ကျွန်တော် တကိုယ့် နှစ်စိတ် နှင့် သူလျို(70)

by Hla Soewai - Feb 09 2026

ကျွန်တော် သည် ထိုအကြောင်းများကို အလယ်တန်း ကျောင်းသား ဘဝက ဘွန် နှင် မန်း တို့ နှစ်ဦးကိုသာ ပြောပြခဲ့ဖူးသည်။ ကျွန်တော်တို့ ငါး အတူ ထိုင်မျှားနေစဉ် ပြောဖြစ်ခဲ့၍ ဘွန်သည် ချက်ခြင်းလိုပင် သူ့လက်ထဲက ငါးမျှားတံကို ဒေါသတကြီး ဖြင့် လွှင့်ပစ်လိုက်ပြီး "မင်းရဲ ဝမ်းကွဲ တော်တဲ့လူကို တွေ့များ တွေ့လိုကတော့ကွာ ခေါင်းက သွေးတွေ တဝက်‌လောက် ယိုထွက်လာတဲ့ အထိ ရိုက်ပစ်မယ်"ဟု ကြိမ်းဝါးတော့သည်။

 

မန်းက တော့ ဘွန်လို မဟုတ်၊ ထိုအရွယ်ကပင် သူသည် တည်တည်ငြိမ်ငြိမ် နှင့် အရာရာကို ဝေဖန်ပိုင်းခြားတတ်ရုံသာမက၊ သူ၏ သဘောထားအမြင်မှာလည်း အသက်နှင့်မမျှအောင်ပင် 'ရုပ်ဝါဒီအမြင်ဖြင့် အကျိုး အကြောင်း ဆင်ခြင်တုံတရား' ရှိနေခဲ့သည်။ ကျောင်းဆင်းချိန်တွင် သူက ကျွန်တော့်ကို ကြံရည်တိုက်ခဲ့ပြီး၊ ကျွန်တော်တို့နှစ်ယောက် လမ်းဘေး ပလက်ဖောင်းအနားတွင် ထိုင်လျက် ပလတ်စတစ်အိတ်လေး ကို လက်ကကိုင်ပြီး အထဲရှိ ကြံရည်ကို ပိုက်ဖြင့် စုပ်သောက်နေခဲ့ကြသည်။

 

တကယ်တော့ ဒီစာအိတ်အနီဟာ မှားယွင်းနေသမျှ တွေ အားလုံးရဲ့ သင်္ကေတပဲလို့ သူက ပြောသည်။ အဲဒါဟာ သွေးရဲ့အရောင်ပဲ၊ မင်းရဲ့ သွေးသားဇစ်မြစ်ကြောင့် သူတို့က မင်းကို သီးသန့်ခွဲထုတ်လိုက်တာ။ အနီရောင်ဟာ ကံကောင်းခြင်းနဲ့ လာဘ်လာဘရဲ့ အရောင်လို့လည်း ဆိုကြတယ်။ အဲဒါတွေက ရှေးဆန်တဲ့ ယုံကြည်မှုတွေပဲ။ 

 

ငါတို့ အောင်မြင်တာ ဒါမှမဟုတ် ကျရှုံးတာဟာ ကံတရားကြောင့် မဟုတ်ဘူး။ ငါတို့ အောင်မြင်တာဟာ လောကကြီး ဘယ်လိုလည်ပတ်နေသလဲ၊ ငါတို့ ဘာလုပ်ရမလဲဆိုတာကို နားလည်လို့ပဲ။ ငါတို့ ကျရှုံးတာဟာ တခြားလူတွေက ဒါကို ငါတို့ထက် ပိုနားလည်သွားလို့ပဲ။ 

 

