ပန်းဝါတွင် နိုတန် ထံသို့ ကပ္ပတိန် ထရူးမန်း ဦးစီးသည့် အမှတ် (၄၀) တိုင်းရင်းသားခြေလျင်တပ်ရင်းမှ တပ်ခွဲသုံးခု လာရောက်ပူးပေါင်းခဲ့၍ စုစုပေါင်းအင်အားမှာ တစ်ထောင်ကျော်ခန့် ရှိလာသည်၊ သို့သော် ထိုအထဲတွင် စနစ်တကျလေ့ကျင့်ထားသည့် ပုံမှန် စစ်သည်အင်အား မှာ ထက်ဝက်ပင်မပြည့်ချေ။
သို့သော် နောက်ထပ်စစ်ကူများ လာနေပြီဖြစ်ကြောင်း ထရူးမန်းထံမှ သိရသဖြင့် နော်တန်သည် ရန်သူက အင်အားအဆမတန် သာလွန်နေသော်လည်း ဆက်လက်ခုခံရန် ဆုံးဖြတ်လိုက်သည်။ အကြောင်းမှာ ပန်းဝါသည် ဘင်္ဂလား နိုင်ငံ စစ်တကောင်း ဒေသအတွင်းရှိ ဗြိတိသျှ တို့ အခေါ် ရာမူး (Ramu) တွင် ရှိပြီး အိန္ဒိယနိုင်ငံထဲသို့ အဓိကဝင်ပေါက်တစ်ခု ဖြစ်နေသော ကြောင့်ပင်။
နောက်တနေ့ မေလ ၁၃ ရက်နေ့ စောစောတွင် ရန်သူ သည် တောင်ပိုင်းမှ အင်အား အလုံးအရင်း ဖြင့် ချီတက်လာပြီး မြစ်၏ တောင်ဖက်ခြမ်း တွင် စခန်းချခဲ့သည်။ နောက်တရက် ညနေ ပိုင်း အရောက်တွင် မြစ်ကို ဖြတ်ကူးရန် ကြိုးပမ်းလာခဲ့သည်။ နိုတန်သည် ခြောက် ပေါင်ဒါ အမြှောက် နှစ်လက်ကို အဆင်သင့် ပြင်ထားလိုက်သည်။ ရန်သူအား တိတိကျကျ ပစ်ခတ်နိုင်ခဲ့၍ နောက်ပြန် ဆုပ်သွားသည်။
သို့သော် နောက်တနေ့ မနက် အလင်းရောင် ဖြိုးဖျဖျ တွင် ရန်သူဖက်မှ နိုတန် တပ်ခွဲရှိရာ ဘယ်ဖက် ခြမ်း မှ အောင်မြင်စွာ ဖြတ်ကျော်လာနိုင်ခဲ့သည်။ ထို့နောက် အလျင်အမြန် ရှေ့တိုးလာပြီး မြင့်မားသော ရွှံ့မြေတံတိုင်းများ ဝန်းရံထားသည့် ရေကန်ငယ်တစ်ခုကို သိမ်းပိုက်လိုက်ကြသည်။ အိန္ဒိယတစ်လွှားတွင် 'တင့်' Tank ဟု ခေါ်ဝေါ်ကြသော ထိုကဲ့သို့သော ရေကန်မျိုးသည် မြန်မာစစ်သည်များအတွက် အကာအကွယ် ကောင်းကောင်း ရလာခဲ့သည်။
ရင်ဆိုင်လာရသည့် အန္တရာယ်သစ်ကြောင့် နိုတန် သည် သူ၏ တပ်စခန်းကို ပတ်ပတ်လည်ဝန်းရံထားသည့် သုံးပေခန့်မြင့်သော မြေကုန်းဘောင် နောက်ဘက်တွင် စစ်သည်များကို အလျင်အမြန် ပြန်လည်နေရာချထားလိုက်သည်။ နံနက် ၈ နာရီအချိန်တွင် ဗမာ တပ်များ စစ်ကြောင်းချီတက်လာပြီး နိုတန်၏ ရှေ့တန်းခံစစ်နေရာမှ ကိုက် ၃၀၀ အကွာတွင် ကတုတ်ကျင်းများ တူး၍ တပ်စွဲလိုက်ကြသည်။
