ထိုကဲ့သို့သော ကန့်သတ်ချက်များနှင့် ဝိရောဓိများ ရှိနေသော်ငြားလည်း၊ စုပေါင်းခေါင်းဆောင်မှု မူဝါဒကို တည်ထောင်ရန်၊ ပါတီအတွင်း နိုင်ငံရေး ကျင့်ဝတ်စံနှုန်းများ သတ်မှတ်ရန်နှင့် အငြိမ်းစားယူရမည့် အသက်အရွယ်နှင့် တာဝန်ထမ်းဆောင်ရမည့် သက်တမ်းကန့်သတ်ချက်များအပေါ် တရားဝင်စည်းမျဉ်းများ ချမှတ်ရန် တိန့်ရှောင်ဖိန်၏ တိုက်တွန်းချက်သည် ရှေးရိုးစွဲဝါဒီများနှင့် လွတ်လပ်သော အမြင်ရှိသူများ အကြား ထောက်ခံမှု ရရှိခဲ့သည်။ မော် ၏ ကိုယ်မင်းကိုယ်ချင်း အုပ်ချုပ်မှု ဒဏ်ကို ကျောကော့အောင် ခံထားခဲ့ရသူများ ဖြစ်၍လည်း ၎င်းတို့ အားလုံးသည် ပါတီကို အဖွဲ့အစည်းတစ်ခုအဖြစ် လုပ်ငန်းလည်ပတ်ဆောင်ရွက်ရာတွင် ပိုမိုတည်ငြိမ်မှုရှိစေရန်နှင့် ကြိုတင်ခန့်မှန်းတွက်ဆ နိုင်မှု ရှိစေရန်အတွက် ပြုပြင်ပြောင်းလဲမှုများကို အကောင်အထည်ဖော်ရန် လိုအပ်သည် ဟု ခံယူထားမှု တွင် တသဘောတည်း ရှိနေကြခြင်းလည်း ဖြစ်သည်။
ထိုသို့ စုပေါင်းခေါင်းဆောင်မှု၊ အုပ်ချုပ်သူ များ လုံခြုံမှု ရှိရေး၊ အသက်အရွယ် နှင့် သက်တမ်း အပေါ် ကန့်သတ်ထားရန် ဆိုသည် တို့ အပေါ် ပါတီတွင်း တသဘောတည်း ရှိခဲ့သည့် အကျိုးကြောင့် မော် ခေတ် အလွန် CCP ခေါင်းဆောင်ပိုင်းသည် ပါတီအား ပုံစံတကျ ဖြစ်စေရန် သမိုင်းတွင် မည့် မူ များ အလျင်အမြန် ချမှတ်လာနိုင်ခဲ့သည်။ ထိုသို့ ချမှတ်နိုင်ခဲ့သော်လည်း တိန့်ရှောင်ဖိန် နှင့် တော်လှန်ရေး သမား ဟောင်းကြီးများ က လိုက်နာခြင်း မရှိခဲ့သည့် အတွက် ထင်တိုင်း မပေါက် ဖြစ်လာခဲ့သည်။
အဓိက ကျသည့် အပိုဒ်များကိုလည်း မရေမရာ လုပ်ထားခြင်းကြောင့် ထိတ်ပိုင်း ခေါင်းဆောင်များ အနေနှင့် ၎င်းတို့ သင့်တော်သလို ဆုံးဖြတ်နိုင်ခဲ့ကြသည်။ ပါတီ နှင့် အစိုးရ အား ခွဲခြားထားနိုင်မည့် ပြုပြင် ပြောင်းလဲရေး ကို တိန့်ရှောင်ဖိန် ကိုယ်တိုင် ၁၉၈၆ အကုန်ပိုင်း တွင် ခွင့်ပြုခဲ့သော်လည်း အစမှာပင် ပြိုလဲသွားခဲ့ရသည်။ အဘယ်ကြောင့်ဆိုသော် တကယ်တမ်း လုပ်ဖို့ ဖြစ်လာသည့် အခါ ပါတီ၏ အာဏာ ချိနဲ့သွားပြီး အပြန်အလှန် ထိန်းညှိကွပ်ကဲလာမည့် အရေး ကို မြင်လာ၍ ၎င်းကိုယ်တိုင် ပြန်၍ ခါးခါးသီးသီး ဆန့်ကျင်လာခဲ့သည်။
တကယ်တမ်း လုပ်ဖြစ်သွားခဲ့သည်က အပေါ်ယံ အုပ်ချုပ်ရေး ပိုင်းလောက်သာ ဖြစ်သည်။ အာဏာရှင် စနစ်ကို ပြဋ္ဌာန်းပေးထားသော ပါတီမှ အစိုးရ ယန္တရား တခုလုံးကို အုပ်စီးထားရေး ဆိုသည်ကို တို့၍ ထိ ၍ မရ ဖြစ်လာသည်။
