ကြေမွ သွားခဲ့ရသော တရုတ်ပြည်၏ အိမ်မက်များ(12)

by Hla Soewai - Mar 02 2026

ပြီး ပြည့်စုံသော နိုင်ငံရေး ပြုပြင် ပြောင်းလဲမှု ဖြစ်ပေါ်ရန် ကြိုးပမ်းမှု - ၁၉၈၆-၈၇

 

အာဏာရှင်စနစ်၏ အဖွဲ့အစည်းဆိုင်ရာ အခြေခံအုတ်မြစ်များကို ဖြိုဖျက်ပြီး စစ်မှန်သော နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ ဖော်ဆောင်ရန်အတွက် ကွန်မြူနစ်ပါတီတွင် အခွင့်အသာဆုံး အချိန်တိုလေးတစ်ခု ရှိခဲ့ဖူးသည်။ ယင်းမှာ ၁၉၈၆-၈၇ ခုနှစ်များအတွင်း တိန့်ရှောင်ဖိန် ၏ ထောက်ခံမှုဖြင့် ကျောက်ကျီယန် (ပုံ တွင် တွေ့ရသူ) ကြိုးပမ်းခဲ့သည့် ကာလပင် ဖြစ်သည်။

 

၁၉၈၆ ခုနှစ် နွေရာသီတွင် ခေါင်းဆောင်ကြီး တိန့်ရှောင်ဖိန် သည် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုကို မမျှော်လင့်ဘဲ အစီအစဉ်တစ်ရပ်အနေဖြင့် ချမှတ်ခဲ့သည်။ အဓိကအကြောင်းရင်းမှာ မြို့ပြဒေသများရှိ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များ နှေးကွေးနေမှုကို ၎င်းကိုယ်တိုင် စိတ်ပျက်နေခြင်းကြောင့် ဖြစ်သည်။ ဤသို့ နှေးကွေးရခြင်းမှာ ပါတီက လွှမ်းမိုးထားသော၊ စွမ်းဆောင်ရည် မရှိသည့် အုပ်ချုပ်ရေးယန္တရား၏ အဟန့်အတားများကြောင့်ဖြစ်သည်ဟု ယူဆခဲ့ပြီး၊ ၎င်း၏ သုံးသပ်ချက်ကို ကျောက်ကျိယန်ကလည်း ထောက်ခံခဲ့သည်။

 

၁၉၈၆ ဇွန်လ အတွင်း တွင် တိန့်ရှောင်ဖိန်သည် ဗဟိုကော်မတီ ထိပ်ပိုင်း ခေါင်းဆောင်များကို ယခုလို ပြောခဲ့သည်။ "၁၉၈၀ ပြည့်နှစ် အစောပိုင်းကာလများက နိုင်ငံရေးစနစ်ကို ပြုပြင်ပြောင်းလဲရန် ကျွန်တော်တို့ဖက်က အကောင်အထည် ဖော်ဆောင်ရွက်ရန် ခိုင်မာပြီး လက်တွေ့ကျသော လုပ်ဆောင်ချက်တစ်စုံတစ်ရာကိုမျှ ချမှတ်နိုင်ခြင်း မရှိခဲ့ဟု ပြောဆိုမှု တွေ ရှိခဲ့ပါတယ်။ အခု နိုင်ငံရေး ပြုပြင် ပြောင်းလဲမှု တွေကို အစီအစဉ် တကျ လုပ်ဆောင်ဖို့ အချိန်ရောက်ပါပြီ၊ ဒါကလည်း ရေရှည် တည်တံ့မယ့် စီးပွားရေး တိုးတက်မှု ‌တွေ အတွက် မရှိမဖြစ် လိုအပ်တဲ့ အခြေအနေ တွေ ဖန်တီးပေးနိုင်ဖို့ပဲ ဖြစ်ပါတယ်။ အဲ့လိုမှ မလုပ်ရင် စီးပွားရေး ပြုပြင်ပြောင်းလဲမှု တွေနဲ့စီးပွားရေး တိုးတက်မှုနှုန်း တွေ နှေးကွေး ဆုတ်ယုတ်သွားမှာ ဖြစ်ပါတယ်။"