မင်းရဲ့ ဝမ်းကွဲမောင်နှမတွေလိုပေါ့၊ သူတို့က အခွင့်အရေးယူတတ်ကြတယ်၊ ဘာကိုမှလည်း မေးခွန်းမထုတ်ကြဘူး။ သူတို့အတွက် အဆင်ပြေနေသရွေ့ အဲဒီအရာတွေကိုပဲ သူတို့က ထောက်ခံနေကြဦးမှာ။ ဒါပေမဲ့ မင်းကတော့ အဲဒီအရာတွေရဲ့အောက်မှာ ဖုံးကွယ်နေတဲ့ အလိမ်အညာတွေကို မြင်နိုင်တယ်၊ ဘာလို့လဲဆိုတော့ မင်းက အဲဒီထဲမှာ ဘယ်တုန်းကမှ ပါဝင်ခွင့်မရခဲ့လို့ပဲ။ မင်းမြင်ရတဲ့ အနီရောင်ဟာ သူတို့မြင်ရတဲ့ အရောင်နဲ့ ကွဲပြားတယ်။ အနီရောင်ဟာ ကံကောင်းခြင်း မဟုတ်ဘူး။ အနီရောင်ဟာ လာဘ်လာဘ မဟုတ်ဘူး။ အနီရောင်ဟာ တော်လှန်ရေးပဲ။

 

ရုတ်တရက်ဆိုသလို ကျွန်တော်ကိုယ်တိုင်လည်း အနီရောင်ကို မြင်လိုက်ရသည်။ ထိုတုန်ခါနေသော အမြင်အာရုံထဲတွင် လောကကြီးသည် အဓိပ္ပာယ်ရှိလာခဲ့သည်။ အရောင်တစ်မျိုးတည်းမှာတင် အဓိပ္ပာယ်တွေ ဘယ်လောက်တောင် အလွှာလိုက် ရှိနေသလဲဆိုတာရယ်၊ ထိုအရောင်ရဲ့ အစွမ်းသတ္တိဟာ ပြင်းထန်လွန်းလို့ အနည်းငယ်မျှသာ အသုံးပြုသင့်တယ်ဆိုတာကိုပါ ကျွန်တော် နားလည်သွားသည်။ အကယ်၍ တစ်စုံတစ်ယောက်က အနီရောင်နှင့် ရေးထားသည်ကို မြင်လိုက်ရပြီဆိုလျှင် ရှေ့မှာ ဒုက္ခတွေ၊အပြောင်းအလဲတွေ ရှိနေပြီဆိုတာကို သိလိုက်ရုံပင် ဖြစ်သည်။

 

သို့ဖြစ်၍ အဒေါ် ဖြစ်သူထံ ရေးသောစာထဲတွင် လျှို့ဝှက်အစီရင်ခံစာများ ကို ကုဒ်နံပါတ်ဖြင့် ပြောင်းရေးနိုင်ဖို့ အသုံးပြုသည့် သင်္ကေတများက ကျွန်တော့်ကို စိတ်အနှောင့်အယှက် ဖြစ်စေခဲ့လျှင်ပင် စိုးရိမ်ထိတ်လန့်စရာကောင်းလောက်သည့် အရောင်အသွေးမျိုး မပါဝင်ခဲ့ပေ။ ရစ်ချက်ဟက်ဒ် ၏ အထူးချီးမွမ်းခံရသော “အာရှကွန်မြူနစ်ဝါဒနှင့် အရှေ့တိုင်းသားတို့၏ ဖျက်ဆီးရေးပုံစံ” ဟူသည့် စာအုပ်ထဲမှ ထင်ရှားသော နမူနာတစ်ခုမှာ ဤသို့ဖြစ်သည် -

 

“ဗီယက်နမ် လယ်သမားတစ်ဦးသည် လေကြောင်းအင်အားသုံး တိုက်ခိုက်ခြင်းကို ကန့်ကွက်မည်မဟုတ်ပေ။ အကြောင်းမှာ သူသည် နိုင်ငံရေးနှင့် ကင်းကွာသူဖြစ်ပြီး မိမိနှင့် မိမိ မိသားစု ဝမ်းရေးကိုသာ စိတ်ဝင်စားသူဖြစ်သောကြောင့်တည်း။ သူ နေထိုင်ရာ ကျေးရွာကို ဗုံးကြဲခြင်းက သူ့အား စိတ်အနှောင့်အယှက် ဖြစ်စေမည်မှာ မှန်သော်လည်း၊ ထိုသို့ ဗုံးကြဲခြင်းမှ သူ့အား အကာအကွယ်မပေးနိုင်သော ကွန်မြူနစ်ဝါဒဘက်မှ ရပ်တည်ခြင်းသည် မှားယွင်းသောလမ်းစဉ် ဖြစ်သည်ဟု ယူဆလာအောင် လေကြောင်းအင်အားက နောက်ဆုံးတွင်၎င်းအား စည်းရုံးသိမ်းသွင်းနိုင်စွမ်း ရှိလာမည်။ (စာမျက်နှာ ၁၂၆)