နိုတန်၏ ခံစစ် ညာတောင်ပံကို မြစ်က ကာကွယ်ထားပြီး ရှေ့ဘက် ကိုက် ၆၀ ခန့်တွင် ရေကန်ကြီးတစ်ခု ရှိသည်။ ထိုရေကန်ကို ရင်တားတံတိုင်းအဖြစ် အသုံးချနိုင်သော မြေကုန်းဘောင်မြင့်ကြီးများက ဝန်းရံထားသဖြင့် နိုတန်သည် ထိုနေရာကို ကင်းစောင့်တပ်စခန်း အဖြစ် အသုံးပြုခဲ့သည်။ အဆိုပါ ကင်းတပ်စုသည် ကတုတ်ကျင်းများဖြင့် တပ်စွဲထားသော မြန်မာတပ်များကို ထိုနေ့တစ်နေ့လုံးနှင့် နောက်တစ်နေ့ညအထိ ပစ်ခတ်တိုက်ခိုက်ခဲ့သော်လည်း ထိရောက်မှု မရှိ ဖြစ်နေသည်။
ထိုအတောအတွင်း နိုတန် သည် နောက်ဘက်ရှိ တတိယမြောက် ရေကန်ကြီးအနားတွင် ဒေသခံတပ်ဖွဲ့ဝင်များ နှင့် မဂ်အရန်တပ်ဖွဲ့ တို့ကို အင်အားအလုံးအရင်းဖြင့် ချထားလိုက်ပြီး ခံစစ်ကို ပိုမို ခိုင်မာအောင် ပြုလုပ်ခဲ့သည်။ အမြဲတမ်းတပ်မဟုတ်သော အဆိုပါတပ်ဖွဲ့များဖက်မှ တပ်ပြေးများ မရှိခဲ့လျှင် ခံစစ်ကို အခက်အခဲမရှိ ဆက်လက်ထိန်းထားနိုင်လိမ့်မည်ဟုလည်း နိုတန်က ကောင်းစွာ ယုံကြည်နေပုံရသည်။
ဤသို့ဖြင့် နာမည်ကျော် ပန်းဝါတိုက်ပွဲကြီး (Battle of Ramu) စတင်လာခဲ့တော့သည်။
မေလ ၁၆ ရက် နံနက်တွင် သူသည် ထူးခြားသော အခြေအနေတစ်ခု ကို သတိပြုမိခဲ့သည်။ မြန်မာတပ်များသည် ညတွင်းချင်းပင် သူ၏ ဘေးတောင်ပံဘက်၌ အခိုင်အမာ နေရာယူ ကျင်းတူး ထားကြသည့်အပြင်၊ ရှေ့မျက်နှာစာရှိ တပ်ဖွဲ့များ သည် လည်း သိသိသာသာ ရှေ့တိုးချဉ်းကပ်လာနေသည်။
ထိုအချိန်တွင် မြန်မာတို့၏ လှုပ်ရှားမှုသည် အခြား ထူးခြားသော အပြောင်းအလဲ မရှိခဲ့ပေ။ အကြောင်းမှာ နောက်ထပ် ၂၄ နာရီကြာ ဖြစ်ပွားခဲ့သော ဟိုတစ်စ ဒီတစ်စ ပစ်ခတ်မှုများကြောင့် နှစ်ဖက်စလုံးတွင် အကျအဆုံး နည်းပါးခဲ့သောကြောင့် ဖြစ်သည်။ သို့သော် ၁၇ ရက်နေ့ မိုးသောက်ချိန်တွင်မူ မြန်မာတပ်များသည် ၎င်းတို့၏ ကရင်ချောင်း (ကျင်း) များကို ရေကန်အနီးရှိ အပြင်ဘက် ကာကင်းစခန်းနှင့် ခြေလှမ်း ၁၂ လှမ်း အကွာအထိ ရောက်အောင် တိုးချဲ့တူးလာခဲ့ကြပြီး၊ မဂ် (ရခိုင်များ) နှင့် ဒေသခံ တိုင်းရင်းသားတပ်များ တပ်စွဲထားသော နောက်ဘက်ရေကန်နှင့်လည်း အလွန်နီးကပ်သော အကွာအဝေးအထိ ရှေ့တိုးရောက်ရှိလာခဲ့ကြသည်။