 

သို့သော်လည်း တိန့်ရှောင်ဖိန်၏ "နိုင်ငံရေး စနစ် ပြုပြင်ပြောင်းလဲရေး" အတွက် အဓိပ္ပါယ် ဖွင့်ဆိုချက် နှင့် ရည်မှန်းချက်များသည် ကျောက်ကျိယန် နှင့် အခြေခံအားဖြင့် ကွာခြား နေသည်။ တိန့်ရှောင်ဖိန်၏ နိုင်ငံရေး စနစ် ပြုပြင်ပြောင်းလဲရေး ဆိုသည်မှာ နိုင်ငံရေး ပိုင်းတွင် အစစ်အမှန် ခေတ်မီ တိုးတက်လာ‌ ရေး၊ ဒီမိုကက‌ ရေစီ ဖြစ်ထွန်းလာ‌ ရေး တို့ အတွက် မဟုတ်ဘဲ စီမံခန့်ခွဲမှု ပုံစံ ‌ထက် မပိုသော ပြောင်းလဲခြင်းမျိုးသာ ဖြစ်သည်ဟု ကျောက်ကျိယန်က ထောက်ပြခဲ့သည်။ ထိုသို့ ပြောင်းလဲရန် လုပ်လာခြင်းမှာလည်း CCP ၏ တပါတီ အာဏာရှင်စနစ်ကို ခိုင်မာသည်ထက် ခိုင်မာလာစေရန် သာဖြစ်ပြီး ထိုအရေးကို ထိပါးစေမည့် မည်သို့သော ပြုပြင်ပြောင်းလဲမှု မျိုး ကို မဆို ပြတ်ပြတ်သားသား ဆန့်ကျင်ခဲ့သည်။

 

ကျောက်ကျိယန်ကမူ ၎င်းနှင့် ဆန့်ကျင်ဖက် ဖြစ်သည်။ ၎င်းက နိုင်ငံရေး စနစ်ကို ပြုပြင်ပြောင်းလဲရေး၏ အန္တိမ ရည်မှန်းချက်သည် ပါတီမှ အာဏာကို လုံးဝဥဿုံ လက်ဝါးကြီး အုပ်ထားမှု ကို ပြောင်းလဲပြီး CCP အား ဒီမိုကရေစီ နည်းလမ်းတကျ ဖြင့် တာဝန်ခံယူမှု စနစ်ရှိသည့် အာဏာရ ပါတီ တခု အဖြစ် ဆက်လက်ရပ်တည်သွားမှ ဖြစ်မည်ဟု ယုံကြည်ခဲ့သည်။ (ဟူယောင်ပန်းသည်လည်း လူသိရှင်ကြား ထုတ်မပြောသော်လည်း ၎င်းကဲ့သို့ အမြင်မျိုး ရှိသည်ဟု ယူဆထားသည်။)

 

ကျောက်ကျိယန် မျှော်မှန်းထားသည့် နိုင်ငံရေး စနစ်သည် ဒီမိုကရေစီ အပြည့်အဝ ဖြစ်ထွန်းရေး နှင့် မနီးစပ်သော်လည်း တိန်ရှောင်ဖိန် ထက် စာလျင် ပို၍ ပြည့်စုံပြီး ပြတ်သားသည်ဟု ဆိုရမည် ဖြစ်သည်။

 