 

ထိုသို့သော အတွေးအမြင် မျိုးကို တွေ့လာရ၍ ကျွန်တော်သည် ဒါရိုက်တာကြီး ကမ်းလှမ်းလာသည်ကို ရန်သူ၏ ဝါဒဖြန့်ချီနေမှု အား ဖျက်ဆီးပစ်နိုင်မည့် အလုပ်မျိုးဟု ကျွန်တော် သတ်မှတ်ပြီး လက်ခံလိုက်သည်ဟု ပါ စာထဲတွင် အစီရင်ခံလိုက်သည်။ ဗိုလ်ချုပ်ကြီး၏ တပ်ဦး တွင် ပါနေသည့် အရာရှိများ၏ အမည်များကိုလည်း လျို့ဝှက် သင်္ကေတ များ သုံး၍ ထည့်ရေးခဲ့သည်၊ အကယ်၍ ကျွန်တော့်စာကို မန်း၏ ‌အဒေါ်အပြင် တခြား တစုံတယောက် ဖတ်မိသွားမည်စိုးသောကြောင့် ဖြစ်သည်။

 

လော့စ်အိန်ဂျလိစ်က ကျွန်တော် ‌ နေထိုင်‌ နေရသည့် အကြောင်းများကို အကောင်းမြင်စိတ်အပြည့်ဖြင့် ထည့်ရေးခဲ့သည်။ အမေရိကန်အိမ်မက်ကို မမက်နိုင်သူ သို့မဟုတ် မမက်ချင်သူ၊ စိတ်ဓာတ်ကျပြီး ဒေါသထွက်နေသည့် ဒုက္ခသည်များကို ရှာဖွေစစ်ဆေးနေသည့် အမည်မသိ ဆင်ဆာသမား များက ဒုက္ခသည်များ၏စာကို ဖတ်နေနိုင်သည်ဟု ကျွန်ုပ်တွေးမိသောကြောင့် ဖြစ်သည်။ 

 

ထို့ကြောင့် ကျွန်‌ တော် သည် မိမိကိုယ်ကိုယ် ပျော်ရွှင်မှုကို ရှာဖွေပိုင်ခွင့် the pursuit of happiness အား စာဖြင့်ရေးသား အာမခံထားသော (အမေရိကန် လွတ်လပ်‌ ရေး ကြေညာစာတမ်း) ဤမြေသို့ ရောက်ရှိလာရသည့်အတွက် ဝမ်းမြောက်နေသော သာမန်ရွှေ့ပြောင်းအခြေချသူ တစ်ဦးအဖြစ်သာ သတိထားပြီး သရုပ်ဆောင်ခဲ့သည်။ သေချာစဉ်းစားကြည့်မည်ဆိုပါက 'ပျော်ရွှင်မှုကို ရှာဖွေခွင့်' ဟူသည့်အရာမှာ စာဖြင့်ရေးသားထားသည့်အတိုင်း ပျော်ရွှင်မှုကို ပေးမည်ဟု အာမခံထားခြင်း မဟုတ်ဘဲ "မင်းဘာသာမင်း ပျော်အောင် လိုက်ရှာခွင့်ပေးမယ်" လို့ ပြောခြင်းသာ ဖြစ်၍ တကယ်တမ်းမှာတော့ ကြီးကျယ်သည့် အာမခံချက် မျိုး တော့ မဟုတ်ပေ။

 