ဗမာ တပ်သားများသည် ၎င်းတို့၏ နက်ရှိုင်းလှသော ကျင်းများအတွင်း အကာအကွယ်ယူရာ၌ အလွန်ပင် ကျွမ်းကျင်လိမ္မာလှသဖြင့် နိုတန်၏ တပ်ဖွဲ့ဝင်များဘက်မှ အဆက်မပြတ် ပြင်းပြင်းထန်ထန် ပစ်ခတ်နေသော်လည်း ထိရောက်မှု အနည်းငယ်မျှသာ ရှိခဲ့သည်။ ထို့ပြင် နိုတန်သည် အင်အားချင်း အဆမတန် ကွာခြားနေသည့်အတွက် (အထူးသဖြင့် စိတ်မချရသော တပ်ဖွဲ့ဝင်များကို အသုံးပြု၍) လှံစွပ်တပ်ပြီး ထိုးစစ်ဆင်ရန် ကြိုးပမ်းခြင်းသည် မိမိကိုယ်မိမိ သေကြောင်းကြံစည်ရာ ရောက်ပေလိမ့်မည်ဟု တွက်ဆမိသည်။ ယခုပင် ဒေသခံ တပ်များ နှင့် မဂ် တပ်များဖက်မှ အရာရှိ သုံးလေးဦးခန့် ဒဏ်ရာ ရသွား၍ အထိတ်တလန့် နှင့် အမိန့်မနာခံလိုသော လက္ခဏာများ တွေ့လာနေရသည်။
နိုတန်သည် ဆုတ်ခွာရကောင်းမလားဟု အလေးအနက် စဉ်းစားနေသော်လည်း ကက်ပတိန် ဘရန်ဒမ် ဦးဆောင်သော အမှတ် (၂၃) ဒေသခံ တိုင်းရင်းသား တပ်စုသည် မေလ ၁၃ ရက်တွင် စစ်တကောင်းမှ ထွက်ခွာလာနေပြီး ၁၇ ရက်နေ့တွင် ရောက်ဖို့ ရှိနေ၍ မဆုတ်ဟု ခေါင်းမာစွာ ဆုံးဖြတ်လိုက်သည်။
ဤသည်ကပင် လွန်စွာ ကြီးမားသော အမှားတစ်ခုကို ပြုလုပ်လိုက်ခြင်းပင် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် စစ်တကောင်း နယ်စပ်ဘက်မှ ချီတက်လာနေသော စစ်ကူတပ်ဖွဲ့များရှိရာဘက်သို့ ဗျူဟာမြောက် ဆုတ်ခွာသင့်သောကြောင့်ဖြစ်သည်။ ထိုနေရာတွင် ဆက်လက် တောင့်ခံရန် ဆုံးဖြတ်ခြင်းအားဖြင့် နိုတန်သည် မိမိ၏ အရာရှိအချို့၊ မိမိ၏ စစ်သည်အမြောက်အမြားနှင့် မိမိကိုယ်ကိုပါ ကယ်တင်နိုင်မည့် တစ်ခုတည်းသော အခွင့်အရေးကို လက်လွှတ်ဆုံးရှုံးသွားခဲ့ရသည်။
ထိုအချိန်တွင် ဗမာတို့ဖက်မှ အမြှောက်များ ဖြင့် မရပ်မနား ပစ်ခတ်လာပြီ ဖြစ်သည်။ အင်အား အလုံအရင်း နှင့် ဆက်တိုက် ထိုးစစ် ဆင်လာမည်ကို စိုးရိမ်လာကြသည့် အတွက် ခံစစ်အနေအထားဖြင့် နောက်ဘက်ရှိ ရေကန်ကို ထိန်းချုပ်ထားသော မဂ် (ရခိုင်) တပ်ဖွဲ့ဝင်များနှင့် ပြည်နယ်တပ်ဖွဲ့ဝင်များသည် နံနက် ၉ နာရီခန့်တွင် ရုတ်တရက် စွန့်ခွာကာ ဘေးကင်းရာသို့ အမြန်ဆုံး ထွက်ပြေးကုန်ကြသည်။
ဗမာ တို့ကလည်း ၎င်းနေရာကို ချက်ချင်းပင် သိမ်းပိုက်လိုက်သည့်အတွက် နိုတန် ၏ ခံစစ်သည် နောက်ပိုင်းတွင် အကာအကွယ်မဲ့သွားတော့သည်။ ထိတ်လန့်မှုများ ပျံ့နှံ့လာသည်နှင့်အမျှ မဂ်တပ်ဖွဲ့ဝင်များ ပိုမိုထွက်ပြေးကြလေသည်။ ရာနှင့်ချီသော ထွက်ပြေးနေသည့် လူအုပ်ကြီးထဲသို့ ဆင်ဦးစီးများကလည်း ၎င်းတို့၏ ဆင်များကို မောင်းနှင်ကာ ထိတ်လန့်တကြား ပူးပေါင်းပါဝင်ခဲ့ကြသည်။ ဒဏ်ရာရရှိထားသော ဒုဗိုလ် စကော့ ကိုမူ ဘေးကင်းစေရန်အတွက် အဆိုပါ ဆင်တစ်ကောင်၏ ကျောပေါ်တွင် ချည်နှောင် ပေးခဲ့သည်။