တိန့်ရှောင်ဖိန်သည် ထိုသို့ နိုင်ငံရေးအရ ပြုပြင် ပြောင်းလဲရန် ကိစ္စ နှင့် ပတ်သက်ပြီး ၁၉၈၀ အတွင်း ပြောကြားခဲ့သည် အထင်ကရ မိန့်ခွန်း တွင် ပါရှိခဲ့သည်များ မှ နောက်ပြန် ဆုပ်သွားခဲ့ခြင်း ဖြစ်သည်ဟု ဆိုရမည် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ပြုပြင်ပြောင်းလဲရေးကို "ပါတီနှင့် အစိုးရအကြား လုပ်ပိုင်ခွင့်များ ခွဲခြားသတ်မှတ်ခြင်း၊ အာဏာကို ဗဟိုမှ ခွဲဝေပေးခြင်း၊ အုပ်ချုပ်ရေးယန္တရားကို ကျစ်လျစ်အောင် လုပ်ဆောင်ခြင်းနှင့် လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်ခြင်း" ဆိုသည့် ကျဉ်းမြောင်းသော ဘောင်အတွင်း၌သာ ကန့်သတ်ထားခဲ့သောကြောင့် ဖြစ်သည်။

 

ဟူ ယောင်ပန်း ကို အယုံအကြည် မဲ့လာ သော တိန့်ရှောင်ဖိန်သည် ၁၉၈၆ နွေရာသီ အရောက်တွင် ဘက်စုံ နိုင်ငံရေးစနစ် ပြုပြင်ပြောင်းလဲရေး အစီအစဉ်များ ကို ရေးဆွဲရန် ကျောက်ကျိယန်ကို တာဝန်ပေးလာခဲ့သည်။ စက်တင်ဘာလတွင် ကျောက်ကျိယန်သည် ၎င်းကိုယ်တိုင် ဥက္ကဌ အဖြစ် ဦးဆောင်မည့် "နိုင်ငံရေး စနစ် ပြုပြင် ပြောင်းလဲရေး ဗဟိုလေ့လာရေး အုပ်စု ငယ်" တခုကို ဖွဲ့စည်းလာခဲ့သည်။

 

ထို့နောက်တွင် ထိတ်တန်း လက်ထောက်တဦး ဖြစ်သူ ပေါင်းထုံ အား ထို အဖွဲ့ငယ်လေးအား ပံ့ပိုးပေးနိုင်ရန် အထူးရုံး တရုံးအား ဦးဆောင်ဖွဲ့စည်း စေခဲ့သည်။ ပေါင်းထုံသည်လည်း ထိုရုံးကို လစ်ဘရယ် ပညာတတ်များဖြင့် အားဖြည့်လာခဲ့သည်။

 

ပေါင်းထုံ နှင့် အဖွဲ့သည် ဆယ့်နှစ်လ လုံးလုံး တိန့်ရှောင်ဖိန်လည်း လက်ခံနိုင်မည့်၊ ကျောက်ကျိယန် ရည်ရွယ်ထားသည့် သင့်တင့်လျောက်ပတ်သော ပြုပြင်ပြောင်းလဲခြင်းမျိုးလည်း ဖြစ်စေရမည့် ဘက်စုံ ပါဝင်သော ပြုပြင်ပြောင်းလဲမှု မူကြမ်းကို လျို့ဝှက်စွာ ရေးဆွဲခဲ့ကြသည်။ ထိုမူကြမ်းတွင် ပါတီ-နိုင်ငံတော် စနစ်ကို တိုတလီတေးရီးယန်းနစ်ဇင် ခေါ်- အလုံးစုံချုပ်ကိုင်သောစနစ် မှ နိုင်ငံရေးအာဏာကို တစ်စုတစ်ဖွဲ့ကသာ ချုပ်ကိုင်ထားသော်လည်း လူမှုစီးပွားနယ်ပယ်အချို့တွင် အတိုင်းအတာတစ်ခုအထိ လွတ်လပ်ခွင့်ပေးထားသော အော်သော်ရီတေးရီးယန်းနစ်ဇင် ခေါ် - အာဏာရှင်စနစ် သို့ ကူးပြောင်းရာတွင် အထောက်အကူပြုမည့် ပြုပြင်ပြောင်းလဲရေးများ ပါဝင်လာသည်။

