ရုရှား လေး သည် အခန်းထဲတွင် ခေါက်တုံ့ခေါက်ပြန် လျှောက်နေသဖြင့် ခြေသံများမှာ ကြမ်းပြင်ပေါ်တွင် တဖုန်းဖုန်း မြည်နေသည်။ သူသည် လက်တစ်ဖက်ဖြင့် ခေါင်းကိုပွတ်၊ ကျန်လက်တစ်ဖက်ဖြင့် ရင်ဘတ်ကိုပွတ်ရင်း ကြမ်းပြင်ကို စိုက်ကြည့် နေကာ..
"သိလား... တစ်ခါတလေကျရင် အမေရဲ့ နှလုံးသားထဲမှာ အရမ်းကို အံ့သြဖို့ကောင်းတဲ့ ခံစားချက်မျိုး ကိန်းအောင်းနေတတ်တယ်။ အမေ ဘယ်နေရာကိုပဲသွားသွား အားလုံးဟာ ရဲဘော်ရဲဘက်တွေဖြစ်နေသလို၊ အားလုံးဟာ တောက်လောင်နေတဲ့ မီးတောက်တစ်ခုတည်းအောက်မှာ ရှိနေသလို၊ အားလုံးဟာ ပျော်ရွှင်နေပြီး အားလုံးဟာ စိတ်ကောင်းရှိနေကြသလို ခံစားရတတ်တယ်။
သူတို့ အားလုံးလည်း စကားလုံးတွေ သုံးစရာမလိုဘဲ တစ်ဦးကိုတစ်ဦး နားလည်နေကြတယ်။ ဘယ်သူကမှ တစ်ဖက်သားကို မနှောင့်ယှက်ချင်ဘူး၊ မစော်ကားချင်ကြဘူး။ အဲ့ဒီလိုလုပ်ဖို့ အ တွေး ထဲ မှာ တောင် မရှိကြဘူး။ အားလုံးဟာ တစ်သားတည်း ပေါင်းစပ်နေကြပြီး နှလုံးသားတိုင်းကလည်း ကိုယ်ပိုင်သီချင်းလေးတွေကိုယ်စီ သီဆိုနေကြတယ်။ အဲ့ဒီ သီချင်းသံလေးတွေဟာ စမ်းချောင်းလေးတွေလို စီးဆင်းလာပြီး ရေစီးကြောင်းကြီးတစ်ခုထဲ ပေါင်းစပ်သွားကြတယ်။ အဲ့ဒီကနေ တောက်ပ ပျော်ရွှင်ခြင်း ဆိုတဲ့ မြစ်မကြီးတခု အဖြစ် အင်အားကြီးမားလာပြီး လွတ်လပ်ကျယ်ပြန့်စွာ စီးဆင်းသွားကြတာပေါ့။"
ဒါတွေဟာ ဖြစ်လာလိမ့်မယ်၊ ကျွန်တော် တို့သာ အမှန်တကယ် အလိုရှိမယ်ဆိုရင် မဖြစ်ဘဲ မနေဘူးလို့ တွေးလိုက်မိတဲ့အခါ... အံ့သြတုန်လှုပ်သွားတဲ့ အမေ့ နှလုံးသားဟာ ဝမ်းသာလွန်းလို့ အရည်ပျော်ကျသွားမယ်။ ပျော်လွန်းလို့ ငိုတောင် ငိုချင်လာလိမ့်မယ်။"
ရုရှား လေး သည် မိမိကိုယ်ကိုယ် ရှာဖွေနေသကဲ့သို့ စကားကို ပြောဆိုနေ၏။ အမေသည် သူ၏စကားများကို အနှောင့်အယှက် မဖြစ်စေရန်နှင့် စကားစပြတ်မသွားစေရန် မလှုပ်မယှက်ဘဲ ငြိမ်သက်စွာ နားထောင်နေသည်။
သူသည် ရိုးရိုးရှင်းရှင်း ပြောဆိုတတ်ပြီး သူ၏ စကားလုံးများက အမေ့နှလုံးသားကို ပို၍ ပြင်းပြင်းထန်ထန် ဆွဲကိုင်နိုင်စွမ်းရှိ၍ အမေသည် သူ့စကားကို အခြားသူများထက် ပို၍ အာရုံစိုက်နားထောင်လေ့ရှိ၏။
ပါဗယ်သည်လည်း အနာဂတ်ကို မျှော်ကြည့်နေတန်ရာ၏။ ဤကဲ့သို့သော ဘဝလမ်းကို လျှောက်လှမ်းနေသူတစ်ဦးအဖို့ အခြားမည်သို့ ဖြစ်နိုင်ပါဦးမည်နည်း။ သို့သော် ပါဗယ်သည် အဝေးက အနာဂတ်ကို မျှော်ကြည့်သည့်အခါတိုင်း တစ်ဦးတည်းသာ ကြည့်တတ်ပြီး သူမြင်ရသည်များကို မည်သည့်အခါမျှ ထုတ်ဖော်မပြောခဲ့ပေ။