၁၉၈၀ ပြည့်လွန်နှစ်များအတွင်း ပြုလုပ်ခဲ့သော 'ပါတီနှင့် နိုင်ငံတော် တစ်သားတည်းဖြစ်သည့် စနစ်' ၏ အဖွဲ့အစည်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများသည်၊ အကြွင်းမဲ့ အာဏာရှင်စနစ် မှသည် စုပေါင်း အာဏာရှင်စနစ် သို့ ကူးပြောင်းသွားမည့်အစား၊ အကြွင်းမဲ့ အာဏာရှင်အစိုးရတစ်ရပ်၏ အနှစ်သာရ များကိုသာ ဆက်လက် ခိုင်မာစေရေး တွင်သာ အောင်မြင်သွားခဲ့သည်။
ပါတီသည် အရေးကြီးဆုံး မူ များ နှင့် စံနှုန်းများကို ၁၉၈၀ ဖေဖေါ်ဝါရီ လတွင် "ပါတီတွင်း ဘဝ နိုင်ငံရေး လမ်းညွှန် အခြေခံ မူများ" ဆိုကာ ချမှတ်ပြဋ္ဌာန်းလာခဲ့သည်။ ပါတီအား သစ္စာရှိစွာ ရိုကျိုးရမည် ဆိုသည့်အပြင် စုပေါင်း ခေါင်းဆောင်မှု ကို အလေးပေးပြီး စိတ်ထဲ ပေါ်လာသည့် အတိုင်း ဆုံးဖြတ်ချက် ချမှု အားလည်း ရှုတ်ချထားသည်။ ဤသည်ကပင် မော်အား မသိမသာ ရည်ညွန်းခဲ့ခြင်း ဖြစ်သည်။
အရေးပါသည့် ဆုံးဖြတ်ချက် မှန်သမျှ တဦးတယောက် တည်းက မဟုတ်ဘဲ အဆင့်အသီးသီး ရှိ ပါတီကော်မတီများ ဆွေးနွေးပြီး အတည်ပြုပေးရမည်ဟုလည်း ပါရှိသည်။ တိန့်ရှောင်ဖိန်သည် သူကိုယ်တိုင်ချမှတ်ခဲ့သော စည်းမျဉ်း ပြဋ္ဌာန်းချက်ကို သူကိုယ်တိုင်ပင် လိုက်နာမှုမရှိခဲ့ပေ။ ထို့ပြင် ပုဂ္ဂိုလ်ရေး ကိုးကွယ်မှု ဟု ယူဆရသည့် ဆောင်ရွက်ချက်များ၊ အခမ်းအနားများကိုလည်း ပြတ်သားစွာ ပိတ်ပင်ထားခဲ့သည်။
မူဝါဒ ရေးရာ ကြေညာစာတမ်းတွင် ပါတီ အနေဖြင့် ကွဲပြားသော အမြင်များကို မှန်ကန်စွာ ချဉ်းကပ် ကျင့်သုံးရမည် ဆိုသော ပါတီတွင်း ဒီမိုကရေစီ ထွန်းကားရေး ကို အားပေးခဲ့သည်။ ပါတီဝင်များ၏ အမှားများကို ပုံကြီးချဲ့ ပြောဆိုခြင်း၊ မမှန်မကန် လုပ်ကြံ၍ ဖိနှိပ်ခြင်းမျိုး မလုပ်ရဟု ပွင့်ပွင့်လင်းလင်း ပင် ရေးသား တားမြစ်ထားသည်။ ပါတီဝင်များသည် ပါတီ မူဝါဒ များကို ဆွေးနွေး ပိုင်ခွင့် ရှိသည်၊ သို့သော်လည်း ပါတီ အစည်းအဝေး များ နှင့် ပါတီမှ ထုတ်ဝေသော စာစောင်များ တွင်သာ ဖြစ်ရမည်ဟု ဆိုသည်။ မိမိတို့ ကိုယ်တိုင်သော်၎င်း၊ အခြားသူများ သော်၎င်း စည်းမျဉ်း စည်းကမ်းအရ အရေးယူခံရသည့် အခါ အထက်ပါတီ အဖွဲ့အစည်းသို့ အယူခံ တင်သွင်း ပိုင်ခွင့် ရှိသည်ဟုလည်း ပါရှိသည်။
၁၉၈၀ ကျော် နှစ်များ အစောပိုင်း တွင် လက်တွေ့ကျကျ နှင့် အရေးပါဆုံး ပြုပြင် ပြောင်းလဲ နိုင်ခဲ့သည်ကား ပါတီ နှင့် အစိုးရ အရာရှိများ အတွက် မဖြစ်မနေ လိုက်နာရမည့် အသက် ကန့်သတ်ချက်၊ ထိပ်ပိုင်း အစိုးရရာထူး များ အတွက် တာဝန်ထမ်းဆောင်ရမည့် သက်တမ်း ကန့်သတ်ချက် တို့ ဖြစ်သည်။