 

တိန့် ရှောင်ဖိန်က ကန့်သတ်ချက်များ ချမှတ်ထားခဲ့သော်လည်း၊ ကျောက်ကျိယန် သည် တိန့်ရှောင်ဖိန် ချမှတ်ထားသည့် ဦးစားပေးလုပ်ငန်းစဉ်များထက် ကျော်လွန်ကာ ထိရှလွယ်သည့် ကိစ္စရပ်အမြောက်အမြားကို ရှာဖွေဖော်ထုတ် နေသည့် ပေါင်းထုန် ၏ အဖွဲ့ကို ထောက်ခံအားပေးခဲ့သည်။ အထူးသဖြင့် "ပါတီနှင့် အစိုးရကို သီးခြားစီ ခွဲထုတ်ရေး" ဆိုသည့် ကိစ္စရပ်မျိုးတွင် ဖြစ်သည်။

 

တိန့်ရှောင်ဖိန်သည် ပါတီ နှင့် အစိုးရကို သီးခြားစီ ခွဲထုတ်ရေး ဆိုသည်ကို အတိအကျ အဓိပ္ပါယ် ဖွင့်ဆို မပြောခဲ့၍ ကျောက်ကျိယန်၏ အဖွဲ့သည် လွတ်လွတ်လပ်လပ်ပင် တွေးခေါ် လုပ်ကိုင် နိုင်စွမ်း ရှိလာခဲ့သည်။ ဥပမာ အားဖြင့် "ပါတီမှ ကေဒါများကို ကြီးကြပ်ရေး" ဆိုသည်မှာ ပါတီ အနေဖြင့် ၎င်းတို့ကို ရာထူးများ ခန့်အပ်ပေးရန် မဆိုလိုဟု ယူဆခဲ့ကြသည်။ ထိုအစား အစိုးရ ဝန်ထမ်းများ ခန့်အပ်သည့် စနစ်အား အစိုးရ နှင့် ပါတီကို ခွဲထုတ်နိုင်ရေး အတွက် ပထမ ဆုံး လုပ်ရမည့် အရေး အဖြစ် သတ်မှတ်ကာ ဖြစ်နိုင်သမျှ အမြန်ဆုံး ရေးဆွဲဖို့ လိုအပ်သည်ဟု ခံယူခဲ့ကြသည်။

 

ကျောက်ကျီယန်၏ လုပ်ငန်းအဖွဲ့သည် "ပါတီနှင့် အစိုးရကို သီးခြားစီ ခွဲထုတ်ရေး" ဆိုသည့် လုပ်ပိုင်ခွင့် နယ်ပယ်ကို ယခင်ကထက် ပိုမိုကျယ်ပြန့်စွာ အဓိပ္ပာယ်ဖွင့်ဆိုခဲ့ရုံသာမက၊ ပို၍ ထိလွယ်ရှလွယ် အကဲဆတ်သော လမ်းကြောင်းများသို့ ဦးတည် လာကြသည်။ တိန့်ရှောင်ဖိန်၏ ပြုပြင်ပြောင်းလဲရေး တွင် မပါဝင်သော "ပါတီတွင်း ဒီမိုကရေစီ" သွတ်သွင်းရေး ကို ဆွေးနွေး တိုင်ပင်ခဲ့ကြသည်။

 