အမည်မသိ ဆင်ဆာ သမားများက ဒုက္ခသည်များ၏ ပေးစာများကို ဖတ်‌ ကောင်း ဖတ်နေနိုင်သည်။ အမေရိကန်အိမ်မက်ကို မမက်နိုင်ကြတော့၊ သို့မဟုတ်ကလည်း မမက်ချင်ကြတော့သည့် စိတ်ပျက်အားလျော့နေသူများ၊ ဒေါသထွက်နေကြသည့် ဒုက္ခသည်များကို လိုက်ရှာနိုင်သည်။ ထို့ကြောင့် ကျွန်တော်လည်း ကိုယ့်ကိုယ်ကိုယ် 'ပျော်ရွှင်မှုကို လိုက်လံရှာဖွေခွင့်'ဆိုသည်ကို စာနှင့်ပေနှင့်သာ အာမခံထားသည့် ဒီမြေကို ရောက်ရတာ ဝမ်းသာပီတိဖြစ်နေသော သာမန် ရွှေ့ပြောင်းအခြေချသူတစ်ယောက်အဖြစ် သတိထားပြီး ဟန်ဆောင်ခဲ့ရသည်။

 

တကယ်တမ်း သေသေချာချာ စဉ်းစားကြည့်ရလျင် ထို အာမခံချက်သည် သိပ်ပြီး အဖိုးတန်လှသည်‌ တော့ မဟုတ်။ 'ပျော်ရွှင်မှု' ကိုသာ အာမခံပေးမယ်ဆိုက တကယ့်ကို အဖိုးတန်သည့် ကတိပင် ဖြစ်သည်။ သို့သော် ပျော်ရွှင်မှုဆိုသည့် ထီပေါက်စဉ်ကြီးကို တိုက်ရမည့် ထီလက်မှတ်တစ်စောင် ဝယ်ခွင့်ပေးထားရုံသက်သက် သာ ဖြစ်သည်။ တစ်စုံတစ်ယောက်ကတော့ သန်းနဲ့ချီပြီး ပေါက်မှာ သေချာသော်လည်း ကျန်သည့် သန်းပေါင်းများစွာသော လူတွေကတော့ ထီဖိုး အတွက် ပေးဆပ်ကြရစမြဲ မဟုတ်ပါလား။

 

အဒေါ်လုပ်သူကို ပြောပြခဲ့တာကတော့ ‘ပျော်ရွှင်မှု’ ကို အကြောင်းပြပြီး ဗိုလ်ချုပ်ကြီး၏ နောက်ထပ်စီမံကိန်းတစ်ခုဖြစ်သည့် အခွန်ကင်းလွတ်ခွင့်ရ ပရဟိတအဖွဲ့အစည်းတစ်ခု တည်ထောင်ဖို့ ကျွန်တော် ကူညီပေးခဲ့သည့် အ‌ ကြောင်းပင် ဖြစ်သည်။ အဖွဲ့အစည်း၏ အမည်က ‘ဗီယက်နမ်သမ္မတနိုင်ငံ စစ်တပ် စစ်မှုထမ်းဟောင်းများအား ကူညီစောင့်ရှောက်ရေး ညီနောင်များအဖွဲ့’ ဖြစ်သည်။

 

အမှန်အတိုင်းဆိုက ထိုညီနောင်များအဖွဲ့သည် ယခုအခါ စစ်တပ်လည်းမရှိ၊ တိုင်းပြည်လည်းမရှိ၊ အမှတ်အသားလည်း ပျောက်ဆုံးနေရသည့် စစ်မှုထမ်းဟောင်း ထောင်ပေါင်းများစွာ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးဖို့ ဖြစ်သည်။ အတိုချုပ်ပြောရက ၎င်းတို့တွင်ရှိ နည်းပါးလှသည့် ပျော်ရွှင်မှုလေးများ ပိုတိုးလာအောင် လုပ်ဆောင်ပေးဖို့သာ ဖြစ်သည်။

 