သို့သော် ယူကရိန်းသား လေး မှာမူ ထိုအနာဂတ်သည် သူ၏ နှလုံးသား တစိတ်တဒေသ အဖြစ် အမြဲရှိနေသည်ဟု အမေ ထင်မှတ်မိသည်။ တစ်လောကလုံးရှိ လူသားအားလုံးအတွက် ရောက်ရှိလာမည့် အနာဂတ် နေ့ထူးနေ့မြတ်ကြီး၏ သမိုင်းကြောင်းသည် သူ၏ စကားများထဲတွင် အမြဲပင် ပဲ့တင်ထပ်နေတတ်သည်။ ဤသမိုင်း ကြောင်း သည်ပင်လျှင် အမေ့အတွက် သူမသား၏ဘဝ၊ သားဖြစ်သူ၏အလုပ်နှင့် သား၏ ရဲဘော်ရဲဘက်အားလုံး၏ အဓိပ္ပာယ်ကို ရှင်းလင်းမြင်သာစေခဲ့သည်။
"အမေ နိုးလာလို့ ဘေးဘီကို ကြည့်လိုက်တဲ့အခါ..." ဟု ဆိုကာ စကားကို ဆက်မပြောသေးဘဲ ရုရှားလေးသည် ခေါင်းကို ဆတ်ခနဲလှုပ်၊ လက်နှစ်ဖက်ကို ဘေးမှာချလိုက်ရင်းက၊ "အရာရာဟာ ညစ်ပတ်ပေရေပြီး အေးစက်နေတာကိုပဲ တွေ့ရလိမ့်မယ်။ အားလုံးဟာ မောပန်းနေကြတယ်၊ ဒေါသထွက်နေကြတယ်။ လူ့ဘဝဆိုတာ လူစည်ကားတဲ့ လမ်းမကြီးပေါ်က ရွှံ့နွံတွေလိုပဲ ဗွက်ပေါက်နေပြီး ခြေထောက်တွေနဲ့ နင်းခြေတာ ခံနေရတယ်!"
သူသည် အမေ့ရှေ့မှာ ရပ်လိုက်ပြီး ဝမ်းနည်းကြေကွဲနေသည့် မျက်လုံးများနှင့် ခေါင်းကိုခါယမ်းကာ တိုးညှင်းဆွေးမြေ့စွာ ဆက်ပြောပြန်သည်။
"ဟုတ်တယ် အမေ၊ ဒါဟာ နာကျင်စရာကောင်းတယ်။ ဒါပေမဲ့ အမေလုပ်ရမှာကတော့... လူကို မယုံကြည်ဖို့ပဲ။ လူကို ကြောက်ရမယ်၊ မုန်းတောင် မုန်းရလိမ့်မယ်! လူဆိုတာ ဘဝရဲ့ ရိုက်ခတ်မှုကြောင့် နှစ်ခြမ်းကွဲနေတာ။ အမေက သူ့ကို ချစ်ပဲချစ်ချင်မှာပေါ့၊ ဒါပေမဲ့ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ လူတစ်ယောက်က အမေ့ကို သားရဲ တိရစ္ဆာန်တစ်ကောင်လို ရန်ပြုလာရင်၊ အမေ့မှာလည်း အသက်ဝိညာဉ်ရှိတယ်ဆိုတာကို အသိအမှတ်မပြုဘဲ မျက်နှာကို ခြေထောက်နဲ့ကန်လာရင်... အဲ့ဒီလူကို အမေ ဘယ်လိုခွင့်လွှတ်နိုင်မှာလဲ!
အမေ ခွင့်မလွှတ်ရဘူး။ ကိုယ့်အတွက်တင် မဟုတ်ဘူး၊ ခွင့်မလွှတ်သင့်လို့ကို မလွှတ်ရတာ။ ကျွန်တော့် တစ်ယောက်တည်းအတွက်ဆိုရင်တော့ ဘယ်လိုစော်ကားမှုမျိုးကိုမဆို ကျွန်တော် အောင့်အည်းနိုင်ပါတယ်။ ဒါပေမဲ့ အဲ့ဒီစော်ကားမှုတွေကို ကျေနပ်အားရသွားတာမျိုး အဖြစ် မခံနိုင်ဘူး။ ကျွန်တော့်ကျောပြင်ကို ကြည့်ပြီး တခြားသူတွေကို ဘယ်လိုရိုက်နှက်ရမလဲဆိုတဲ့ သင်ခန်းစာမျိုး သူတို့ ရမသွားစေချင်ဘူး!"