ထို့အပြင် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ဆိုသည့် ထိလွယ်ရှလွယ်ဆုံးသော ကိစ္စရပ်ကို နည်းလမ်းနှစ်သွယ်ဖြင့် ရှာဖွေဖော်ထုတ်ခဲ့ကြသည်။ ပထမနည်းလမ်းမှာ မတူကွဲပြားသော အကျိုးစီးပွား အုပ်စုများအကြား အပြန်အလှန် ဆွေးနွေးတိုင်ပင်နိုင်မည့် လမ်းကြောင်းများ ဖော်ဆောင်ပေးရန် ဆွေးနွေးပွဲများ ကျင်းပခြင်းဖြစ်ပြီး၊ ဒုတိယနည်းလမ်းမှာ ဒေသန္တရပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များကို ရွေးချယ်ရာတွင် အပြိုင်အဆိုင် ပါဝင်နိုင်သည့် ဒေသအဆင့် ရွေးကောက်ပွဲများ ကျင်းပနိုင်ရေးအတွက် စူးစမ်းလေ့လာခြင်း မျိုး ဖြစ်သည်။

 

၁၉၈၇ ခုနှစ် မေလနှောင်းပိုင်းတွင် ကျောက်ကျိယန် သည် "နိုင်ငံရေးစနစ် အလုံးစုံ ပြုပြင်ပြောင်းလဲမှုဆိုင်ရာ ဒီဇိုင်း" ဟု အမည်ပေးထားသည့် ပြုပြင်ပြောင်းလဲရေး မူကြမ်းကို တိန့်ရှောင်ဖိန်ထံ တင်ပြခဲ့သည်။ တိန့်ရှောင်ဖိန်သည် ၎င်းတို့ အစီအစဉ်ထဲတွင် ပါတီ၏ အာဏာ လက်ဝါးကြီးအုပ်မှုကို လျော့ပါးသွားစေနိုင်သည့် အပြန်အလှန် ထိန်းကျောင်းမှုစနစ်" (Checks and Balances) တည်ဆောက်ရေး သဘောတရား များ ပါနေသည်ကို ချက်ခြင်းလို သတိထားမိခဲ့သည်။

 

တိန့်ရှောင်ဖိန်သည် “အာဏာခွဲဝေကျင့်သုံးခြင်း” (Separation of Powers) ကို လက်မခံနိုင်ကြောင်း ထပ်လောင်း ပြောဆိုခဲ့ပြီး၊ ကျောက်ကျိယန်၏ အစီအစဉ်တွင် ထိုအသုံးအနှုန်းကို အတိအလင်း ထည့်သွင်းဖော်ပြထားခြင်း မရှိသော်လည်း “အာဏာခွဲဝေမှုအချို့ကို သွတ်သွင်းနေသည်” ဟုဆိုကာ ကျောက်ကျိယန်ကို ပြစ်တင်ဝေဖန်ခဲ့သည်။ တိန့်ရှောင်ဖိန်သည် တရုတ်နိုင်ငံ၏ စနစ်မှာ အုပ်စုစွဲ အကျိုးစီးပွားများ ၏ ကြားဖြတ်နှောင့်ယှက်မှုများကို ရင်ဆိုင်ရခြင်း မရှိသည့်အပြင်၊ ခေါင်းဆောင်များက ချမှတ်လိုက်သော ဆုံးဖြတ်ချက်များကိုလည်း ချက်ချင်း လက်တွေ့အကောင်အထည်ဖော်နိုင်သောကြောင့် သာလွန်ကောင်းမွန်ကြောင်း ထပ်လောင်း အလေးပေး ပြောဆိုခဲ့သည်။ ထို့အတွက် ဤကဲ့သို့သော သာလွန်ကောင်းမွန်သည့် အားသာချက်များကို "ဒီမိုကရေစီ လိုလားတောင့်တမှု" ဆိုသည့် ခံစားချက်သက်သက်ကို အလိုလိုက်ရုံမျှဖြင့် အဆုံးရှုံးမခံနိုင်ကြောင်း သတိပေး ပြောကြားခဲ့သည်။

 