ဤနေရာတွင် ပါတီ အတွက် အရေးတကြီး ဆောင်ရွက်စရာ ရှိလာသည်က အသက်ရ လာ နေပြီ ဖြစ်သော စစ်ပြန် တော်လှန်ရေး သမား ၂.၅ သန်းအား လက်ရှိ ခေါင်းဆောင်ပိုင်း ရာထူးများမှ ထွက်ပေးပြီး လူငယ် ပညာတတ်များကို နေရာပေးကြဖို့ ဖျောင်းဖျနိုင်ရန်ပင် ဖြစ်သည်။ ထိုသို့ အသက် နှင့် သက်တမ်း ကန့်သတ်ချက်များ ချမှတ် နိုင်ခဲ့ခြင်းကြောင့် အောက်ခြေတွင် ရာထူးအရ တက်လမ်းရှိဖို့ ခန့်မှန်းလာနိုင်ပြီး ရည်မှန်းချက် ကြီးသော လူငယ် ခေါင်းဆောင်ပိုင်း သည်လည်း သစ္စာရှိရှိ ဆောင်ရွက်လာကြသည်။
ပါတီ၏ ၁၉၈၂ ဖေဖေါ်ဝါရီလ ဆုံးဖြတ်ချက် တွင် ဝန်ကြီးများ၊ ပြည်နယ် အဆင့် ပါတီ အကြီးအကဲများ၊ အုပ်ချုပ်ရေးမှုးများ၊ တရားသူကြီးများ၊ အစိုးရ ရှေ့နေများ အား အသက် ၆၅ နှစ် အရောက်တွင် အနားယူရမည်၊ ၎င်းတို့၏ လက်ထောက်များကမူ အသက် ၆၀ တွင် အနားယူရန် ပြဋ္ဌာန်းလာခဲ့သည်။ ညွှန်ကြားရေးမှုး ချုပ် အဆင့်ရှိသူများလည်း အလားတူပင် ဖြစ်သည်။ သမ္မတ နှင့် ဝန်ကြီးချုပ် အားလည်း သက်တမ်း နှစ်ကြိမ်သာ တာဝန် ထမ်းဆောင်ရန် သတ်မှတ်ပေးလာခဲ့သည်။
၁၉၈၀ ပြည့်လွန်နှစ်များ အစောပိုင်းတွင် ပြုလုပ်ခဲ့သော အဖွဲ့အစည်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများသည် တရုတ်ကွန်မြူနစ်ပါတီနှင့် အစိုးရယန္တရားအတွင်းရှိ နိုင်ငံရေးဘဝကို ပိုမိုညင်သာလာစေရန်နှင့် စိတ်အလိုလိုက် လုပ်ဆောင်မှုများ လျော့နည်းလာစေရန်အတွက် အပြုသဘောဆောင်သည့် ခြေလှမ်းသစ်တစ်ခု ဖြစ်ခဲ့သော်လည်း ၎င်းတို့တွင် ကြီးမားသော ကန့်သတ်ချက်များ ရှိနေခဲ့သည်။
အထူးသဖြင့် အနားယူရမည့် အသက် နှင့် ထမ်းဆောင်ရမည့် သက်တမ်း ကန့်သတ်ချက်များ တွင် တိန့်ရှောင်ဖိန် နှင့် ၎င်း၏ လုပ်ဖေါ် ကိုင်ဖက်များက ထိပ်ဆုံးရှိ ခေါင်းဆောင်ပိုင်းကို တမင်တကာ ချန်လှပ်ထားခဲ့သည်။ ဆိုလိုသည်က ထိုကဲ့သို့ ကန့်သတ်မှု များသည် ဗဟိုကော်မတီ အဖွဲ့ဝင်များ၊ ပေါ်လစ်ဗျူရို၊ ဗဟို စစ်ကော်မရှင် ဥက္ကဌ တို့ နှင့် အကျုံးမဝင် ဖြစ်နေသည်။ ထိုကဲ့သို့ ချွင်းချန် ထားခဲ့မှု များ ကြောင့် ဆိုးရွားသော အကျိုး ဆက်များ နက်ရှိုင်းစွာ ထွက်ပေါ်လာသည်ကို နောက်ပိုင်း တွင် တွေ့လာရမည် ဖြစ်သည်။
မဖြစ်မနေ အနားယူရမည် ဆိုသော အသက် ကန့်သတ်ချက်တွင် လည်း ဂယ်ပေါက်တခု ဖွင့်ပေးထားသည်ကို ထူးထူးခြားခြား တွေ့လာရသည်။ ယင်းသည် အကယ်၍ အဆိုပါ ပုဂ္ဂိုလ် အား လိုအပ်သည် ဆိုက ထိုကန့်သတ်မှု ကို ပယ်ဖျက်ပေးနိုင်သည် ဆိုသော အချက်ပင် ဖြစ်သည်။