နိုတန် ၏ ခံစစ်အနေအထားမှာ ဆက်လက် ခုခံထားနိုင်စွမ်း မရှိတော့သည်မှာ သိသာထင်ရှားလာသည်။ ရန်သူ့ဝိုင်းရံခြင်းကို အနီးကပ် ခံထားရသည့်အပြင် ပြင်းထန်သော ပစ်ခတ်မှုများကြောင့် အင်အား ၄၀၀ မျှသာ ကျန်ရှိတော့သည်။ ထိုစစ်သည်များသည်လည်း မေလ ၁၃ ရက်နေ့ကတည်းက လက်နက်စွဲကိုင်ကာ အဆက်မပြတ် တိုက်ပွဲဝင်ခဲ့ရသဖြင့် အားအင်ကုန်ခမ်း နွမ်းလျနေကြပြီ ဖြစ်သည်။
ထို့ကြောင့် နိုတန် သည် စိတ်မကောင်းခြင်း ကြီးစွာဖြင့်ပင် ဆုတ်ခွာရန် အမိန့်ပေးခဲ့ရသော်လည်း အချိန်နှောင်းသွားခဲ့ပြီ ဖြစ်သည်။ 'ကင်းစောင့်တပ်ဖွဲ့များ ပြန်လည်ဆုတ်ခွာရန်အတွက် ခရာကို အကြိမ်ကြိမ် မှုတ်၍ အချက်ပေးခဲ့ရသည်' ဟု အသက်ဘေးမှ လွတ်မြောက်လာသော အရာရှိတစ်ဦးက သူ၏ အစီရင်ခံစာတွင် ယခုလို မှတ်တမ်းတင်ခဲ့သည်။
"သို့သော် ထိုအချိန်တွင် အဆက်မပြတ် ပြင်းထန်စွာ ပစ်ခတ်နေကြသဖြင့် အမိန့်ပေးသံကို မကြားရဘဲ ရှိနေခဲ့သည်။ အချိန်ဆွဲရန် မဖြစ်နိုင်တော့သဖြင့် စစ်ကြောင်းမှာ စတင်ဆုတ်ခွာခဲ့ရသည်။ ကင်းထောက်စစ်ကြောင်းမှ အရာရှိသည် စစ်ကြောင်း၏ နောက်ပြန်ဆုတ်ခွာမှုကို စစ်ကြောင်း တော်တော်ဝေးဝေး ရောက်သွားမှသာ မတော်တဆ သတိပြုမိခဲ့သည်။ ထို့နောက် ကင်းထောက်တပ်ကို ချက်ချင်းရုပ်သိမ်းကာ မိခင်တပ်မကြီးနှင့် သွားရောက်ပူးပေါင်းခဲ့သည်။ အခြေအနေအရ ၆-ပေါင်ဒါ အမြောက်နှစ်လက်ကို စွန့်ပစ်ခဲ့ရပြီးနောက် တပ်မကြီးသည် စစ်ကြောင်း အတိုင်း ပုံစံတကျဖြင့် နာရီဝက်ခန့် ခရီးဆက်ခဲ့သည်။ ထိုသို့သွားစဉ် အရပ်မျက်နှာအနှံ့မှ အလုံးအရင်းနှင့် တိုးဝင်လာသော ရန်သူ တပ် များကို အကွဲကွဲ အပြားပြား ပြန်လည်ခုခံ ပစ်ခတ်ခဲ့ရသည်။
ရန်သူ့မြင်းတပ်များ ရောက်ရှိလာပြီး ကျွန်ုပ်တို့၏ နောက်တန်းကို ဝင်ရောက်စီးနင်းကာ စစ်ဗာရီ အမြောက်အမြားကို အပိုင်း ပိုင်းဖြတ်သတ်ဖြတ်သောအခါတွင် မူ စစ်ကြောင်းမှာ အရှိန်မြှင့်၍ ဆုတ်ခွာခဲ့ရသည်။ အရာရှိများက တပ်စီစဉ် မပျက်စေရန်နှင့် လေးထောင့်ပုံစံ တပ်ဖျက် ပြုလုပ်ရန် အစွမ်းကုန် စုပေါင်းအားထုတ်ခဲ့ကြသော်လည်း မအောင်မြင်ခဲ့ပေ။ မကြာမီတွင် တပ်ရင်းနှင့် တပ်ခွဲတစ်ခုစီသည် အချင်းချင်း ရောထွေးကုန်ပြီး အမိန့်နာခံမှုနှင့် စည်းကမ်းစနစ်အားလုံး ပျက်ပြားသွားခဲ့ရတော့သည်။