သူ့မျက်လုံးများတွင် အေးစက်သော အရိပ်အ ယောင်များ တွေ့လာရသည်။ သူသည် ခေါင်းကို ငုံကာ ပို၍ ပြတ်သားသော လေသံဖြင့် ဆက်ပြောသည် -
"အဆိပ်အတောက်ဖြစ်စေမယ့် ဘယ်အရာကိုမဆို ကျွန်တော် ခွင့်မလွှတ်နိုင်ဘူး။ အဲဒါက ကိုယ့်ကို တိုက်ရိုက် မထိခိုက်စေဦးတော့... ကျွန်တော်ဟာ ဒီလောကကြီးမှာ တစ်ယောက်တည်း နေထိုင်နေတာ မဟုတ်တဲ့ အတွက်ပဲ။ ဒီနေ့ ကျွန်တော့်ကို စော်ကားတာကို ခွင့်ပြုလိုက်မယ်ဆိုရင်— ဒါကလည်း အဲလို စော်ကားလာတာကို ရယ်ရယ်မောမောပဲ သဘောထားနိုင်လို့ပဲဖြစ်ဖြစ်၊ ကိုယ့်ကို ပြောပလောက်အောင် ထိခိုက်မသွားလို့ပဲ ဖြစ်ဖြစ်ပေါ့— ဒါပေမဲ့ အဲဒီ စော်ကားသူက ကျွန်တော် တုန့်ပြန်မှု ကြည့်ပြီး နောက်တစ်နေ့မှာ တခြားတစ်ယောက်ယောက်ကို သွားပြီး နှိပ်စက်ညှဉ်းပန်းဦးမှာပဲ။
အဲဒါကြောင့်ပဲ ကျွန်တော်တို့ဟာ လူတွေကို ခွဲခြားမြင်တတ်ဖို့ လိုအပ်လာတာ။ ကိုယ့်နှလုံးသားကို ခိုင်ခိုင်မာမာ ဆုပ်ကိုင်ထားရမယ်။ ပြီးတော့ လူသားတွေကို အုပ်စုခွဲရမယ်— ဒီလူတွေကတော့ ငါနဲ့တစ်သားတည်းပဲ၊ ဟိုလူတွေကတော့ ငါတို့နဲ့ မဆိုင်တဲ့ သူစိမ်းတွေပဲ ဆိုပြီးတော့ပေါ့။
အမေသည် ပုလိပ် အရာရှိ နှင့် ဆာရှင်ကာ တို့ကို မျက်စိထဲ မြင်လာရင်း သက်ပြင်းတစ်ချက်ချကာ ပြောလိုက်သည် -
"အကာမချွတ်တဲ့ အကြမ်းထည် ဂျုံမှုန့်ကနေပေါင်မုန့်ကောင်းကောင်း ဘယ် ရနိုင်ပါ့မလဲကွယ်။"
အဲ့ဒါ ပြဿနာပဲ အမေ! ဟု ရုရှားလေး က အော်ဟစ် ငြည်းတွားလိုက်သည်။
"အမေ့မှာ ကြည့်ရမယ့် မျက်လုံးနှစ်စုံ ရှိရမယ်၊ ရင်ဘတ်ထဲမှာလည်း ခုန်နေတဲ့ နှလုံးသားနှစ်ခု ရှိနေရမယ်။ တစ်ခုက အရာအားလုံးကို ချစ်မြတ်နိုးနေချိန်မှာ နောက်တစ်ခုကတော့ 'ရပ်လိုက်တော့! မင်း ဒါကို မလုပ်ရဘူး!' လို့ တားဆီး ရမယ်။"
ထိုစဉ် အမေ ၏ မျက်စိထဲတွင် ခင်ပွန်းဖြစ်သူ၏ ပုံရိပ်သည် မှောင်မှောင်မှိုင်းမှိုင်း၊ လေးလံထိုင်းမှိုင်းစွာဖြင့် ရေမှော်များ ဖုံးလွှမ်းနေသည့် ကျောက်တုံးကြီးတစ်တုံးကဲ့သို့ ပေါ်လာသည်။ ထို့နောက် သူမသည် စိတ်ကူးထဲ၌ ရုရှားလေးနှင့် နာတာရှာတို့ကို လင်မယားအဖြစ်လည်းကောင်း၊ သားဖြစ်သူကို ဆာရှန်ကာ၏ ခင်ပွန်းအဖြစ်လည်းကောင်း ပုံဖော်ကြည့်နေမိတော့သည်။