နောက်ထပ် အမှန် တရားတစ်ခုကတော့ ထိုအဖွဲ့အစည်းသည် ဗိုလ်ချုပ်ကြီး ၏ ‘လှုပ်ရှားမှု’ အတွက် အလှူငွေတွေ ရယူနိုင်ဖို့ ဖန်တီးထား သော မျက်နှာစာ တစ်ခုသာ ဖြစ်သည်။ ထိုအလှူငွေများသည် ဗီယက်နမ်အသိုင်းအဝိုင်းဆီက အဓိက လာမည် မဟုတ်။ ဗီယက်နမ်ဒုက္ခသည် များသည် ‘အမေရိကန်အိမ်မက်’ ၏ တည်ဆောက်ထားပုံ ယန္တရားထဲ ပိတ်မိနေကြသူများသာ ဖြစ်သည်။ ထိုယန္တရားထဲတွင် သူတို့၏ တာဝန်သည်က ‘အလွန်အမင်း စိတ်မချမ်းမသာ ဖြစ်နေဖို့’ ပင်။ သို့မှသာ တခြား အမေရိကန် နိုင်ငံသားများက တွေ့မြင်သည့် အခါ သူတို့ကိုယ်သူတို့ ငါတို့တော့ ပျော်ရွှင်နေပါလားဆိုပြီး ကျေးဇူးတင်နိုင်ကြမည် မဟုတ်ပါလား။ ဒါကြောင့် ဘိုင် ပြတ်ပြီး စိတ်ဓာတ်များလည်း ရိုက်ချိုးခံထားရသည့် ဒုက္ခသည်များ ဆီက အလှူငွေရဖို့ထက် အမေရိကန်၏ မိတ်ဟောင်းဆွေဟောင်း များကို ပြန်ပြီးမြှင့်တင်ပေးချင်ကြ‌ သည့် ရက်ရောလှပါသည်ဆို သော လူပုဂ္ဂိုလ် များနှင့် ပရဟိတဖောင်ဒေးရှင်းများဆီက ရန်ပုံငွေရဖို့က ပိုအရေးကြီးသည်။

 

အောက်လွှတ်တော်အမတ် နယ်မြေ ရုံးခန်းတွင် ပြုလုပ်သော အစည်းအဝေးတခုတွင် ဗိုလ်ချုပ်နှင့် ကျွန်တော့်အား သူ၏ ပရဟိတ ဖောင်ဒေးရှင်း အကြောင်း ပြောပြခဲ့ဖူးသည်။ ထိုစဉ်က ကျွန်ုပ်တို့ကလည်း သူ့အား ညီနောင်များအဖွဲ့ ဖွဲ့စည်း ရန် ဆိုသည့်အယူအဆကို တင်ပြခဲ့ကြပြီး ကွန်ဂရက် တစ်နည်းနည်းဖြင့် ကူညီပေးနိုင်မလားဟု မေးမြန်းဖြစ်ခဲ့သည်။ သူ၏ ရုံးခန်းသည် ဟန်တင်တန်ကမ်းခြေ လမ်းဆုံ လမ်းမကြီး တခုတွင်ရှိသော နှစ်ထပ် ဈေးဆိုင်တန်း အဆောက်အအုံတစ်ခု အတွင်းမှ သာမန်ရုံးခွဲငယ်လေးတစ်ခုမျှသာဖြစ်သည်။

 

သူ ဖက်က နှိမ့်ချမှုနှင့် ပြည်သူ နှင့် နီးကပ်မှု ရှိကြောင်း ပြသသည့်အနေဖြင့် အောက်လွှတ်တော် အမတ်သည် သူ၏ ဌာနချုပ်ရုံးအား ထိုကဲ့သို့သော ဈေးဆိုင်တန်းကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ ရုံးခန်းပြတင်းပေါက်များတွင် 'CONGRESSMAN' ဟု အနီရောင်ဖြင့် ရေးသားထားပြီး သူ၏အမည်ကို အပြာရောင်ဖြင့် ဖော်ပြထားသော အဖြူရောင် မဲဆွယ်ပိုစတာများကို ကပ်ထားသည့်အပြင်၊ သူ၏ နောက်ဆုံး မဲဆွယ်စည်းရုံးရေး ဆောင်ပုဒ်ဖြစ်သည့် 'အမြဲတမ်း သစ္စာရှိသည်' ALWAYS TRUE ဆိုသည့် စာသားများကိုလည်း ကပ်ထားလေသည်။