အရာရှိများက စနစ်တကျ ပြန်ဖြစ်ရန် အစွမ်းကုန် ကြိုးပမ်းအားထုတ်ခဲ့ကြသော်လည်း၊ မြစ်ကမ်းဘေးသို့ ရောက်ရှိလာချိန်တွင်မူ လူစုကွဲသွားကြတော့သည်။ ဘင်္ဂလား စစ်ဗာရီ များသည် ၎င်းတို့၏ လက်နက်များ၊ စစ်အသုံးအဆောင်ပစ္စည်းများနှင့် အဝတ်အစားများကို ကမန်းကတန်း ချွတ်ပစ်ခဲ့ကြပြီး၊ မြစ်အတွင်းသို့ ခုန်ဆင်းကာ တစ်ဖက်ကမ်းသို့ အသည်းအသန် ကူးခတ် ထွက်ပြေး ကုန်ကြ တော့သည်" ဟု မှတ်တမ်း ရေးသားထားခဲ့သည်။
နိုတန် သည် နောက်ချန်တပ်ကို ကွပ်ကဲနေပြီး ၎င်း၏တပ်ဖွဲ့မှာ ဗမာတို့၏ အလုံးအရင်းနှင့် ဖိတိုက်လာမှုအား သေနတ်၊ ဓား၊ ပစ္စတိုတို့ဖြင့် ခုခံတိုက်ခိုက်နေခဲ့သည်။ နော်တန်သည် သေနတ်မှန်၍ လဲကျသွားရာတွင် ဗမာ မြင်းတပ်က ချက်ချင်းပင် ဓားဖြင့် ခုတ်သတ်လိုက်လေသည်။ နော်တန်၏နေရာတွင် နောက်ချန်တပ်ကို ဆက်လက်ကွပ်ကဲရသည့် ထရူးမန်း သည်လည်း မြင်းတပ်၏ တိုက်ခိုက်မှုအောက်သို့ ရောက်ရှိသွားပြီး မြင်းပေါ်မှ ဆင်းလာသော မြန်မာစစ်သည်များ၏ ခုတ်ထစ်သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။ ကက်ပတိန် ပရင်ဂယ် နှင့် အလံကိုင်အရာရှိ ဘဲနက် တို့မှာ မြစ်ကို ဖြတ်ကူးရန် ကြိုးပမ်းစဉ် ကျဆုံးခဲ့ကြသည်။ ထို့အပြင် လက်ထောက်ဗိုလ် ဂရစ်ဂ် နှင့် လက်ထောက်ဆရာဝန် မေးစမိုး တို့လည်း ကျဆုံးခဲ့သည်။ စုစုပေါင်း လူအင်အား ၃၀၀ ခန့် အသက်ဆုံးရှုံးခဲ့ပြီး ဘင်္ဂလား စစ်ဗာရီ တပ်သားများ အဓိကပါဝင်သော လူ ၂၃၀ ခန့်မှာ သုံ့ပန်းအဖြစ် ဖမ်းဆီးခြင်း ခံခဲ့ရသည်။
ဤသို့ဖြင့် တောင်ပိုင်းဒေသရှိ ဗြိတိသျှတို့၏ ရှေ့တန်းခံစစ်ကြောင်းမှာ ပျက်စီးသွားခဲ့ရသည်။ စစ်ပွဲ၏အစသည် ဗြိတိသျှတို့အတွက် လုံးဝ အခြေအနေမကောင်းခဲ့ပေ။
ဗမာတို့က ဗြိတိသျှတပ်ဖွဲ့များကို အပြတ်အသတ် အနိုင်ယူလိုက်သည်ဟူသော သတင်းကြောင့် စစ်တကောင်း၊ ဒါကာနှင့် ကာလကတ္တား မြို့ကြီးများတွင်ပါ စိုးရိမ်တကြီး ဖြစ်ရာမှသည် ထိတ်လန့်တကြား အုန်းအုန်းကျွက်ကျွက် ဖြစ်ကုန်ကြသည်။
ဗမာတပ် များသည် ဆူန္ဒရဗန် တောအုပ်ကို ဖြတ်ကျော်ကာ ကာလကတ္တားမြို့အထိပင် ချီတက်လာနိုင်သည်ဟု လူအများက ထင်မြင်ယူဆခဲ့ကြသည်။ အချို့သော အိန္ဒိယကုန်သည်များသည် ၎င်းတို့၏ မိသားစုများနှင့်အတူ အမြောက်များ အကာအကွယ် ရနိုင်သည့် ဝီလျံခံတပ်သို့ပင် ပြောင်းရွှေ့ခိုလှုံခဲ့ကြသည်။