"အဲ့တာ ဘာဖြစ်လို့လဲ ဆိုတာ ကျွန်တော် ဆက်ပြောမယ်၊ အဲ့တာဟာ အင်မတန် ထင်ရှားလွန်းလို့ ရယ်စရာတောင် ကောင်းနေပါပြီ။ အကြောင်းရင်းကတော့ လူတွေဟာ တန်းတူရည်တူ အခြေအနေမှာ မရှိကြလို့ပဲ။ ဒါကြောင့် သူတို့ကို တန်းတူဖြစ်အောင် လုပ်ကြစို့၊ အားလုံးကို တစ်တန်းတည်း ထားလိုက်ကြစို့။ ဦးနှောက်နဲ့ ဖန်တီးသမျှရော၊ လက်နဲ့ လုပ်ကိုင်သမျှကိုရော အားလုံး တန်းတူခွဲဝေကြစို့။ ကြောက်ရွံ့မှု၊ မနာလိုမှုတွေနဲ့ တစ်ယောက်ကိုတစ်ယောက် ကျွန်မပြုကြစို့နဲ့။ လောဘဇောတွေ၊ မိုက်မဲမှုတွေရဲ့ အချုပ်အနှောင်အောက်မှာလည်း တစ်ယောက်ကိုတစ်ယောက် ပိတ်လှောင်မထားကြစို့နဲ့။"
ယခုဆိုလျှင် အမေနှင့် ရုရှားလေး တို့သည် ထိုကဲ့သို့သော စကားများကို တစ်ဦးနှင့်တစ်ဦး ခဏခဏ ပြောဖြစ်နေကြပြီ။ သူ့ကို စက်ရုံတွင် အလုပ်ပြန်ခန့်လိုက်သည်။ သူသည် ရသမျှ လုပ်ခအားလုံးကို အမေ့ထံ အပ်နှံရာ အမေကလည်း ပါဗဲလ်ဆီက ငွေကို လက်ခံသကဲ့သို့ပင် ဘာမှထွေထွေထူးထူး ပြောဆိုမနေဘဲ ယူထားလိုက်သည်။ တစ်ခါတစ်ရံတွင် အန်ဒရေးက အရွှန်းဖောက်လျက် ဤသို့ အကြံပြုတတ်သေးသည် -
"အမေ ..ကျွန်တော်တို့ နည်းနည်းလောက် စာအတူ ဖတ်ကြည့်ကြရအောင်လား"
အမေသည် ထိုသို့ ပြောလာတိုင်း အမြဲလို ငြင်းဆန်လေ့ ရှိသည်။ စနောက် သလိုလိုနှင့်၊ ဇွတ် အတင်း ငြင်းတတ်သည်။ ရုရှား လေး၏ မျက်လုံးများထဲမှ အရိပ်အယောင်များက သူမကို နေရခက်စေသည်။ ထို့ကြောင့် အမေက စိတ်ထဲ အနည်းငယ် အောင့်သက်သက်ဖြစ်လာပြီး — "ငါ့ကို ရယ်ချင်နေတယ်ဆိုရင် ဘာလို့ အတူတူစာဖတ်ဖို့ လာခေါ်နေသေးတာလဲ" ဟု တွေးနေမိသည်။
စာအုပ်ထဲမှ ခက်ခဲသော စကားလုံးအချို့၏ အဓိပ္ပာယ်ကို အမေက သူ့အား မကြာခဏဆိုသလို လာရောက်မေးမြန်းနေသည်ကို ရုရှားလေး သတိပြုမိလာသည်။ ထိုသို့ မေးမြန်းသည့်အခါတိုင်း အမေသည် ဘေးသို့ မျက်နှာလွှဲထားလေ့ရှိပြီး ဘာမှမထူးခြားသလို လေသံ မျိုးဖြင့်သာ မေးတတ်သည်။ အမေသည် တိတ်တဆိတ် စာသင်ယူနေခြင်းဖြစ်ကြောင်း ရိပ်မိ နားလည်သွားသည်။ အမေ့၏ ရှက်ရွံ့တတ်မှုကို သူနားလည်ပေးလိုက်ပြီးနောက် အတူတူစာဖတ်ရန် အဖော်စပ်တာမျိုး မလုပ်တော့။
မကြာမီမှာပင် အမေက သူ့အား ဤသို့ပြောလာသည် -"အန်ဒရူးရှာ... အမေ့မျက်စိတွေက သိပ်မကြည်တော့ဘူး။ မျက်မှန်လိုနေပြီထင်တယ်"
"ကောင်းပြီလေ။ ရှေ့အပတ် တနင်္ဂနွေကျရင် မြို့ထဲက ကျွန်တော့်သူငယ်ချင်း ဆရာဝန်ဆီ လိုက်ပို့ပေးမယ်။ အမေ့အတွက် မျက်မှန်ရစေရပါမယ်!"