တိန့်ရှောင်ဖိန်မှ ထိုသို့ သွယ်ဝိုက်၍ ဝေဖန်လိုက်သော်လည်း ဆိုလိုရင်း အဓိပ္ပါယ်ကို ကောင်းစွာရိပ်စားမိလိုက်၍ ကျောက်ကျိယန် အုပ်စုသည် ၎င်း ၏ ထောက်ခံမှုကို ရရှိစေရန်အတွက် စီမံကိန်း မူကြမ်းကို အပြေးအလွှား ပြန်လည်ပြင်ဆင်ခဲ့ကြရသည်။ နှစ်လ အကြာတွင် တိန် ရှောင်ဖိန်သည် ၎င်းတို့ ပြန်လည် ပြင်ဆင်လာသော အလုံးစုံ ပြုပြင်ပြောင်းလဲမှုဆိုင်ရာ ဒီဇိုင်းကို အတည်ပြုပေးခဲ့သည်။ သို့သော် ၎င်းပြောလိုသည့် စာကြောင်းကို ထည့်သွင်းရန် ညွှန်ကြားခဲ့သည်။ ဤသည်က "မိမိတို့သည် အနောက်တိုင်းက ကျင့်သုံးနေသော အာဏာကြီး သုံးရပ် ခွဲဝေရေး နှင့် ပါတီ ပေါင်းစုံ အာဏာ လှည့်ပတ်ယူနေမှု ကို မည်သည့်အခါမျှ အကောင်အထည် ဖေါ်မည် မဟုတ်" ဟူ၍ ဖြစ်သည်။

 

၁၉၈၇ စက်တင်ဘာလ တွင် ပေါ်လစ်ဗျူရို မှ ‌အချောသပ် မူကြမ်းကို "မူအားဖြင့်" အတည်ပြုခဲ့သည်။ ထိုမူကြမ်းကို တိန့်ရှောင်ဖိန်က ထောက်ခံခဲ့သည့်တိုင် ပါတီဖက်က လှိုက်လှိုက်လှဲလှဲ မရှိလှသည်ကို တွေ့လာရသည်၊ (ဤသည်ကလည်း တိန့်ရှောင်ဖိန်ဖက်က တက်တက်ကြွကြွ ထောက်ခံ ပြောဆိုခြင်း မရှိခဲ့သော ကြောင့်လည်း ဖြစ်နိုင်သည်။)

 

၁၉၈၇ အောက်တိုဘာလ လယ်တွင် ကျောက်ကျိယန်သည် ၎င်း၏ မူကြမ်းကို ဗဟို ကော်မတီတွင် ဆွေးနွေးရန် ချပြလာသည့် အခါ အဖွဲ့ဝင်အများအပြားသည် ထိုမူကြမ်း အပေါ် စိုးရိမ်ပူပန်မှုများ ရှိနေကြပြီး မတူညီသော အမြင်သဘောထားများကို ထုတ်ဖော်ပြောဆိုလာကြသည်။ ကျောက်ကျိယန်သည်လည်း ထိုသို့ သဘောထားကွဲလွဲမှုများ ရှိနေခြင်းကြောင့်၊ ၎င်း၏ စီမံကိန်း အရေးနိမ့်သွားနိုင်မည်ကို စိုးရိမ်လာသဖြင့် ဗဟိုကော်မတီ မျက်နှာစုံညီအစည်းအဝေး တွင် မဲခွဲဆုံးဖြတ်ခြင်းမပြုရန် ဆုံးဖြတ်ခဲ့သည်။ ထို့အတွက် မျက်နှာစုံညီအစည်းအဝေး၏ ထုတ်ပြန်ချက်တွင် အဆိုပါစီမံကိန်းကို 'အတည်ပြုသည်' ဟု သုံးနှုန်းမည့်အစား၊ ဗဟိုကော်မတီသည် ၎င်း၏ အလုံးစုံဒီဇိုင်း ကို 'ဆွေးနွေးခဲ့ပြီး မူအားဖြင့် သဘောတူညီခဲ့သည်' ဟုသာ ဖော်ပြခဲ့သည်။