော့တ်ဘိုရို အမှု ဖြင့် အကျဉ်းကျ ခံနေရသူ အားလုံး အလာဘာမား အပြင်သို့ ရောက်ရှိကုန်ကြသည်။ ၁၉၇၆ တွင် နောက်ဆုံး အသက်ရှင်ကျန်ရစ်သူ ကလာရင့်စ် နော်ရစ်သည် အယ်လာဘာမား ပြည်နယ် အုပ်ချုပ်ရေးမှုး ဂျော့်ခ်ျ ဝေါ့လေ့စ် ကိုယ်တိုင် လက်မှတ်ရေးထိုးပြီး အပြစ်မှ အပြီးအပိုင် လွတ်ငြိမ်းခွင့် ပြုသည်ဆိုသော အမိန့်ပြန်တမ်းကို လက်ခံရရှိသွားခဲ့သည်။

 

စကော့တ်ဘိုရို အမှု သည် အမေရိကန် သမိုင်းတွင် လွန်စွာ မှ ရှက်ဖွယ်လိလိ မတရားမှု ကို ဖေါ်ကျုး ပြသခဲ့သည့် အမှု ဟု ဆိုရမည် ဖြစ်သည်။ ၁၉၃၀ ကျော် နှစ်များ အတွင်း အမေရိကန် တောင်ပိုင်း၏ အတွင်းကျကျ ဒေသများ တွင် လူမည်း များ၏ ဘဝ သည် မည်သို့မျှ အရေးမပါလှသည်ကို ပြဆိုခဲ့ခြင်းလည်း ဖြစ်သည်။ ဂျုရီများက တရားခံ များ အပြစ်ရှိသည် မရှိသည် ဖြစ်စေ လီဘိုးဝစ်ဇ် နှင့် အမေရိကန် တနိုင်ငံလုံးအား မိမိတို့ ဒေသ၏ လူနေမှု စနစ်၊ တရားစီရင်ရေး ပုံစံ ကို လာမနှောက်ယှက် နဲ့ ဟူ သော မက်ဆေ့ခ်ျ ကို ပေးလိုခြင်းက အဓိက ဖြစ်လာသည်။

 

သို့ဆို၍ ထိုဒေသ တခုလုံးအား လူမျိုးရေး ခွဲခြားမှု ရှိသည်ဆိုကာ ပြည်နယ် တခုလုံးကို ခြုံ၍ ပြစ်တင် ရှုတ်ချဖို့ စိတ်ကူး ပေါ်လာခဲ့လျင် ရိုးရှင်းလွန်းရာကျသလို မတရားရာလည်း ရောက်မည် ဖြစ်သည်။ ထို အမှု အတွက် တရားမျှတမှုရဖို့ နည်းလမ်းပေါင်းစုံနှင့်တိုက်ပွဲဝင်ခဲ့ကြသော သတ္တိခဲ သတင်းစာအယ်ဒီတာများ၊ ရှေ့နေများ၊ သာသနာပြုဆရာများ နှင့် တခြားသော တောင်ပိုင်းသား လူကောင်းများလည်း အများအပြား ရှိနေ၍ ဖြစ်သည်။

 

တောင်ပိုင်းသားများ ထဲမှာမှ တစ်ဦး၏ လုပ်ရပ်သည် တခြားသူများ ထက် ထူးထူးခြားခြား ပေါ်လွင်နေသည်။ ဤသည်က တရားသူကြီး ဂျိမ်းစ် ဟော်တွန် ၏ ဆုံးဖြတ်ချက်ပင် ဖြစ်သည်။ ထို ဆုံးဖြတ်ချက်ကြောင့် ၎င်း၏ အသက်မွေးဝမ်းကျောင်း အလုပ်အပေါ် မည်သို့သော ဆိုးကျိုးများ သက်ရောက်လာနိုင်သည်ကို သိပါလျက်နှင့် ဟေးဝုဒ်ပက်တာဆန် အပေါ် ချမှတ်ထားသည့် ပြစ်ဒဏ်စီရင်ချက်ကို ပယ်ဖျက်ပေးခဲ့ခြင်းသည် စစ်မှန်သည့် ရဲစွမ်းသတ္တိ ပင် ဖြစ်သည်။

 

တရားခွင် ၏ အရေးပါလာခဲ့ရမှု တွင် အခြား အကြောင်းတခုလည်း ရှိ နေပြန်သည်၊ စီရင်ချက် အပေါ် မခံမရပ် နိုင် ဖြစ်လာမှု သည် တဖက်စွန်း ရောက် အယူအ‌ဆ များ ကိုင်စွဲထားသူများသာ မက သာမန် လူများ အထိပါ ပျံ့နှံ့သွားခဲ့ခြင်းကြောင့် ဖြစ်သည်။ အဆိုပါ တရား စီရင်မှု ကြောင့် လူထု အကြား လှုပ်ရှားမှု အသစ် တခု ထွက်ပေါ်လာခဲ့သည်။ ယင်းမှာ လူမည်းများနှင့် လူဖြူများ စုပေါင်းကာ လူထုအခွင့်အရေး Civil Rights အတွက် အတူတကွ ချီတက်ကြသည့် လှုပ်ရှားမှုဖြစ်ပြီး ထိုကဲ့သို့သော မြင်ကွင်းမျိုးကို အမေရိကန် တွင် ကျေးကျွန်စနစ် ပယ်ဖျက်ရေးခေတ် Abolitionist days နောက်ပိုင်း တစ်ခါမျှ မတွေ့မြင်ခဲ့ရဖူးပေ။

 

ကွန်မြူနစ်များကလည်း အမှု ကို အကြောင်းပြု၍ အဖွဲ့ဝင် အသစ်များ စုဆောင်းလာခဲ့သည်။ အဖွဲ့ဝင် အရည်အတွက်သည် ၁၉၄၂ တွင် အမြင့်ဆုံးသို့ ရောက်လာခဲ့ပြီး ရူဘီ ဘိတ်စ် လည်း အဖွဲ့ဝင် ဖြစ်လာခဲ့သည်။

 

ဗဟို တရားလွှတ်တော်ချုပ် မှ နော်ရစ် နှင့် အလာဘာမား ပြည်နယ်၏ တတိယ အကြိမ် မြောက် စီရင်ချက်ကို ပယ်ချခဲ့ပြီး နောက်ပိုင်းတွင် လူမည်း များအား ဂျုရီ လူကြီး များ အဖြစ် ထည့်သွင်းလာခဲ့ကြသည်။ ဤသို့ အသွေး အရောင် ပေါင်းစုံ ဂျုရီများ ဖြစ်လာခဲ့၍ နောက်ပိုင်း လူထု အခွင့် အရေး နှင့် ဆိုင်သော အမှုများ အောင်ပွဲ ခံလာနိုင်ခဲ့သည်။

 

သို့ဖြစ်ရာ စကော့တ်ဘိုရို အမှုမှ ကြုံတွေ့ခဲ့ရသော အနိဋ္ဌာရုံ များ ထဲမှပင် အပြောင်းအလဲ၏ မျိုးစေ့များ ပေါက်ဖွားလာခဲ့လေတော့သည်။ ထိုအချိန်မှစ၍ အမေရိကန် တောင်ပိုင်းဒေသသည်လည်း ယခင်ကကဲ့သို့ မည်သည့်အခါမျှ ပြန်ဖြစ်မလာတော့ပေ။

 

*******************